Chapter (23)

213 11 0
                                    

မနက်ခင်းဟာ ဝေလီဝေလင်း ၊ မြူဆိုင်းချင်ရက်နှင့်သင်းကွဲနေသည် ။ချစ်ရအောင်လှိုင်းသ‌င်္ဘောဟာ ချောင်းကမ်းဆိပ်၌အအေးဒဏ်အံတု၍ ထီးထီးမားမား ။ အေးလှပါသည့်မနက်ခင်းတွင် တွံတေးသို့ ကုန်စိမ်း ၊ ကုန်ခြောက်သွားဝယ်မည့်လူများလည်းရှိသည် ။ သည်နေ့ဟာ စနေနေ့မဟုတ်လား ။

"အေးကြည် ! ငါ့ကိုပြောင်းဖူးနည်းနည်းကျွေးပါအေ"

"ဒေါ်ရင်နုကောက်ညှင်းပေါင်းက ကောင်းတယ်နော် ၊ မမာဘူး မပျော့ဘူး"

သင်္ဘောဝမ်းအတွင်းတွင်တော့ အမျိုးသမီးတို့၏အသံများမှာ ပွက်ပွက်ညံနေသည် ။ မိုးသောက် သဲကုန်းဆိပ်သို့ရောက်လျှင် သားသားနားနားဝတ်စားလာသည့် ကိုကြည်သာကို တွေ့လိုက်ရ၏။ထိုလူက သဲကုန်းဆိပ်တည့်တည့်ကိုသာ လျှောက်လာသည် ။

သူက လှမ်းမေးလိုက်သည် ။

"အစ်ကိုကြည်သာ တွံတေးလားဗျ"

ကြည်သာ ငလက်...အယ် မိုးသောက်ကိုတွေ့သွားသည် ။ မြူဝေလွင့်လွင့်နဲ့မို့ အဝေးသို့ မသဲကွဲတာကြောင့် ခပ်လှမ်းလှမ်းက မည်သူမှန်းသူမသိ ။ ခေါ်မေးလာမှ အသံကြား၍သာ မိုးသောက်မှန်းသိလိုက်ရခြင်းပင် ။သူက ခြေလှမ်းကို အရှိန်အနည်းငယ်မျှတင်လိုက်သည် ။ မိုးသောက်ကလည်း သင်္ဘောပေါ်မတက်သေးဘဲ သူ့ကိုရပ်စောင့်နေ၏ ။ ဆွယ်တာလက်ရှည်လေးနှင့်အကောင်သေးသေးလေးက ရုပ်ရှင်ကားထဲမှအရေးပိုင်မင်း သားလိုလို ။ ကြည်သာ မိုးသောက်ကိုလှမ်းနောက်လိုက်သည် ။

"ကောင်မလေးနဲ့ချိန်းထားလို့လား"

မိုးသောက်က ပြုံး၍ခေါင်းခါပြသည် ။
သူက ဖြေ၏။

"ဘယ်ကလဲ‌ဗျာ ! ရည်းစားဆိုမူးလို့ရှုစရာတောင်မရှိပါဘူး"

ခဏတွင်းချင်း မိုးသောက်အနားသို့သူရောက်သွားသည်။ခပ်ဖျော့ဖျော့ ကိုယ်သင်းရနံ့ကိုမြူငွေ့များနှင့်ရောယှက်၍ ရှုရှိုက်မိသွားသည်။

"မရှိရင် အစ်ကိုရှာပေးရမလား"

မျက်ခုံးပင့်ပြီး သူမေးတော့ မိုးသောက်က လက်တကာကာဖြင့် အတင်းငြင်းဆန်သည် ။

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now