လင်းကြက်မတွန်ခင် ၊ အရုဏ်ကျင်းအလင်းမရောက်ခင်တွင် သဲကုန်းဆိပ်မှ သင်္ဘောတစ်စင်းသည် စက်သံပေး၍ ထွက်ခွာသွားခဲ့သည် ။
ကြည်သာ မျက်လုံးစုံမှိတ်၍ ကုက္ကိုပင်၌ ကျောမှီလိုက်၏ ။နီရဲနေလေသည့်မျက်ဝန်းမှ မျက်ရည်ပူတချို့က ချော်ရည်များကဲ့သို့ တသွင်သွင်ပင် စီးကျလာသည် ။
ဘယ်တော့မှမခွဲဘူးဟုဆိုသည့် ကောင်လေးကတော့ သူ့ထက်ကို အသည်းမာလွန်း၏ ။
ကြည်သာ အိမ်မပြန်တော့ဘဲ လှေပေါ်တက်၍ လယ်ထဲသို့သာလှော်ခတ်ခဲ့သည် ။
ကြည်သာတို့အိမ်တွင်တော့
" ဟုတ်လို့လား ! သူတို့ဟာသူတို့စကားပြောကြတာပဲနေမှာပေါ့ "
" အောင်ဝင်း ! ကိုယ့်ဘာသာသွားကစားနေစမ်း ။ လူကြီးစကားဝိုင်းနားမလာနဲ့ "
အောင်ဝင်းက သက်ထားကိုမကျေမနပ်ကြည့်လျက် အိမ်ပေါ်မှဆင်းသွားသည် ။ ဒေါ်ပိန်သေးမှာ ဆေးပြင်းလိပ်ကိုလက်ကြားထဲညှပ်ပြီး အပြင်ဘက်သို့ ငေးကြည့်နေမိသည် ။ သူ့ဘေးတွင် ကြည်မင်းကလည်း တွေတွေကြီးဖြစ်လို့နေ၏ ။
" အခု ရွာထဲမှာ တစ်ယောက်စကားတစ်ယောက်ကြားပြီး ပြန့်နေပြီ "
အမျိုးတော်စပ်သူ ဒေါ်ပိန်သေးညီမဝမ်းကွဲက လာပြောပြသည် ။
" ကြည်သာကော ပြန်မလာဘူးလား "
" ကိုကြီး ညကတည်းကပြန်မလာတာ "
သက်ထားဖြေတော့ မမိုး မျက်နှာရိပ်ပြောင်းသွားကာ
" ဪ ! ဒါဆိုလည်း အဒေါ်ပြန်လိုက်ဦးမယ် "
မမိုးထွက်သွားလေမှ ဒေါ်ပိန်သေး လက်ထဲက မီးသေနေလေသည့် ဆေးပြင်းလိပ်ကို အောက်ချ၏ ။
" အမေ "
" မနက်က ကိုမြသာပြောလို့ ငါအားလုံးသိပြီးပြီ "
မျက်နှာသစ်ပြီးတာနှင့်မုန့်ဟင်းခါးသွားစားတတ်သည့် ကိုမြသာမှာ စောစီးစွာပင် သတင်းကြားခဲ့သည် ။ ထို့အပြင် ကိုတင်ညွန့်နှင့်လည်း
တွေ့ခဲ့ပြီး၍ အကြောင်းစုံကို သိခဲ့ရသည် ။" အဖေကဘာပြောလို့လဲ "
" သတင်းတွေက အမှန်ပဲ "