မိုးသောက် အိမ်ပြန်ရောက်တော့ သူ့ကိုစောင့်နေသူရှိတာတွေ့လိုက်၏ ။မစိန်မိုးက သူ့ကိုမြင်တော့ အားတုံ့အားနာဟန်နှင့်ပြုံးပြလာသည် ။
သူက အစ်မဖြစ်သူနှင့်စကားလက်ဆုံကျနေဟန်ပင် ။ဖိနပ်ကိုချွတ်ပြီးစင်ပေါ်တင်လိုက်ကာ ခြေကိုအရင်သုတ်သည် ။ ထို့နောက်မှ အိမ်ထဲဝင်သွားခဲ့သည် ။
" အကြောင်းထူးရှိလို့လား ၊ ညကြီးမိုးချုပ်ရောက်နေတယ် "
မစိန်မိုးက သက်ပြင်းချ၏ ။ သူက ခင်ထားကို ကြည့်၍ နှုတ်ခမ်းကို ပိတ်လိုက်ဖွင့်လိုက်လုပ်နေသည် ။ ပြောရခက်ဟန်ကြောင့် မိုးသောက် စကားလမ်းကြောင်းအရင်ဖွင့်ပေးလိုက်သည် ။
" ပြောစရာရှိတာသာပြောပါ "
ထိုအခါမှ မစိန်မိုး စိတ်ဒုံးဒုံးချကာ ဦးနှောက်ထဲစီကာပတ်ကုံးတွေးလာသမျှတွေကို ပြောတော့သည် ။
" ကျွန်မသမီးအမှုကို ပြန်ရုတ်သိမ်းချင်လို့ပါ ဆရာ "
" ဟမ် ! "
မိုးသောက် အံ့ဩလွန်း၍ ခါးပင်မတ်သွားသည် ။ မစိန်မိုးက သူ့ကိုကြည့်၍ ဝဲတက်လာသောမျက်ရည်များဖြင့်ဆက်ပြောသည် ။
" ကျွန်မ မိအေးနှစ်ခါနာမဖြစ်ချင်တော့လို့ပါဆရာရယ် ၊ ဖြစ်ခဲ့တာကလည်း သူတို့ပိုင်နက်ထဲမှာလေ ။ ပြီးတော့ ကျွန်မတို့က ငွေလည်းမလိုက်နိုင်ဘူးလေ ။ "
မျက်ရည်တသွင်သွင်ကို သုတ်သင်တားဆီးပြီး စကားများက ခေတ္တရပ်တန့်သွားသည် ။
" ကျွန်မတို့နယ်ကိုပြန်တော့မလို့ ၊ အဲ့ဒါကြောင့် ဆရာ့ကိုလာပြောတာပါ "
မိုးသောက်က မျက်မှောင်ကုတ်၍
" ဒါကတော့ ခင်ဗျားတို့သဘောပါ ၊ ကျွန်တော်ကတော့အမှုသည်ရဲ့ကိုယ်ရေးကိုယ်တာကိုဝင်မစွက်ဖက်ချင်ဘူး ။ ကာယကံရှင်တွေကိုယ်တိုင်က အမှုရုတ်သိမ်းချင်မှတော့ ကျွန်တော်လည်း ဘယ်တတ်နိုင်ပါ့မလဲ ။ဒါပေမဲ့ ခင်ဗျားသမီးကို သေသေချာချာဂရုစိုက်ပေးစေချင်တယ် ။
ပြီးတော့ အမှုရုတ်သိမ်းတာကကော သူအလိုပါရဲ့လား "မစိန်မိုးက ခေါင်းတဆတ်ဆတ်ညိတ်ပြ၏ ။
" ပါ.......ပါတယ် ၊ ပါပါတယ်ဆရာရယ် "