နေမွန့်တည့်ချိန်မှာတော့ သိမ်းစရာရှိတာသိမ်း၍ သယ်စရာရှိတာသယ်ကာ သူတို့ပြန်လာခဲ့ကြသည်။ပစ္စည်းတွေတင်ထားသောစက်လှေကို ကြည်သာမောင်းခဲ့၏။မိုးသောက်က ထိုစက်လှေနှင့်လိုက်ပါခဲ့ကာ တစ်လမ်းလုံး သူတို့တွေစကားမဆိုဖြစ်ကြ။ရွာထဲပြန်ရောက်တော့ မိုးသောက် သူ့အစ်ကိုတွေ့လိုက်ရသည်။ကမ်းနားက မုန့်ဆိုင်ထဲတွင်ထိုင်၍ တခြားလူများနှင့်စကားစမြည်ပြောဆိုနေ၏။
တင်နွေက သူ့ညီကိုလှမ်းမြင်သွားသည်။ထိုင်ရာမှထလာကာ
"မပြောမဆိုနဲ့ဘယ်များသွားတာလဲလို့ ဒေါ်သာဂိပြောမှ သိတယ်"
မိုးသောက် တဟဲဟဲရယ်ပြကာ အစ်ကိုကြည်သာကိုလက်ပြနှုတ်ဆက်၍ သူ့အစ်ကိုနောက်ပြန်လိုက်သွားသည်။ကျန်ခဲ့သူကြည်သာမှာ ပစ္စည်းတွေသယ်ဖို့ ကမ်းနားက ကာလသားတချို့ကို အကူအညီလှမ်းတောင်းသည်။
ကမ်းနားနှင့်ခပ်ဝေးဝေးရောက်မှ တင်နွေက သူ့ညီကိုဆိုသည်။
"သွားလာရင် အသိပေးသွားဦး ။ ငယ်တော့တာမဟုတ်မှန်းမသိပေမဲ့လည်း တစ်ခုခုဖြစ်လို့ အသိနောက်ကျရင် ဘယ်လိုလုပ်မလဲ ။ "
မိုးသောက် ဇက်ကလေးပု၍
"ဟုတ် ! နောက်ဆို ကျွန်တော်အသိပေးပါ့မယ် "
"အခုက အစ်ကိုဆူနေတာမဟုတ်ဘူးနော် "
"ဟုတ် "
တင်နွေက သက်ပြင်းချသည်။သူက လမ်းဘေးသို့ကိုင်းကျနေသည့် ဝါးရွက်ကို လက်ဖြင့်ဆွဲရင်း ထပ်ပြော၏။
"အခု ကျောင်းသွားမလား "
မိုးသောက် သူ့ခြေထောက်ကိုကြည့်လိုက်ရာ ရွှံ့တွေပေကျံနေသည်။ပုဆိုးကလည်း ရေစိုအကွက်တွေနှင့် ။
"မနက်ဖြန်မှ သွားရအောင်လား "
"ရတယ်လေ ! အဖြူလုံးလေးသဘောပဲ ။ အခု အိမ်ပြန်မှာလား ! လျှောက်ကြည့်ချင်သေးလား "
"အိမ်ပဲပြန်ရအောင်လေ"
မိုးသောက် အိပ်ချင်နေလေပြီ။အစ်ကိုကြည်သာအမေနှင့်အစ်မသက်ထားက တကယ်ဟင်းချက်ကောင်းသည်။ဗျိုင်းကို အရိုးပါကျွပ်နေအောင် ဆီအိအိလေးနှင့်ချက်ထားကာ ငါးရုတ်ရည်ထောင်းလေးနဲ့ဆိုတော့ နှစ်ပန်းကန်ကျော်ကျော်လောက်စားမိသွားသည်။အချိန်က နေ့လည်ဆိုတော့ ထမင်းဆိပ်နှင့်ပေါင်းကာ လူက အိပ်ပဲအိပ်ချင်နေသည်။