နွေပူပူ ၊ လေထူထူနှင့်တန်ခူးလဟာ တံလျှပ်ခိုးတို့ဝေလျက်ရှိသည် ။ ကြည်သာ နဖူးက ချွေးစက်တွေကို လက်ဖြင့်သုတ်၍ ရေတစ်ခွက်သောက်လိုက်သည် ။
" ဝယ်လိုက်လည်းရတာကို "
ရေသန့်ဘူးကို ဘေးတွင်ချ၍ မိုးသောက်က ပြောသည် ။ သူက ချွေးစီးနေသောမျက်နှာကို ဖွဖွလေးသန့်ရှင်းပေးလေ၏ ။
" ပိုက်ဆံဘယ်လောက်မှမပေးရတာကို ၊ အခုကြည့် ! အလုပ်ပြန်လာကတည်းက မနားရသေးဘူးမဟုတ်လား "
သစ်သားအပိုင်းအစတွေကိုကြည့်ကာ ကြည့်ကာဖြင့်ထပ်ဆိုသည်။
" ပြီးတော့မှာပါကွာ ! ဘေးနားမှာထိုင်ပေး ဟုတ်လား ၊ အမောပြေတာပေါ့"
ဆက်ပြောမည့်စကားတို့ ရပ်တန့်သွားရပါသည် ။ ကျေနပ်ဟန်ဖြင့် မိုးသောက် ပြီတီတီဖြစ်သွားရကာ
" အွန် ! မျက်နှာကြီးပဲကြည့်မနေနဲ့နော် ၊ လက်ကိုတူနဲ့ထုမိဦးမယ် "
သူက နောက်ပြောင်လိုက်သေးသည် ။ ကြည်သာက သဘောတကျရယ်သည် ။ သူက ဆို၏ ။
" သင်္ကြန်ရောက်တော့မယ် ။ မိုးသောက် လျှောက်လည်မှာလား "
" အစ်ကိုနဲ့အတူလည်မှာလေ ၊ အာ ! သင်္ကြန်မှာ မေမေတို့လာမယ်တဲ့"
အခုမှသတိရသွား၍ မိုးသောက်ရင်ထိတ်သွားရပြန်သည် ။
" ဟုတ်လား ! ဘယ်နေ့လဲ "
" သင်္ကြန်မတိုင်ခင်ပေါ့ ၊ ရက်အတိအကျတော့မသိဘူး "
" ကိုယ့်အမေလည်း လာမယ်ပြောတယ် ၊ တင်ဝေတို့ကောပဲ ။ ရွှေကြည်တို့ပါ လာလည်ကြမှာ ။ "
မိုးသောက်က ပြုံးသည် ။
" ပျော်စရာကြီးနေမှာ ၊ အစ်ကိုတို့မိသားစုက တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြတာပဲနော် "
ကြည်သာ မချိပြုံးဖြင့် ပြန်ပြောသည် ။
" အင်း ! ဒါပေမဲ့ မိုးသောက်ကို အချစ်ဆုံးဟုတ်လား "
" အပိုတွေပါဗျာ "
" ဒါဆို မိုးသောက်က ကိုယ့်ကိုအချစ်ဆုံး ဟုတ်လား "
" အွန် ! အဲ့ဒါတော့မှန်တယ် ဟဲဟဲ "
ကြည်သာက သစ်သားတွေကို ဖြတ်ညှပ်၍ အံဆွဲပါသည့်စားပွဲခုံလေးကို ဆက်လုပ်သည် ။ ဘေးနားမှလူမှာ လိုအပ်သည်များကို ဝိုင်းကူပေးရင်း နှစ်ယောက်သား ချွေးတစီစီဖြစ်နေတော့သည် ။ အိမ်ရောက်ချိန်ဟာ ညနေမို့ စားပွဲခုံမပြီးခင်မှာပင် မိုးချူပ်လာ၏ ။