" အစ်ကို ပုဆိုးဝယ်မလို့ဆို "
" အင်း ! မင်းဝယ်စရာရှိတာအရင်ဝယ်လေ "
ဈေးထဲလိုက်ပတ်ကြည့်နေရင်း ခြေတိုလာသည့်တိုင်အောင် မိုးသောက်လိုချင်သည့် အရာမတွေ့လာ ။ အမှန်တကယ်မှာ သူက အစ်ကိုကြည်သာနောက်အဖော်လိုက်လာပေးထဲ့သည်သာဖြစ်သည် ။ ဆိုတော့ကား လိုချင်တာ ဘာရှိမည်နည်း ။
" ကျွန်တော်ကအဖော်လိုက်လာပေးတာလေ ၊ ဝယ်စရာမရှိပါဘူး "
" ဪ ! ကောင်းပြီလေ "
ကြည်သာက ရှေ့တွင်တွေ့နေရသည့် အဝတ်အစားဆိုင်လေးသို့ တန်းတန်းမတ်မတ်လျှောက်သွားသည် ။ သူက ပုဆိုးကို အဆင်ပင်ရွေးမနေတော့ဘဲ သင့်တော်ရာဆွဲယူ၍ သုံးထည်ဝယ်ခဲ့လိုက်သည်။
" အရောင်လည်းမရွေးဘူး "
ပြန်ထွက်လာတော့ မိုးသောက်က ပြောသည် ။ သူက ချေးများတတ်သူဆိုတော့ ကြည်သာ၏ ယခုလိုဝယ်ပုံမျိုးကို မျက်စိသိပ်မတွေ့ ။ ဒါပေမဲ့လည်း ထိုလူက ဘာဝတ်ဝတ်ကြည့်ကောင်းနေလေတော့ သူလည်း နှုတ်ဆိတ်နေခဲ့လိုက်သည်လေ ။ သို့ပေသိ ဒီအကျင့်ကမကောင်းဘူးဆိုတာတော့ ပြောရမည် ။
" အစ်ကိုအဝတ်အစားဝယ်တိုင်း ကြည့်လိုက်ရင် လိုချင် ယူလိုက်တာပဲ ။ချုပ်ရိုးဘာညာလည်းမကြည့် ၊ အစွန်းအထင်းလည်းမကြည့်ဘူး ။ တစ်ခါတလေ တော်မတော်တောင်မကြည့်ဘူး ။ ဝယ်ပြီးမှ ပြဲနေ စွန်းနေရင် ဘယ်လိုလုပ်မလဲ "
" အဲ့ဒါကြောင့် မင်းကိုခေါ်လာတာလေ ၊ ကိုယ်ဝယ်လိုက်တိုင်း ကြည့်နေတာပဲရှိတယ် ၊ ဘာမှမပြောဘူး ။ အဲ့တော့ ကိုယ်ကအဆင်ပြေတယ်ပဲထင်နေတာ "
မိုးသောက်က သက်ပြင်းချ၍
" အစ်ကိုက ဒါလေးဝယ်လိုက်ရမလား ၊ ဘယ်လိုလဲ ဘာညာလဲမေးလို့လား။ကျွန်တော်က အစ်ကိုကြိုက်လို့ဝယ်တယ်ပဲထင်ပြီး ဘာမှမမေးတာ။
အစ်ကိုက အခုကိုင်အခုရှင်းလုပ်တာလေ ။ ပြောချိန်လေးတောင်မရှိလိုက်ဘူး"" အင်း ! နောက်ဆို မေးမယ် ဟုတ်ပြီလား "
အဆုံးတွင် အလိုတော်ကျ အလျှော့ပေးလိုက်ရသူမှာ ကြည်သာပင် ။
" ဘာစားဦးမလဲ "
သူက မေးလိုက်သည် ။
" မစားတော့ဘူး ၊ စာအုပ်သွားဝယ်ရအောင် ။ ဒီလထဲ စာအုပ်မဝယ်ရသေးဘူး ။ "
