"နာမှာပေါ့ ! တစ်ညလုံးခုန်ပေါက်နေရတာ "
အမေက ပြောနေရင်း သူ့ခြေထောက်ကိုပရုတ်ဆီလိမ်းပေးကာ နှိပ်ပေးလေသည်။ကိုယ့်ဘာသာ
လိမ်းပါမည်ဆိုလည်းမရ။"နောက်ရက်တွေကျရင်တော့ သိပ်နာတော့မှာမဟုတ်ဘူး"
"အမေတို့ကော ကဖူးလား "
မိုးသောက် သူ့အမေကိုမေးလိုက်၏။
ဒေါ်လှငွေ ပြုံးကာ"အမေတို့ဆို ကလေးဘဝကတည်းက ကခဲ့တာ "
သူလည်း ရန်ကုန်မှာကျောင်းမသွားတက်ရဘူးဆိုလျှင် အစ်မတွေအစ်ကိုတွေနှင့်ကဖြစ်လောက်သည်။အခုလိုလည်း ကရာ၌ ဂဂျိုးဂဂျောင်ဖြစ်နေစရာလည်းမလိုတော့ပေ။
"သက်သာလား "
မိုးသောက် ခေါင်းညိတ်ပြ၍ ခြေထောက်ကိုပြန်ရုတ်လိုက်သည်။သူမတ်တပ်ရပ်ကာ ခြေလှမ်းအနည်းငယ်လျှောက်တော့ အရင်ကလောက်မနာတော့ပေ ။
"ကျွန်တော် အစ်မနဲ့ဆိုင်မှာဈေးသွားဝိုင်းရောင်းလိုက်ဦးမယ် "
အမေ့ကို ပြောပြီး အိမ်အောက်သို့ဆင်းခဲ့၏။ခြံစည်းရိုးကိုခွ၍ ဆောက်ထားသော ကုန်စုံကုန်ခြောက်ဆိုင်လေးထဲ ဝင်သွားလိုက်သည်။
အစ်မခင်ထားက စာရင်းတွက်နေကာ အကူမိန်းကလေးနှစ်ယောက်က ကြက်သွန်ပုပ်တွေရွေးဖယ်နေလေ၏။အကူကလေးတွေဆိုပေမဲ့ သူတို့အမျိုးတွေဖြစ်သည်။ကျောင်းပိတ်ရက်မုန့်ဖို့ပေးကာ ခေါ်ထားခြင်းဖြစ်သည်။"ဘာစားချင်လို့လဲ ! အဖြူလုံးလေး "
ခင်ထား ဆိုင်ထဲသို့ သူ့မောင် ဝင်လာတာမြင်တော့ မေးလိုက်ရာ အဖြူလုံးလေးက ခုံပေါ်တွင်ဝင်ထိုင်၏။
"အစ်မနဲ့ ဈေးလာဝိုင်းရောင်းတာ"
ခင်ထားက ရယ်သည်။
"ဆိုင်တော့ မျက်နှာပွင့်ပြီး ရောင်းကောင်းဦးမယ်"
သူ့မောင် ဖြူဖြူချောချောလေးကို ညကမြင်လိုက်တဲ့ကာလသမီးတွေက ချက်ခြင်းပဲ ယောင်းမတော်ချင်သွားကြသည်။တချို့က စဟယ်နောက်ဟယ်နှင့်တချို့က တကယ်ကိုအတည်ပင် ။ ညက အဖြူလုံးလေးကို ကပိုကရိုကြာပစ်နေကြတာ ခင်ထားအမြင် ။ ကြိုက်မဲ့ကြိုက် အစ်ကိုတင်ဝေ တို့ကိုကြိုက်ကြပေါ့ ။ အခုက သူ့မောင်အငယ်ဆုံးလေး ။ ခင်ထားကတော့ ဘယ်နည်းနှင့်မှသဘောမတူနိုင်ပါဘူး ။ သူတို့တောင် ချစ်လို့ဝသေးချည်ရဲ့မဟုတ် ။ ဒါပေမဲ့ အချင်းချင်းယောင်းမဘာညာခေါ်တာတော့ စိတ်မဆိုး ။ မောင်လေးအရှေ့တွင်မခေါ်ဖို့တော့ အသိပေးခဲ့ရသေးသည်။