နောက်တစ်နေ့မနက်တွင်တော့ ကြည်သာတို့မိသားစုမှာ ကန်တော့ပွဲနှင့်ရွှေကြည်၏ ဇနီးလောင်းအား သွားအပ်ကြသည် ။ သက်ထားက မုန့်ဗန်းကိုသယ်ထားလျက် ရွှေကြည်မှာ လက်ဖက်ခြောက်ထုပ်ကို ကိုင်လာခဲ့၏ ။
အငယ်ကောင်အောင်ဝင်းနှင့်ကြည်မင်းတို့ကတော့ မလိုက်ခဲ့ကြ ။ဥမ္မာတို့အိမ်ရောက်လျှင် လူကြီးအချို့မှာ ကြိုရောက်နေသည်ကို တွေ့လိုက်ရသည် ။ ဒေါ်အေးဟန်နှင့်ဒေါ်ပိန်သေးမှာ ငယ်စရန်စနည်းနည်းပါးပါးနှင့် သိပ်အစေးမကပ်ဟန် ရှိပေမဲ့လည်း ခမည်းခမက်တော်ရတော့မည်မဟုတ်လား ။ ဟန်လုပ်ပြုံးပြရင်း ကြိုဟယ် ကမ်းဟယ် ။
" လာကြလေ ! ဖြိုးဖြိုး လူကြီးတွေကို လက်ဖက်ရည်ကြမ်းချပေးလိုက်ဦး"
ဖြိုးဖြိုးမှာ ဒေါ်အေးဟန်၏ တူမဖြစ်လေကာ လာဝိုင်းကူသည်ထင်၏ ။ဒေါ်ပိန်သေးတို့လည်း အိမ်ပေါ်တက်သွားကြသည် ။
" မုန့်ဗန်း ယူသွားပါဦး "
သက်ထားက လက်ထဲကမုန့်ဗန်းကို ဖြိုးဖြိုးအား ပေးလိုက်သည် ။ အသီးသီး မျက်နှာချင်းဆိုင် ၊ မျက်လုံးချင်းစုံခဲ့ကြပြီးနောက်တော့ သားရေးသမီးရေးကိစ္စများ စပြောကြတော့သည် ။
" အေးဟန် ၊ ညည်းက ဘယ်လိုဆောင်စေချင်တုန်း ! ကြည်သာကတော့ သတို့သမီးဘက်အလိုကျ လိုက်လုပ်ပေးပါ့မယ်တဲ့ ။ ငါ့သဘောကလည်း အတူတူပါပဲ ၊ ငါ့မှာလည်း သမီးတစ်ယောက်ရှိတော့ ကိုယ်ချင်းစာတယ်"
ရပ်မိရပ်ဖလူကြီးတွေကတော့ လက်ဖက်သုပ်လေးစားလိုက် ၊ ရေနွေးကြမ်းလေးသောက်လိုက်ဖြင့် နားထောင်နေ၏ ။
" ကျွန်မတို့ကတော့ ဘာမှမလိုချင်ပါဘူးရှင် ၊ ကောင်းကောင်းမွန်မွန်နဲ့ပြီးသွားဖို့ပဲ မျှော်လင့်ပါတယ် "
ဒေါ်ပိန်သေးကတော့ စိတ်ထဲ၌ ဒီကောင်မ အံမယ် အံမယ် ဟုတီးတိုးတွေးနေမိသည် ။ အေးဟန်တို့ငွေမက်ချက်ကတော့ သူမသိဘဲ နေပါ့မလား ။
အပျိုတုန်းက ကင်းခြေများလို ရည်းစားထည်လဲတွဲပြီး ငွေရှိတဲ့ မြသောင်းနောက် ကောက်ကောက်ပါအောင်လိုက်သွားတာလေ ။ နောက်တော့ မြသောင်းက ဉာဏ်ရှိပြီး ကံမရှိလေတော့ ရတဲ့အမွေလေးတွေ ပွားမလာဘဲ အိပဲ့အိပဲ့နဲ့ လုံးချာလည်လာတာ ။ အခုလည်း သူ့ပါးစပ်က လိုချင်တာပြောမရလို့ လှုပ်လှုပ်ရွရွ ။ သူ့ယောကျာ်းမြသောင်း လက်ကုတ်နေတာ မမြင်တာကျလို့ ။ မျက်စောင်းထိုးလိုက်ချင်တာများ ခုနစ်အိမ်ကျော်အထိ ဟွန်း !
