Chapter (56)

196 12 0
                                    

" ဒါဆို တည့်သွားပြီပေါ့ "

အိမ်ကိစ္စပြောပြီးကြတော့ နောက်ဆုံး သက်မမောချချိန်၌ မိုးသောက် မေးလိုက်သည် ။ ကိုတိုးက ရယ်သည် ။

" အစ်ကိုတို့က ဒီအပတ်အတွင်းပြန်မှာဆိုတော့ ၊ မင်းတို့ မြန်မြန်စီစဉ်ပေါ့ "

ကြည်သာက ခေါင်းညိတ်ကာ

" မနက်ဖြန်ငွေလာချေမယ်လေ ၊ ဒီနေ့က ကြည့်ရင်းနဲ့စကားပြောကြည့်တာဆိုတော့ ကျွန်တော်တို့လည်း ငွေမယူခဲ့ဘူး ။ ပြီးတော့ သွားစရာလေးလည်းရှိနေလို့ပါ "

" ရတယ် ၊ ရတယ် ။ မုန့်တွေစားကြဦးလေ ၊ ကော်ဖီတောင်အေးပြီလားမသိဘူး "

‌ဧည့်ဝတ်ဖော်ပြရင်း ကော်ဖီခွက်ကို ရှေ့တွန်းပေးသည် ။ မိုးသောက်က တစ်ငုံမျှသောက်ပြီး

" နေပါစေ ! ကျွန်တော်တို့ သွားစရာလေးရှိလို့ ပြန်လိုက်ဦးမယ် "

ကိုတိုးက ခေါင်းညိတ်ပြ၏ ။ မိုးသောက်တို့လည်း......ကိုတိုးအိမ်မှပြန်ထွက်လာပြီးနောက် သူတို့အိမ်သို့ တစ်ခေါက်ပြန်လာခဲ့သည် ။ ခင်ထားနှင့်သက်ထားက ကိုတိုးအိမ်မလိုက်ပါဘဲ သူတို့ကို ဒီဘက်အိမ်တွင် စောင့်နေရစ်သည် ။

" အစ်ကို သဘောကျတယ်ပေါ့ ၊ ဈေးတောင်မဆစ်ဘူးနော် "

အိမ်ပေါ်ကဆင်းတော့ မိုးသောက်ကပြောသည် ။ ကြည်သာက ဖိနပ်စီးနေရင်းမှ အိမ်ကို တစ်ချက်ဝေ့ကြည့်လေ၏ ။

" အင်း ! သူတို့ကလျှော့ဈေးနဲ့ပေးထားတာကို ကိုယ်လည်း ထပ်မနှိမ်ချင်တော့ဘူးလေ "

" သူဌေးပဲဗျ "

ကြည်သာက ရယ်သည် ။ သူတို့တွေ အိမ်ပြန်ရောက်တော့ ခင်ထားနှင့်သက်ထားမှာ အဝတ်အစားသစ်သစ်လွင်လွင်ဝတ်၍ သူတို့ကိုစောင့်နေလေ၏ ။

" ဘယ်လိုလဲ ကိုကြီး "

သူတို့ကိုမြင်တော့ သက်ထားက မေးသည် ။

" ဝယ်ဖြစ်တယ် ၊ မနက်ဖြန် ငွေလာချေရမယ် ။ သူတို့က ဒီအပတ်အတွင်း နယ်ပြန်မှာဆိုတော့ ကိုကြီးတို့လည်း မြန်မြန်ပြောင်းလာလို့ရတာပေါ့ "

သက်ထားက ပြုံးရွှင်စွာနှင့်လက်ခုပ်တီးမိတော့မတတ် ။ သူတို့လည်း လက်ရှိနေတာက ဆွေမျိုးအိမ်ဆိုပေမဲ့လည်း အစ်မခင်ကြည်ယောကျာ်းက သူစိမ်းပင် ။ မပြောပေမဲ့ သူတို့လည်း ကြည့်နေကြည့်ထိုင်ရတာဖြစ်သည် ။ နဂိုကတည်းက အိမ်ဝယ်ဖို့စုံစမ်းထားတာကလည်း မတန်တဆနှင့်တိုးတိုးနေလေတော့ မဝယ်ဖြစ်ရင်း ကြန့်ကြာလာခဲ့သည် ။အလကားနေအလကားစားမရတော့လည်း အစ်ကိုကြီးက အစ်မခင်ကြည်ယောကျာ်း၏ ပရိဘောဂဆိုင်မှာ သွားကူပေးသည် ။

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now