"စားမလား"
မိုးသောက် သူ့လက်ထဲက မုန့်ပစ်စလက်ကို ကမ်းပေးရင်း ပြောလိုက်သည်။ ကြည်သာ တစ်ခုယူ၍ စားလိုက်၏ ။ မုန့်က ပူနေသေးသည်ဖြစ်ရာ ယခုတင်ပဲ အိုးပေါ်ကချပေးလိုက်မှန်း သိသာသည် ။ အနားသားလေးတွေမှာ ကြွပ်ရွနေပြီးအလယ်၌ထန်လျက်ရည်လောင်း၍ အုန်းသီးဖြူးထားလေတော့ အရသာမှာ ချိုမြမြပင် ။ သူက မုန့်တစ်ခုလုံးကို လိမ်ချိုး၍ ပါးစပ်ထဲထိုးထည့်ပစ်သည် ။ တစ်လုတ်စာအနေဖြင့်သာ ဝါးစားလိုက်၏။
"ငါ ဘုရားသွားမလို့ လိုက်မလား"
မုန့်ကိုမျိုချပြီးလေတော့ ကြည်သာ မေးလိုက်သည် ။ အမှန်က ခင်ကြည်ကိုခေါ်၍ ဘုရားသွားမည်ကြံထားသော်လည်း ဒီကောင်လေးကိုမြင်၍ သူက စိတ်ပြောင်းသွားရခြင်းပင် ။
"လိုက်မှာပေါ့ ၊ ဘယ်ဘုရားလဲ"
"ကျိုက်ကေသာပဲလေ ၊ မင်းက ဘယ်ဘုရားသွားချင်သေးလို့လဲ"
မိုးသောက်က ရယ်သည် ။ သူက တောထဲရှိ ကျိုက်ကေသာစေတီကို တကယ်ကိုမေ့သွားမိတာဖြစ်သည်။
"ကုန်ကြောင်းပဲ သွားမှာလား"
"အေး"
ကျိုက်ကေသာစေတီမှာ တောထဲတွင်တည်ထားသည်ဖြစ်ရာ ရွာနှင့်အတော်အတန်အလှမ်းဝေး၏ ။ ဥပုသ်နေ့လောက်သာ လူတွေကသွားဖြစ်ကြသည် ။ တောထဲတွင် ခြံတွေရှိသော်လည်း လူတွေကအမြဲတစေမစောင့်ဘဲ ညှောင့်လောက်သာထောင်၍ ရွာထဲ၌သာအနေများကြ၏။တစ်ခါတရံမှသာ ဓားမတစ်ချောင်းနှင့်ဝါးလိုက်ခေါက်၍ ခြံလိုက်ပတ်တတ်သည်။
ထို့ကြောင့် တောမှာ တိတ်ဆိတ်၍ တော်တန်ရုံတစ်ယောက်တည်းမသွားကြပေ ။ လူစု၍ ထင်းခွေသွားကြသည်တော့ရှိသည် ။ ဒါပေမဲ့လည်း ထိုလူစုဟာ တောစပ်၌သာထင်းခွေကြတာဖြစ်သည် ။
"အခုသွားမှာလား"
မိုးသောက် ထပ်မေးလိုက်၏ ။ ကြည်သာမှာ ဖိနပ်၌ပေသွားသည့် သဲတွေကိုခါထုတ်နေရင်း
"အေးလေ ! အခုသွားမှာ"
မိုးသောက် မျက်လုံးလေးကလယ်ကလယ်ဖြင့်
"ကျွန်တော်ရေမချိုးရသေးဘူးဗျ"
"ချိုးမနေနဲ့ ဘုရားမှာ ဘယ်သူမှလည်းရှိမှာမဟုတ်ဘူး"