Chapter (37)

217 11 1
                                    


နေရောင်ခြည်၏ရှပ်ပြေးမှုကြောင့် ရေပြင်ပေါ်တွင် ငွေမှင်ရောင်ရေမှုန်လေးများ လက်လက်ထနေသလိုပင် ။ လှိုင်းကြက်ခွပ်လေးများက ကမ်းနားဘေးကို တိုးကာဝေ့ရယ်နှင့်ဖြေးဖြေးညင်းညင်း ။

" လာလေ ! မဆင်းလာသေးဘူး‌လား "

ကြည်သာက ဟိုဘက်ကမ်းကနေလှမ်းအော်၏ ။ သူက လျင်မြန်စွာပင် ရေထဲပြေးငုပ်၍ တစ်ဖက်ကမ်းသို့ လက်ပစ်ကူးသွားခဲ့သည် ။ မိုးသောက်မှာ ကြည်သာ အော်ပြောလေမှ အင်္ကျီကိုချွတ်သည် ။ နေရောင်နှင့်ပနံသင့်လှစွာသော ဖြူနုနုအသားအရေမှာ အညစ်ညမ်းမခံနိုင်သည့်အလား ။ ဝင်းမွှတ်နေသည့်ပုခုံးတလျှောက်ရှိအသားအရေမှာ နေရောင်ကြောင့်ဝင်းဝင်းစိုစို ။

မိုးသောက်က ပုဆိုးကိုပါချွတ်လိုက်သည် ။ ထို့နောက် ရေထဲကိုဆင်းသွားကာ တစ်ဖက်ကမ်းရှိ လူကို လှမ်းကြည့်၏ ။ သူက ပြောသည် ။

" ဒီဘက်ပြန်ကူးလာလေ "

" ဒီဘက်ကိုကူးလာခဲ့ ၊ သပြေသီးမစားချင်ဘူးလား "

ကြည်သာက ပြန်ကူးမလာဘဲ မိုးသောက်ကို ခေါ်သည် ။ မိုးသောက်က ရေပြင်ကို လက်နှစ်ဖက်ဖြင့်ယက်ကူးရင်း တစ်ဖက်ကမ်းသို့ရောက်သွားသည် ။ ရေတိမ်သည့်နေရာရောက်တော့ ခြေချလိုက်ရာ၌ ကိုယ်တစ်ဝက်က ရေပြင်ပေါ်တွင် စိုလက်တောက်ပသွား၏ ။

" မင်းကအတော်အသားဖြူတာပဲ "

ကြည်သာ မျက်လုံးလွှဲကာ ကမ်းပေါ်သို့တက်လာခဲ့သည် ။ ချောင်းတစ်ဖက်ရှိလယ်ကွင်းတစ်ကွက်လောက်ဖြတ်လျှောက်ပြီးလျှင် သပြေပင်တွေရှိသည် ။ သပြေသီး စားချင်နေတာမဟုတ်ပေမဲ့ သပြေသီးကျွေးချင်နေတာပင် ။

" ကျွန်တော် သပြေသီးမစားပါဘူး ၊ ရေပဲကူးရအောင်လေ "

မိုးသောက်က ရေထဲမှပြောတော့ ကြည်သာလည်း ရေထဲပြန်ဆင်းလာကာ မိုးသောက်နားသို့ ကူးသွားလိုက်သည် ။ နီးကပ်စွာရပ်လာသည့် ထိုလူကို မိုးသောက် စိုက်ကြည့်နေမိသည် ။ ဆံနွယ်စများက ရေစိုထားသဖြင့် အစုအခဲဖြစ်နေလေကာ အတော်ကိုကြည့်ရဆိုးနေသလိုပင် ။ ဒါပေမဲ့ ရုပ်ဆိုးတော့မည့်ပုံသဏ္ဍာန်က ထိုလူရဲ့မွေးကတည်းကတည်ရှိလာသည့် ချောမောခန့်ညားခြင်းများကို ခေတ္တတဖြုတ်တောင် မဖုံးကွယ်နိုင်။

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now