Chapter (60)

209 11 0
                                    

နှစ်ယောက်သား ယှဉ်တွဲလျှောက်လာရင်း ကြည်သာတို့အိမ်ရှေ့အရောက်တွင် သူတို့ခြံထဲမှ ကလေးကိုသံကို ကြားလိုက်ကြ၏ ။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ခဏမျှကြောင်သွားလေသည် ။

" အမေတို့ရောက်နေတာနေမယ် "

မိုးသောက်က ပြောသည် ။

" ဒါဆို အိမ်ရှေ့အထိကိုယ်လိုက်မပို့တော့ဘူးနော် "

မိုးသောက် ခေါင်းညိတ်ပြ၍ အစ်ကိုကြည်သာကို ချန်ထားရစ်ခဲ့ကာ ခြံဝန်းထဲဝင်လာခဲ့၏ ။ အထဲရောက်တော့ အိမ်ရှေ့တွင် ထိုင်နေကြသည့် မိသားစုဝင်များကိုတွေ့လိုက်ရသည် ။ မတွေ့ရတာကြာပြီဖြစ်၍ ပျော်ရွှင်ကြည်နူးသွားရပေမဲ့လည်း ထိုအပျော်နောက်တွင် စနိုးစနောင့်စိတ်တထင့်ထင့်က ကပ်လျက်လိုက်ပါလာ၏ ။

" ဟိုမှာ ပြန်လာပြီ "

မိုးသောက် ဘယ်သူ့ကိုမရယ်ပြဘဲ ခပ်တည်တည်ပဲ ထိုင်နေကြသည့် ခုံဝိုင်းလေးရှိရာဆီသို့ လျှောက်ခဲ့သည် ။ အားလုံးက သူ့ကိုအကဲခတ်ကာ ကြည့်လာကြ၏ ။ ခင်ထားမှာ ကလေးကို ချော့မြူနေလျက် သူ့ကို တစ်ချက်မျှသာ လှည့်ကြည့်သည် ။

ဖခင်ဖြစ်သူက ဦးစွာစကားဆိုလာ၏ ။

" မင်းတူလေးကို လာကြည့်ပါဦး "

ဤတွင် အနေခက်နေဟန်ရှိသော အစ်ကိုတင်ဝေဇနီးဖြစ်သူမသန်းနွယ်က သူ့ကိုရယ်ပြလာသည် ။ မိုး‌သောက် ကလေးဆီလက်မလှမ်းဘဲ ခုံတွင်ဝင်ထိုင်ကာ ဆိုသည် ။

" ဘယ်တုန်းက ရောက်ကြတာလဲ "

သူမေးသည်ကို မိခင်ဖြစ်သူကသာ ဖြေလေ၏ ။ ဖခင်ဖြစ်သူက သူ့ကိုစိုက်ကြည့်နေပြီး အစ်ကိုတင်ဝေမှာ မျက်နှာလွှဲထားသည် ။

" နေ့လည်ကမှပါ ၊ သား ရေနွေးကြမ်းသောက်ဦးလေ ။ အခုမှ အပြင်ကပြန်လာတာမှလား "

ခုံပေါ်က ရေနွေးကရားအိုးကိုမ၍ ဖန်ခွက်ထဲ ငှဲ့ထည့်ပေးရင်း ဆိုသည်။မိုးသောက် ယူမသောက် ။ သူက လက်ဆွဲအိတ်ကို ခုံပေါ်တင်ကာ မေးချင်သည့်စကားလုံးတွေကို ပြန်မျိုသိပ်လိုက်သည် ။ ယင်းနောက်

" ကျွန်တော်သွားနားဦးမယ် "

ဟုပြောပြီး ထွက်လာခဲ့၏ ။

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now