သောက်ရေကန်သို့ပြန်ရောက်တော့ မိုးသောက်သည် ထန်းပင်ငုပ်တိုပေါ်တွင်ဝင်ထိုင်လိုက်၏ ။သူက လက်ထဲမှ ကြာစိတွေကိုခွာစားနေကာ အခွံတွေကိုတော့ လွင့်မပစ်ပေ ။ အင်္ကျီအိတ်ထဲသို့သာ ပြန်ထည့်သည် ။
ကြည်သာက ပုံးနှစ်ပုံးကိုဘယ်နှင့်ညာကိုင်၍ တံတားပေါ်ဆင်းသွားသည်။သူက နှစ်ပုံးလုံးကိုတစ်ပြိုက်နက်တည်းရေထဲနှစ်ခပ်ပြီးသော် အပေါ်ပြန်တက်လာခဲ့သည် ။ ရေနှစ်ပုံး၏အလေးချိန်ကြောင့် ကျစ်လျစ်သန်မာတောင့်တင်းသည့် လက်မောင်းကြွက်သားများမှာ နေရောင်အောက်တွင် ဝင့်ထည်စွာ ပေါ်လာ၏ ။ မိန်းမသားတို့အဖို့ အလုံးစုံယုံကြွင်းလျက် စိတ်ကိုယ်နှစ်ပါး အပ်နှံပစ်ချင်စရာပင် ။ ရုပ်ရည်ကိုမဆိုထားနှင့် အားကိုးလောက်စရာ ကိုးတောင်ဝတ်မင်းယောကျာ်းမဖြစ်လျှင်တောင် အားကိုးချင်စရာ ကိုယ်ရောင်အာဝါသကတော့ ကြည်သာထံတွင် အပြည့် ။
ဒါကြောင့်လည်း ရည်းစားတွေတအားများတာနေမှာ ။ မိုးသောက် တွေးမိသွားသည် ။ သူက ရေနှစ်ပုံးသယ်လာသူ၏ သွင်ပြင်လက္ခဏာကို စေ့စေ့စပ်စပ်ခွဲခြမ်းစိပ်ဖြာလျက် အကြည့်မလွှဲ ။ ထိုလူက သူကြည့်နေသည်ကိုတော့ မသိ ။ မိုးသောက် ကြည့်နေရင်းဖြင့် မျက်ဝန်းအစုံက ရင်အုံမို့မို့သို့ရောက်သွားသည် ။ သူ ခဏတာတော့ရှက်သွေးဖြာသွားပေမဲ့လည်း နိမ့်ချည်မြင့်ချည် ရင်အစုံကိုတော့ အကြည့်မလွဲမိပြန် ။ အမေပြောတဲ့
ချိုးရင်အုပ်များလား ၊ ရင်အစုံက ကျယ်ပြန့်ကာ မို့မို့မောက်မောက်မို့ လက်သီးဖြင့်ပိတ်ထိုးလျှင်တောင် ပြိုသွားမည်မထင်ပေ ။ ကိုယ့်အတွေးကိုယ်သဘောကျသွားကာ တခစ်ခစ်ရယ်မိတော့၏ ။"ဘာတွေသဘောကျနေတာလဲ"
ကြည်သာ တစ်ယောက်တည်းသဘောတွေကျနေသော ကောင်လေးကို မေးလိုက်သည် ။ သူ့ကိုကြည့်၍ ရယ်နေတာကြောင့် သူ့ကိုယ်ပေါ်၌တစ်စုံတရာမှားယွင်းနေသလားပြန်ကြည့်မိသော်လည်း ပုံမှန်ပါပဲ ။
မိုးသောက်မှာမူ မျက်နှာပိုးပြန်သတ်၍ ရယ်ချင်ပက်ကျိပြုံးစိစိနှင့် ပြန်ဖြေလိုက်သည် ။
"ဘာမှမဟုတ်ပါဘူး ၊ ဒီအတိုင်းတွေးမိတွေးရာတွေကို ရယ်ချင်သွားလို့"