" ပြန်လာရဲတယ်နော် "
ရွှေကြည်က အိမ်အပေါက်ဝမှာတင်ရပ်သွားပြီး သူ့အမေကို တစ်ချက်မျှကြည့်သည် ။ မျက်နှာအမူအယာမှာ တောင်းပန်တိုးလျှိုးနေဟန်ဖြင့် သနားကမား။ မျက်နှာငယ်လေးနှင့် သူ့အဖေကိုလည်း လှမ်းကြည့်လိုက်သည် ။
" ဝင်လာလေ "
ဦးမြသာက အိမ်ထဲခေါ်လိုက်၏ ။ ရွှေကြည်အနောက်တွင် ဥမ္မာသည် ခပ်ရို့ရို့လေးကပ်လျှောက်လာသည် ။
" ညည်းမို့ ငါ့သားကိုယူရဲတယ်အေ ၊ လက်ကြောမတင်းဘာမတင်းနဲ့ "
ထုံးစံအတိုင်းပင် သားကောင်းကြောင်းတွေ ကြုံတုန်းထုတ်ကြွားတော့သည် ။ ဥမ္မာက အကြောင်းသိတွေမို့ ပြုံးပြုံးလေးသာ အိန္ဒြေရရနေနေလိုက်သည် ။ သူတို့နှစ်ယောက်က လူကြီးတွေကို စကားမပြောရဲသေးပေ ။
" အခုတော့ ပြောစရာမရှိတော့ဘူးလား "
ဒေါ်ပိန်သေးက ရွှေကြည်ကို မေးငေါ့၏ ။
" သဘောမတူကြတာလည်းမဟုတ်ဘူး ၊ အကြောရှည်ပြီးကို ခိုးပြေးကြတယ် "
ရွှေကြည်က မျက်လွှာလေးချလျက် ငြိမ်ငြိမ်ကုပ်ကုပ် ။ ဘာဆိုဘာမှပြန်မပြော ။
" ဥမ္မာကို မနက်ဖြန်ပြန်အပ်ရမယ် ၊ တစ်ခါတည်းနားဖောက်ပြီး နေ့ကောင်းရက်သာရွေးရမယ် "
" အဟွတ် အဟွတ် "
ဒေါ်ပိန်သေးက ပြောနေရင်းရပ်လိုက်ကာ ကွမ်းတံတွေးခွက်ကို ဦးမြသာထံပေးလိုက်သည် ။ ပြီးနောက် သူက ဆက်ပြော၏ ။
" အဲ့ကောင်ကို ပြောလို့မရရင် အဒေ့ါ်ကိုလာပြောသိလား ၊ ညားပြီးမှ စောက်လုပ်မလုပ်ရင် အဒေါ်နားရင်းတီးပေးမယ် "
ဥမ္မာက ယဉ်ယဉ်ကျေးကျေး " ဟုတ်ကဲ့ " ဟုပြန်ဖြေသည် ။
" သွား သွား ! နားကြဦး "
နှစ်ယောက်သား အခန်းထဲဝင်သွားလေမှ ဒေါ်ပိန်သေးမှာ သက်ပြင်းချ၏။သူကတော့ သားသမီးတွေ ကလေးလိုပဲမြင်နေတုန်း ၊ ဒီအရွယ်တွေနဲ့ အိမ်ထောင်ရက်သားကျတာဖြစ်သင့်သော်လည်း ကိုယ့်သားကိုယ်နှမြောတာပေါ့ ။ ဒါပေမဲ့လည်း အပြစ်ဆိုလို့မရပါဘူး ၊ သူနဲ့ကိုမြသာနဲ့တုန်းက ဆယ့်ခြောက်နှစ်တောင်ပြည့်သေးတာမဟုတ်ဘူး ။ တွေးရင်း သတိရသွားဟန်ဖြင့် ဒေါ်ပိန်သေးက ဦးမြသာကို ပြောသည် ။