ထိုည၌ အစမ်းကခဲ့ကြပြီးနောက် နောက်တစ်နေ့နံနက်ခင်းတွင် ပြာသိုလဆန်းတစ်ရက်နေ့ရောက်ခဲ့လေသည်။
မနက်ခင်းတွင် ကရင်အမျိုးအလံကိုလွင့်တင်ခဲ့ကြကာ သံပြိုင်သီဆိုခဲ့ကြ၏။ထို့နောက် ကောက်ညှင်းပေါင်းဝေကာ အဖိုးအဖွားများကို လှူဖွယ်ပစ္စည်းများနှင့်ကန်တော့ကြသည်။ဤတွင် မနက်ခင်းတစ်ခန်းရပ်ကာ အားကစားပွဲများ ဆက်လက်ကျင်းပဖို့ လုပ်ဆောင်ကြတော့သည်။
ကာလသားများမှာ အေးလှသည့်မြူဆိုင်းများကြားမှ အပေါ်ပိုင်းဗလာနှင့် ခုန်ဆွခုန်ဆွလုပ်နေကြ၏။
"အဖြူလုံးလေး ဝင်မပြေးချင်ဘူးလား"
လယ်ကန်သင်းဘောင်ပေါ်ရှိလူအုပ်တန်းတွင် မိုးသောက်နှင့်ခင်ထားကပ်လျက်ရပ်နေလေသည်။တင်ဝေနှင့်တင်ငွေမှာ စည်းတားထားသည့်ပလတ်စတစ်ကြိုးပေါ်တွင် အကြောလျှော့လျက်ပင်။သူတို့က တာဝေးငါးပတ်ပြေးဖို့ တာစူနေကြသည်။
"ကျွန်တော်ဝင်ပြေးရင် တစ်ပတ်နဲ့တင်လျှာထွက်သွားမှာပေါ့"
တာဝေးမှာ ယခင်ကကျင်းပခဲ့သည့်အတိုင်းလယ်ဧကနှစ်ဆယ်ကျော်ကို ကွေ့ပတ်၍ ငါးပတ်ပြေးရခြင်းဖြစ်သည်။အကွာအဝေးကိုကြည့်ရုံနှင့်တင် မိုးသောက် မောသွားသည်။ခင်ထားက လိမ္မော်သီးတစ်လုံးကို အခွံခွာပြီး တင်ဝေနှင့်တင်ငွေကို လှမ်းပေးလိုက်၏။
ထိုစဉ် ကြည်သာတို့လည်း ထိုနေရာသို့လျှောက်လာကြသည်။ကာလသားတွေမှာ ခြေရေးတကြွကြွနှင့် စိတ်မရှည်လေတော့။အေးလှနေပြီဖြစ်တာကြောင့် သူတို့က ပြေးချင်နေကြပြီဖြစ်သည်။
"မမှုတ်သေးဘူးလားဗျ"
တစ်ယောက်က အော်ပြောတော့သည်။
"ပြိုင်မဲ့လူရှိသေးလား"
ဝီစီကိုင်ထားသော လူကြီးက လူအုပ်ကိုလှမ်းပြောရာ ဘယ်သူမှထွက်မလာကြပေ။ထို့ကြောင့် ပြေးချင်နေပြီဖြစ်သည့် ကာလသားအုပ်ကို တန်းစီကာ အသင့်အနေအထား လုပ်ထားခိုင်းလိုက်သည်။
မိုးသောက် သူ့အစ်ကိုတွေကို လက်မထောင်ပြလိုက်၏။ထို့နောက် အစ်ကိုဝက်ကြီး ၊ အစ်ကိုမင်းမောင်တို့ပေါ့။နောက်ဆုံး အစ်ကိုကြည်သာထံတွင် သူ့အကြည့်ကဆုံးသွားသည်။သို့ပေသိ အစ်ကိုကြည်သာက သူ့ကိုမကြည့်လာ။ဤတွင် ဒိုင်လူကြီးမှာ ဝီစီစမှုတ်လေ၏။