" အိမ်သန့်ရှင်းရေးတော့လုပ်စရာမလိုပါဘူး "
အိမ်တွင်းကို လိုက်ကြည့်ပြီးမှ ခင်ထားက ဆိုသည် ။ အိမ်သုံးပရိဘောဂအများစုကို ကိုတိုးတို့က ထားရစ်ခဲ့သည်ဖြစ်၍ အများကြီးထပ်ဖြည့်စရာတော့မလိုပေ ။ ကြည်သာတို့ကလည်း လူနှစ်ယောက်တည်းဖြစ်၍ ရွေ့ပြောင်းရာ၌ သယ်စရာများများစားစားမရှိ ။ ထို့ကြောင့် ကိုတိုးတို့ပြောင်းပြီးပြီးချင်းနောက်နေ့ဆို သူတို့လည်း ပြောင်းလာခဲ့ကြတာပင် ။
" ချက်ပြုတ်ဖို့အိုးခွက်တွေတော့ဝယ်ရဦးမယ် ၊ မီးသွေးနဲ့မီးသွေးမီးဖိုလည်း ဝယ်ထားဦး သက်ထားရေ ! မီးက အစိုးမရဘူး "
တံမြက်စည်းလှဲနေရင်းမှ ခင်ထားကပြောသည် ။ ကြည်သာနှင့်မိုးသောက်က ဗီရိုတစ်လုံးကို တွန်းရွှေ့သွတ်သွင်းရင်း ချွေးပြိုက်ပြိုက်ကျနေလေ၏။
" သေတ္တာနဲ့ဖာတစ်ဖာနှစ်ဖာဆို လုံလောက်ပြီကို ၊ ကိုကြီးက ဘာလို့များ ဗီရိုဝယ်လိုက်လည်းမသိဘူး "
ဗီရိုကို ဝိုင်းရွှေ့ပေးနေသော သက်ထားက ဆိုသည် ။
" အသုံးအဆောင်တချို့နဲ့အဝတ်အစားဘာညာထည့်တာပေါ့ ။ အိမ်ရှေ့မှာ ဗီရိုလေးပြထားတော့လည်း အမြင်တင့်တာပဲဟာ "
ကြည်သာက ရှင်းပြသည်။ ထို့နောက် သူတို့တွေ ဗီရိုကိုနေရာချပြီးတော့ ခဏထိုင်ပြီးအနားယူကြသည် ။
" ဒီနေ့တော့ အိမ်မှာလိုက်စားကြလေ ၊ နေ့လယ်ဆိုတော့ ဗိုက်ဆာနေကြရောပေါ့ ။ "
ယပ်တောင်ကို ကောက်ကိုင်ပြီး ခင်ထားပြောတော့
" အမယ်လေ ဗိုက်ဆာတာ တဂွီဂွီမြည်နေပြီ ၊ ဘာချက်ထားလည်း ခင်ထား"
သက်ထားက ဗိုက်ကိုပွတ်၍ပြောလေ၏ ။
" သစ်တိုသီးအခွံရထားလို့ ငါးပိချက်လေးချက်ထားတယ် ။ ဝက်ကလီစာလည်း မနေ့ကညနေကမှ သွားဝယ်ထားတာ ။ ညကတော့ မိုးသောက်ပြောလို့ ကိုကြည်သာအတွက် ဟင်းနုနယ်ကြော်နဲ့မြင်းခွာရွက်သုပ်ထားပေးတယ် ။ ခြေလက်ဆေးလိုက်ကြလေ ! သွားစားကြရအောင် "
အားလုံးလည်းဗိုက်ဆာနေကြပြီဆိုတော့ ငြင်းဆန်မနေကြတော့ဘဲ ဘေးအိမ်သို့ ပြန်လာခဲ့ကြသည် ။ ခင်ထားနှင့်သက်ထားက ထမင်းဝိုင်းပြင်နေစဉ်အတွင်း ကြည်သာတို့က ခြေလက်ဆေးကာ ချွေးတိတ်အောင်အရင်လုပ်လိုက်ကြ၏ ။ ထို့နောက်တွင် လေးယောက်သား ဝိုင်းဖွဲ့၍ ထမင်းစားကြတော့သည် ။