" ကြည်သာ ၊ ဘယ်လဲ "
လှိုင်းသင်္ဘောပေါ်တက်လာသော ကြည်သာကို တင်ဝေ မေးလိုက်၏ ။ ဝတ်စားလာတာများ မင်းသားရှုံးလောက်သည် ။
" တွံတေးတင်ပဲ ၊ ဓာတ်မြေဩဇာနဲ့တခြားစက်ပစ္စည်းဘာဘာညာညာဝယ်မလို့လေ "
မင်းညီနဲ့ ချိန်းထားတာလို့တော့ ဘယ်ပြောလို့ရမလဲ ။
သင်္ဘောအမိုးပေါ်မှာ ကြိုထိုင်နေသည့် မိုးသောက်မှာပြုံးစိစိ ။" မင်းသွားရင် ငါ့ညီကိုပါ ခေါ်သွားလိုက်ဦး ၊ သူလည်း ဈေးထဲဝယ်စရာရှိလို့တဲ့ "
" အေး "
အကြံသမားနှစ်ယောက်မှာ ရုပ်တည်တည်ဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်မိသွားသည် ။
" ကြီးဒေါ်ပိန်တို့မလိုက်ဘူးလား ၊ မင်္ဂလာပွဲအတွက်လေ "
တင်ဝေက စက်နှိုးနေရင်း ဆက်မေးသည် ။ ကြည်သာ သင်္ဘောအမိုးပေါ်အထိုင်ချပြီးမှ တင်ဝေကို ပြန်ဖြေလိုက်သည် ။
" မနက်ဖြန်မှလို့ကြားတယ် ၊ မင်းကော "
" ငါက မင်းညီပြီးမှပါ ၊ လိုတော့လိုသေးတယ် "
ကြည်သာ ခေါင်းညိတ်ပြပြီး လက်ထဲက ထက်မီးအောက်မီးမုန့်ကို မိုးသောက်ကို ထိုးကျွေးသည် ။
" မစားဘူးလား "
မိုးသောက်က ယူစားသည် ။ တင်ဝေလည်း သင်္ဘောမောင်းနေရ၍ လှမ်း၍ပဲ တောင်းလိုက်ရသည် ။
" ငါ့လည်း ဘေးသားတစ်တုံးလောက် "
ကြည်သာ တင်ဝေကို သွားပေးလိုက်ပြီး ပြန်ထိုင်သည် ။
" ကြည်သာ ၊ နင့်ညီမင်္ဂလာဆောင်က ဘာကျွေးမှာလဲ "
သင်္ဘောဝမ်းထဲတွင် ထိုင်နေသော အမျိုးသမီးက လှမ်းမေး၏ ။
" အုန်းနို့ခေါက်ဆွဲကျွေးမှာ "
" ကောင်းတာပေါ့ "
အုန်းနို့ခေါက်ဆွဲကတော့ အများသူငှာ ကြိုက်ကြသည်ပင် ။
" တင်ဝေ နင်တို့ကကော "
အမျိုးသမီးကပဲ တင်ဝေးကို ထပ်မေးပြန်၏ ။
" ကျွန်တော်က လိုပါသေးတယ် ၊ ကျွေးတာကတော့ ညှပ်ခေါက်ဆွဲကျွေးမှာ "
