Special Extra [ Zawgyi ]

2.9K 85 11
                                        

ခက်ထည် အိပ်ရာကထတာနဲ့ ဘေးနားက ကလေးနှစ်ယောက်ရဲ့နှဖူးလေးတွေကို အရင်စမ်းကြည့်ရသည်။ သားက မြူးငယ်ဗိုက်ပေါ်မှာ လိပ်ကလေးလိုမှောက်အိပ်နေကာ မြူးငယ်ကသားရဲ့ကျောလေးကိုထိန်းကိုင်ထားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏ ။

မနေ့ညကလောက် အဖျားမတတ်တော့ပေမဲ့ ကိုယ်ကအတော်ပူနေဆဲမို့ ခက်ထည်သက်ပြင်းချလိုက်သည်။ မြူးငယ်နဲ့သားကတစ်ယောက်ဖျားရင် နောက်တစ်ယောက်ကပါ အလိုလို,လိုက်ဖျားတတ်သည်။ မနေ့မနက်က သားက ခြံထဲထွက်ဆော့တာ လေစိမ်းမိသွားပြီး ဖျားတော့သည်။ မကြာ မြူးငယ်ကပါ သားကိုပြုစုရင်း လိုက်ဖျားတော့တာမို့ ပြာယာခတ်ရသူက ခက်ထည်ပင်။

သားပေါက်စလေးကထဲက မြူးငယ်ကအဲ့လိုလိုက်ဖျားတတ်တာကို အစက တိုက်ဆိုင်တာလို့ထင်ခဲ့ပေမဲ့ နှစ်ခါကနေ သုံးခါဖြစ်လာတဲ့အခါမှာတော့ သားဖျားရင် မြူးငယ်ကိုပါ တခါထဲ ဂရုစိုက်ပေးရသည်။

နှဖူးပြင်လေးတွေကို တစ်ချက်စီအနမ်းပေးလိုက်ပြီး ရေချိုးခန်းဝင်လိုက်သည်။ သူပြန်ထွက်လာသည်အထိ ပေါက်စနှစ်ယောက်ကမနိုးသေး။

ဒီတစ်ပတ်တော့ မိသားစုလိုက် စံအိမ်လာနေပြီး အပန်းဖြေနေကြတာ ဖြစ်သည်။ သားငယ်က ခြံဝင်းထဲထွက်ထွက်ဆော့ပြီး ဂိုဏ်းသားတွေ လေ့ကျင့်နေတာမြင်ရင် သူကပါ တလှုပ်လှုပ်နဲ့ လိုက်လုပ်တတ်တာမို့ အားလုံးရဲ့အချစ်တော်လေးဖြစ်နေတော့၏ ။ သားကလည်း တိုက်ခန်းမှာထက် စံအိမ်မှာပိုပျော်တတ်သည်။

'' မင်္ဂလာပါ သခင်ကြီး ''

အစီအရီနှုတ်ဆက်လာကြတဲ့ စားဖိုဆောင်ကဝန်ထမ်းတွေကို လက်ကိုအနည်းငယ်​ဝှေ့ရမ်းကာ သွားခိုင်းလိုက်တော့ ခက်ထည်ကို ဦးညွတ်နှုတ်ဆက်ပြီး ခပ်ယို့ယို့ ထွက်သွားကြသည်။

ဖျားနေတဲ့ကလေးနှစ်ယောက်အတွက် ခက်ထည်ကိုယ်တိုင်သာ ချက်ပြုတ်ကျွေးရလိမ့်မည်။ တခြားသူချက်ကျွေးတာဆို သားကချော့ကျွေးရင် တခါတလေ ရပေမဲ့ ဟိုကလေးလူကြီးလေးကမရ။ အချိန်ကြာလာတာနဲ့အမျှ
မြူးငယ်က သူ့ရဲ့ကလေးဆန်တဲ့ စိတ်လေးတွေကို ခက်ထည်မရိုးရအောင် ထုတ်ပြလာတတ်သည်။ ထိုသို့ပြလာတာကိုပဲ ချစ်မဝပဲ အသည်းတယားယား ဖြစ်နေရသူကတော့ ခက်ထည်ပင်။

Agent of JoyWhere stories live. Discover now