မနေ့က ထန်းရည်မူးလာသည့်သူ့ကိုအိမ်က ဘာမှမပြောကြ။အဖေလည်း ညကအိမ်ပြန်လာသည်တဲ့။မနက်ခင်းထမင်းစားဝိုင်းမှာ သူတို့မျက်နှာချင်းဆိုင်မိကြသည်။
မနက်စာက ထမင်းကြော်နှင့်ငါးရံ့ခြောက်ကြော်။
အပါးက ထမင်းစားနေရင်းမှ သူ့ကိုစိုက်ကြည့်နေသည်။"ကြည်သာတို့နဲ့ဘယ်လိုသိတာလဲ"
အပါးက မေးလာ၏။အစ်ကိုတင်နွေမှာ
ချောင်းဟန့်ပြသည်။ကြည့်ရသည်မှာ အပါးက အစ်ကိုကြည်သာတို့နှင့်ပေါင်းသင်းသည်ကို မကြိုက်ဘူးထင်သည်။"စာစရာရှိတာစာစမ်းပါရှင် ! ကလေး သူ့ဘာသာဘယ်သူနဲ့သိသိပေါ့ ။ လူကြီးဖြစ်ပြီး နေရာတကာဝင်မပြောနဲ့လေ"
မိုးသောက် ပြန်မဖြေဘဲတိတ်တိတ်လေးပဲနေနေလိုက်သည်။အပါးက အမေရဲ့စကားကြောင့် သက်ပြင်းချ၍ ထမင်းဆက်စားနေခဲ့၏။သူတို့စားသောက်ပြီးသွားတော့ အစ်ကိုတင်နွေက သူ့ကိုရွာရဲ့စာသင်ကျောင်းသို့ ခေါ်သွားသည်။သူက ပရဟိတဆရာအဖြစ်ဝင်သင်ပေးမည်ဖြစ်ရာ ကျောင်းအုပ်ကြီးမှာ ဝမ်းပန်းတသာလက်ခံလေ၏။
ယနေ့က သောကြာနေ့ဖြစ်၍ တနင်္လာနေ့မှလာသင်ပါဟု သူ့ကိုပြောတော့ သူတို့လည်းပြန်လာခဲ့ကြသည်။နေမှာ မစိုသလောက်ပူနေလေပြီ။စာသင်ခန်းထဲရှိကလေးတွေ၏ စာအံသံတွေကို ကြားနေရသည်။မိုးသောက် စာသင်ဖို့ကို စိတ်အားထက်သန်လာ၏။
"အဖြူအစိမ်းရှိသေးလား"
အစ်ကိုတင်နွေမေးမှ မိုးသောက်လည်းသတိရသည်။သူ့တွင်ရှိသည့် အဖြူအစိမ်းဝတ်စုံက သေးသွားခဲ့ပြီဖြစ်သည်။ဒါကြောင့် သူ ခေါင်းခါပြလိုက်၏။
"အဲ့ဒါဆို မနက်တွံတေးသွားရင် လိုက်သွားလေ ။ မလိုက်ချင်လည်း မှာလိုက်ပေါ့ "
"လိုက်သွားလိုက်မယ်လေ ! တခါတည်း ဘုရားပါတက်ဖူးခဲ့လိုက်မယ်"
"အေး အေး ! ပိုက်ဆံရှိလား မရှိရင်အစ်ကို့ဆီကယူသွားလေ"
"ကျွန်တော့်မှာအများကြီးရှိပါသေးတယ်"
ကျောင်းအပြင်ရောက်တော့ ကျွဲသကုန်း အလက မူလွန်ကျောင်းလေးကိုပြန်လှည့်ကြည့်မိသည်။ဒီမူလတန်းကျောင်းလေးက သူငယ်ငယ်ကတက်ခဲ့တာပင်။အရင်က စာသင်ဆောင်တစ်ဆောင်တည်းရှိကာ လေးတန်းအထိပဲသင်လို့ရသည်။အခုတော့ အုတ်ကျောင်းသေးသေးလေးတွင် ဝါးကျောင်းတစ်ဆောင်နှင့်ပျဥ်ထောင်ဆောင်လေးနှစ်ဆောင်ထပ်တိုးလာခဲ့၏။နှစ်ကြာလာတာနှင့်အမျှ ကျောင်းသားဦးရေလည်း တိုးလာရသည်ပင်။လူတွေက ပညာတတ်ခြင်းနှင့်မတတ်ခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးများကို နားလည်လာရသည်ပင်။