" ရော့ "
ခြင်းဝိုင်းပြီးသွားတော့ မိုးသောက် လက်ထဲသို့ ဝါးဆစ်ဗူးလေးရောက်လာ၏ ။ ကြည်သာက ဝါးဆစ်ဗူးကိုပေးပြီးနောက် တန်းပေါ်က ပုဆိုးကိုယူ၍ ကိုယ်ပေါ်ကချွေးတွေကို သုတ်သင်သန့်ရှင်းလိုက်သည် ။
" ဝါးဆစ်ဗူးလေး ဘာလုပ်မလို့လဲ အဖြူလုံးလေး "
တင်ဝေက သူ့ညီလက်ထဲမှ ဝါးဆစ်ဗူးကိုမြင်သွားတော့ မေးလာသည် ။မိုးသောက် ခပ်တည်တည်ပင်ပြန်ဖြေလိုက်၏ ။
" ကျွန်တော်စုဗူးလုပ်မလို့ ၊ အဲ့ဒါ အစ်ကိုကြည်သာနဲ့မှာလိုက်တာ "
တင်ဝေက ကြည်သာ့ကို လှမ်းကြည့်သည် ။ ကြည်သာမှာ ရယ်ပြရုံသာတတ်နိုင်၏ ။ သူက မလိမ့်တပတ်တွေ ကျွမ်းကျင်တာမဟုတ်ဘူး ။
" ပြန်မယ်လေ "
မိုးသောက် သူ့အစ်ကိုကိုခေါ်ပြီး အိမ်ပြန်လာခဲ့သည် ။ ကြည်သာတို့အုပ်စုသည်ကား ခြင်းဝိုင်းဘေးတွင်ခဏထိုင်၍ အမောဖြေနေလိုက်သည် ။ ခဏကြာတော့ ဘေးအိမ်အပေါ်ထပ်ရှိ ပြတင်းပေါက်ပွင့်လာပြီး ပြုံးစိစိ မျက်နှာလေးက ပြူထွက်လာသည် ။ သူ့ကို လျှာထုတ်ပြပြီးနောက် ပြန်ဝင်သွား၏ ။ ကြည်သာ ပြုံးရမလိုရယ်ရမလိုနှင့်အူတူတူထရပ်လိုက်သည် ။
" ပြန်တော့မလို့လား "
ဝက်ကြီးက စွပ်ကျယ်ကိုပြန်ဝတ်နေရင်းမှ မေး၏ ။
" မင်း လိုက်မသောက်တော့ဘူးလား "
မင်းမောင်ကလည်း ဖိနပ်စီးနေရင်း မေးသည် ။ ဒီညနေ သူတို့တွေ ထန်းရည်သွားသောက်ဖို့ ပြောထားကြတာ ၊ နေ့လည်က လယ်ကြွက်နှစ်ကောင်ရ၍ ထန်းရည်ဆိုင်ကိုတောင် အမြည်းသွားလုပ်ခိုင်းထားပြီးပြီ ။ကြည်သာက ကြည့်ရတာလိုက်တော့မည့်ပုံမဟုတ် ။
" ဒီည လယ်ထဲသွားရတော့မှာ ၊ အိမ်မှာထည့်စရာရှိတာသွားပြန်ထည့်ဦးမယ် ။ မင်းတို့ပဲ သောက်လိုက်တော့ ၊ ငါ သွားပြီ "
ပြောပြီးတာနဲ့ကြည်သာ လှည့်ထွက်သွားလေ၏ ။ ဝက်ကြီးတို့မှာ အဖော်တစ်ယောက်လျော့သွားလည်း သောက်ချင်စိတ်ပျောက်သည်မဟုတ်၍ နှစ်ယောက်သား တက်ညီလက်ညီပင် ရွာပြင်ရောက်သွားကြသည် ။