Married Life - Final [ Unicode ]

16.2K 731 64
                                        

အိပ်နေရင်းနဲ့ နားထဲမှာ ကလေးငိုသံစူးစူးဝါးဝါးကို ကြားလိုက်ရတာကြောင့် မြူး လန့်ပြီးနိုးလာရသည်။ နေရောင်ခြည်အရှိန်ပြင်းပြင်းက အခန်းထဲကို ဖြာကျနေသည်မို့ မနက်အတော်လင့်ပြီမှန်းသိလိုက်သည်။ နာရီလက်တံက ၉နာရီခွဲကိုညွှန်ပြနေသည်။ မြူးအိပ်ချင်မူးတူးနဲ့ တချက်သမ်းလိုက်ကာ အိပ်ရာပေါ်မှထလိုက်သည်။ အခန်းထဲမှာ ကိုကိုရော သားရော မရှိ။

'' အူးဝါး ဒယ်ဒယ် ဟင့် အီးဟီး ''

တဖန်ပြန်ကြားလာရသော ကလေးငိုသံကြောင့် မြူးအသိဝင်လာပြီး အခန်းထဲကပြေးထွက်ခဲ့ရသည်။ သားငိုနေတာပဲ။ မနက်ခင်းကြီး သားကဘာလို့အဲ့လောက်ငိုနေရတာပါလိမ့်။ စိုးရိမ်စိတ်တွေနဲ့အတူ အောက်ထပ်ကို ပြေးဆင်းရင်း လှေကားထစ်တွေကို ခလုတ်တိုက်မတတ် ကျော်ခွလာခဲ့သည်။

'' မြူးငယ်! ဘာလို့အဲ့လောက်ပြေးဆင်းလာရတာလဲ!  ချော်လဲပြုနေရင် ဘယ်လိုလုပ်မလဲ!  ''

ရုတ်တရက် လှေကားရင်းကိုရောက်လာတဲ့ကိုကိုကြောင့် မြူးအရှိန်လျှော့လိုက်ရသည်။ Longcoat အညိုကြီးနဲ့ အလုပ်သွားမှာမို့ ဆံပင်တွေကိုလှန်တင်ထားတဲ့ကိုကိုက နှစ်တွေကြာလာပေမဲ့ အခုထိ ခန့်ညားအရွယ်တင်နေတုန်းပဲ။ ကိုကို့ကို သွားဖြီးပြီး ရယ်ပြလိုက်တော့မှ ကိုကိုက မျက်နှာကြောလျှော့သွားပြီး မြူးကိုဆွဲယူပြီး ပါးပြင်တဖက်ကိုနမ်းလိုက်သည်။

'' ကောင်လေး မျက်နှာမသစ်ရသေးဘူးမလား ''

'' ဟီး ဟုတ်တယ် သားငိုသံကြားလို့ ပြေးဆင်းလာခဲ့တာ၊ သားရော ကိုကို ''

'' လာ လိုက်ခဲ့ ''

ဧည့်ခန်းထဲအရောက် တွေလိုက်ရသော သားက အရုပ်ပုံကြီးထဲ ပုံ့ပုံ့လေးထိုင်နေသည်။ ဘေးနားမှာ ယမင်းက စိတ်ညစ်နေတဲ့ပုံနဲ့ထိုင်နေကာ Cheese နဲ့ Smile ကလည်း သားဘေးနားထိုင်ပြီး ငိုနေသော သားကိုထိုင်ကြည့်နေကြသည်။

ခြေသံတွေကြားလို့ထင်၊ သားက ငိုနေရာမှ လှည့်ကြည့်လာပြီး မြူးကိုတွေ့တော့ ခြေသလုံးတုတ်လေးတွေနဲ့ တောက်တောက် တောက်တောက် ပြေးလာသည်။ မြူးရှေ့မှာ ရပ်ပြီး လက်ကလေးဆန့်ပေးတာကြောင့် သားဖက်ထုပ်လေးကို ကောက်ချီလိုက်ရသည်။

Agent of JoyWhere stories live. Discover now