နေက အလုံးစုံပွင့်အန်လာပြီဖြစ်သည်။ကြည်သာတို့ ထမင်းဟင်းအိုးတွေကို တဲထဲသယ်လာကြတော့ အထဲတွင် သူ့အဖေနှင့်သူ့ညီတွေကကျားထိုးနေ၏။သူ့ညီမက ဝတ္ထုစာအုပ်ကလေးနှင့်နှပ်နေလေသည်။
"အဖေတို့စားကြတော့မှာလား"
ဒန်အိုးကို ဝါးစင်လေးပေါ်တင်ရင်း မေးတော့ ကျားရွှေ့နေရာမှ အဖေ မော့ကြည့်လာ၏။
"မပိန်ရောက်လာပြီလား"
"မေးမနေနဲ့ မျိုဖို့စို့ဖို့လုပ်တော့ ကျွန်မဘာမှမစားခဲ့ရသေးဘူး"
အမေ့အသံကိုကြားလိုက်၍ ဝတ္ထုစာအုပ်ကိုခေါင်းအုပ်အောက်ထိုးထည့်ကာ သက်ထား ထရပ်သည်။ခပ်ရို့ရို့လေး အမေ့အနောက်ကနေ လျှောက်ရင်း ထမင်းပွဲပြင်ရန် တိတ်တိတ်ကလေးသွားလေ၏။
"သမီးရေ ....ကျပ်ခိုးစင်ပေါ်မှာ သမီးအမေကြိုက်တဲ့ ပုစွန်ထုပ်ကင်လေးဖွက်ထားတယ် ။ အဲ့ဒါပါ ထည့်ပြင်လိုက်ဦး ! မတွေ့ဘဲနေမယ် "
ဒေါ်ပိန်သေးက မဲ့ရွဲ့ကာ ကြမ်းပေါ်ထိုင်ချသည်။
"အပိုတွေပြောမနေနဲ့ "
"ဘယ်ကအပိုမှာလဲ ...မင်းကြိုက်တယ်မဟုတ်ဘူးလား"
"အဖေရှုံးသွားပြီ"
ဦးမြသာ သူ့ဘက်ကကျားစေ့ကုန်သွားကာ သူ့သားတွေနိုင်သွားတော့ သူ့မိန်းမကို လှမ်းမဲသည်။
"မင်းက စကားလာပြောနေတာကိုး ။ အသက်ကြီးတော့ အာရုံကမကောင်းတော့ပါဘူးဆို ။ အခု ရှုံးပြီ "
"တော့်ဘာသာ အသုံးမကျရင်မကျဘူးပေါ့ "
"မင်းလုပ်......."
"တော် တိတ် ......ရှင် စကားထပ်ပြောရင် ဒီနေ့လည်းအိမ်ပြန်လိုက်ဖို့မစဥ်းစားနဲ့ "
ထိုအခါမှ ဦးမြသား တန်း၍ပါစပ်ပိတ်သွားသည်။သူက အိမ်ပြန်ချင်နေတာကြာပြီဖြစ်ပေမဲ့ လယ်ထဲမှာက သိမ်းဆည်းစရာတွေရှိသေး၍ ပြန်မရဖြစ်နေခြင်းပင်။ထို့အပြင် ဇနီးသည်နှင့်ကလည်း လူကြားမကောင်းအောင်အော်ဟစ်ရန်ဖြစ်ထားတာကြောင့် သူ့အနေနှင့်အိမ်ပြန်ပြီးမျက်နှာချင်းဆိုင်ရန် အနေခက်သည်ကြောင့်လည်းပါသည်။