" ဒီည လမသာဘူးနော် "
စကားပြောသံတိုးတိုးက ရေစီးသွားသည့်အလျဉ်နှင့်စပ်ယှက်သွားရကာ ကြည်သာ့နားထဲ ညင်ညင်သာသာ ။ သူက စကားပြောသူလေးကို ရင်ခွင်ထဲ ဖက်သိမ်းထားလျက် ပြန်လွှတ်ပေးချင်စိတ်တို့မရှိ ။ အပိုင်သိမ်းပြီး တစ်နေရာသို့ သူထွက်ပြေးချင်နေသည် ။
" အစ်ကို ဘာလို့တိတ်နေတာလဲ "
ဒီလိုမေးပုံထောက်လျှင် မိုးသောက် ဘာကိုမျှမသိသေးသည့်ပုံပင် ။ ကြည်သာ သက်ပြင်းချ၍ နဖူးပေါ်က ဆံစအချို့ကို ဖယ်ရှားပေးရင်း
" ဘာမှမဖြစ်ပါဘူး "
ဟုပြန်ဖြေလိုက်၏ ။
" အစ်ကို့မျက်နှာမကောင်းသလိုပဲ ! ရွာထဲက သတင်းနဲ့ဆက်စပ်နေလို့လားဟင် "
ကြည်သာ ရင်ထဲထိတ်ခနဲ ။ မိုးသောက် သိပြီးပြီဆိုသည့်သဘောလား ။
" ဘာသတင်းလဲ "
မိုးသောက် ထိုလူ့ရင်ခွင်ထဲမှရုန်းထွက်ကာ ချောင်းဘက်သို့မျက်နှာမူလိုက်သည် ။ ရေစီးထဲ လူသတ်ချင်စိတ်တွေပါသွားလျှင် သိပ်ကောင်းမှာပဲ။
" အစ်မခင်ကြည်နဲ့သတင်းလေ ! ကျွန်တော် အစ်ကိုပြောမှာကို စောင့်နေတာ ။ ဒါပေမဲ့ အစ်ကိုက တိတ်ပဲတိတ်နေတာကိုး "
ကြည်သာ ဘယ်လိုပြောပြရမည်မသိ ။ သူ့အနေနှင့်ရွာထဲ နာမည်ဂုဏ်သတင်းကြီးနေသည်က ကောင်းသောသတင်းနှင့်မှမဟုတ်လေစ ။
မိုးသောက်ကိုမြင်သည်နှင့် သူ့အနေနဲ့သက်ပြင်းဘယ်နှစ်ခေါက်ပင် ချမိခဲ့သည်မသိ ။ စကားပြောဖို့လည်း စိတ်မပါ ၊ ရင်ထဲခဲဆွဲထားသလို လေးလံလှသော ခံစားချက်က သူ့ကို ရေထဲဆွဲနစ်နေသလိုပင် ။မွန်းကြပ်ပြီး အသက်ရှုမရတော့ဘူးဖြစ်နေသည် ။ကြည်သာ လေပူတချို့ကို ပါးစပ်ဝမှမှုတ်ထုတ်၍
" အစ်ကို မိုးသောက်ကိုဘာတစ်ခုမှမလိမ်ခဲ့ဘူးဆိုတာ မိုးသောက်လည်း အသိပဲ။ ဒါပေမဲ့ ......"
" ဒါပေမဲ့ရဲ့နောက်မှာ ဘာစောက်စကားမှမကြားချင်ဘူး ။ ဒီညနေ သိကတည်းက ကျွန်တော်လာတွေ့ပြီး မေးချင်နေတာ ၊ တွေ့တော့လည်း
အစ်ကို့ဆီက စကားကို အရင်ကြားချင်တာ ၊ အခုတော့ ဒါပေမဲ့နောက်မှာအစ်ကို သူ့ကိုယူမှာမှလား ၊ လက်ထပ်မှာမှလား ။ ဒါပဲမဟုတ်လား ! ကောင်းပြီလေ ၊ ကျွန်တော်တို့ လမ်းခွဲကြတာပေါ့ ။ "