" မိုးသောက် လိုက်မပို့ဘူးလား "
ဒီအပတ်ပိတ်ရက်တွင်တော့ မိုးသောက်၏မိဘတို့ပြန်သွားကြလေပြီ ။ပိတ်ရက်ဆိုတော့ ကြည်သာတစ်ယောက် ခြံထဲတွင် ကုလားထိုင်လေးလုပ်နေချိန် မိုးသောက် ရောက်ချလာသည် ။ ကောင်ငယ်လေးမှာ သူ့ဘေးတွင်ထိုင်ချ၍ ဝါးတစ်ပြားပေးကာ ဖြေသည် ။
" မပို့တော့ဘူး ၊ အစ်မခင်ထားလည်းပြန်လိုက်သွားတယ်လေ "
သူ့ညီမအဖော်ရသွားတာပေါ့ဟူ၍ ကြည်သာ စိတ်သက်သာရာရသွားသည်။
" မင်းကော ပြန်မလည်ချင်ဘူးလား "
" ကျွန်တော်က အစ်ကိုနဲ့ပဲနေချင်တာ "
ကြည်သာက ပြုံးလေ၏ ။ သူက ရုပ်လုံးမပေါ်သေးသည့်ကုလားထိုင်ကိုဆက်လုပ်နေရင်းမှ ပြောသည် ။
" ကြာလေ ပိုချွဲလေပဲ "
" ဒီထက်ချွဲချင်တာ ၊ အစ်ကိုတောင် အချွဲခံရလွန်းလို့ ရေညှိတက်သွားနိုင်တယ် "
" မင်းကတော့ တကယ်မနိုင်ဘူးပဲ "
" ကျွန်တော် ထမင်းမစားရသေးဘူး ၊ အစ်ကိုနဲ့စားချင်လို့သူတို့အသွားကိုစောင့်နေတာ "
ကြည်သာက မိုးသောက်ကိုကြည့်လာ၏ ။ သူက ပြောသည် ။
" အမ် ! အစ်ကိုက စားပြီးသွားပြီ ၊ ခဏနေဦး ခြေလက်ဆေးလိုက်ဦးမယ် အများကြီးမဝင်တော့လည်း နည်းနည်းတော့ထပ်စားပေးမယ်လေ "
စိတ်ကောက်သွားမည်စိုး၍ ကြည်သာ စကားကိုချက်ခြင်းထိန်း၍ ထရပ်လိုက်သည် ။ မိုးသောက်က သူ့ကို မချိုမချဉ်ဖြင့်မျက်စောင်းထိုးကာ
" မဆာရင်လည်းမစားပါနဲ့ပြည့်အင့်နေဦးမယ် ၊ ဘေးမှာထိုင်နေလည်းရတာကို "
" ရပါတယ် ၊ ကိုယ်က တစ်ခါစားသုံးကန်လောက်ဆိုတော့ မနက်က နှစ်ပန်းကန်လောက်ပဲစားထားတာ ဝင်သေးတယ် "
မိုးသောက်က ရယ်သည် ။
" ကောင်းပြီလေ ၊ အိမ်မှာ ပဲငါးပိတော့ချက်ထားတယ် ။ အစ်ကို့ကိုပုန်းရည်ကြီးသုပ်ကျွေးမယ် "
ကြည်သာ ခြေလက်ဆေးပြီးတော့ သူမရောက်တာကြာပြီဖြစ်သည့် တစ်ဖက်အိမ်သို့ ရောက်သွားတော့သည် ။