လူတွေစုံကြလျှင် သူတို့တွေ ရန်ကုန်တိရိစ္ဆာန်ဥယျာဥ်သို့ ဆက်လက်ထွက်ခွာလာခဲ့ကြသည်။ကားမှန်ပြတင်းမှပြင်ပလူနေမှု၏ သရုပ်သကန်ရန်ကုန်မြင်ကွင်းဟာ ကြည်သာတို့အဖို့အဆန်းတကြယ်ပင်။သူက တစ်လမ်းလုံး မျက်တောင်မခတ်စတမ်းမြို့ပြမြင်ကွင်းကို ရှုမြင်ခဲ့သည်။
"တိုက်တွေက အမြင့်ကြီးပဲ ။ ပြိုကျရင်အသေပဲနေမယ် "
မနေနိုင်လွန်းစွာ မိုးသောက်ကို သူလှည့်ပြောလိုက်၏။သူမျက်စိထဲ အထပ်မြင့်တွေများစွာဖြင့်ဆောက်လုပ်ထားသော မိုးမျှော်တိုက်ကြီးတွေဟာ အတွေးကမ္ဘာထဲဝယ် မနေရဲစရာပင်။မြင့်မားလွန်းလှပုံက ခြေပင်မချရဲအောင်ဖြစ်နေသည်။မတော်တဆများ ပြုတ်ကျလျှင်ဖြင့် အရိုးတခြားအသားတခြားပဲ။
"မပြိုကျအောင် ခိုင်ခိုင်ခံ့ခံ့ဆောက်ထားပါတယ် အစ်ကိုကြည်သာရယ် ။"
"ဆောက်တာကဆောက်ထားတာပါပဲကွာ ! မင့်ကြည့်စမ်းပါဦး ! ဒါတွေပေါ်က မတော်တဆပြုတ်ရင် အသက်က လေထဲမှာတင် သံသရာလည်သွားလောက်တယ်။ ငါတော့ ဒီလိုတိုက်တွေမှာမနေရဲပေါင် "
ထန်းပင် ၊ အုန်းပင်ကို ကြိုးမပါဘဲ တလှစ်လှစ်တက်တတ်သည့် ကြည်သာ၏ စကားကို မင်းမောင်က ကြားသွားသည်။သူက အနောက်ဖက်သို့ ခေါင်းလေးပြူထွက်လာကာ ပြောသည်။
"ထန်းပင်ပေါ်ကပြုတ်မှာကျ မင်းမကြောက်ဘူးပေါ့ "
"ထန်းပင်က ငယ်ငယ်လေးကတည်းကတက်လာတာလေကွာ"
ကားက ဆိုက်ရပ်သွားသည်။
"ရောက်ပြီထင်တယ် ! မယ်မြ ထ ထ "
နွယ်နီက သူ့ပုခုံးပေါ်ခေါင်းတင်၍ အိပ်ပျော်နေသော်အဖော်အားလှုပ်နှိုးသည်။
ကြည်သာတို့မှာအောက်ရောက်နှင့်လေပြီ။
"ရန်ကုန်တိရိစ္ဆာန်ဥယျာဥ်"
မင်းမောင်က ဝင်ပေါက်ရှိတံခါးဝအပေါ်၌ ရေးထွင်းထားသော စတန်းကို တစ်လုံးချင်းအသံထွက်၍ဖတ်၏။
"ဝင်ကြေးပေးရတယ် ဟ "
မင်းမောင်က ဝင်ကြေးကောက်နေသည့်ဘက်သို့ကြည့်၍ဆိုသည်။