အခန်း (၂) ဗန်ပိုင်းယားမင်းသားလေး

772 46 1
                                    

unicode

သူမရှေ့က ယောကျာ်းပျိုသည် သူမထင်ထားတာနှင့် တက်တက်စင်အောင်ကို ကွဲပြားနေ၏။ သူ့မျက်လုံးများသည် သွေးလို ခြင်းခြင်းနီမနေဘဲ အစွယ်များကလည်း ထွက်မနေခဲ့ချေ။ တကယ်ကတော့ သူ့မှာ အစွယ်ရှိပုံတောင် မပေါ်ဘဲ... သူမအရင်က တွေ့ဖူးသည့် ဗန်ပိုင်းယားတွေလောက်လည်း ဖြူဆွတ်မနေပေ။ အသိသာဆုံးကတော့... ထိုယောကျာ်းပျိုက... ရင်သပ်ရှုမောစရာကောင်းအောင် ချောမောလှသည်။

အီ‌ဗီ စိတ်လွတ်သွားသော်လည်း လူတစ်ယောက် ချောင်းဟန့်သံကြားလိုက်တဲ့အခါမှာတော့ ရုတ်ချည်းပင် လက်ရှိအချိန်ကို ပြန်ဆွဲခေါ်ခြင်းခံလိုက်ရလေသည်။

သူမ၏ လက်ကို သူ၏ဆန့်ထုတ်ထားသည့် လက်တစ်ဖက်ပေါ်သို့ တင်လိုက်ရန် ဖြည်းဖြည်းချင်း မလိုက်သည့်အခိုက်တွင် သူမ အကြည့်မလွှဲနိုင်ဘဲ ဖြစ်နေသည်။ သူ့မျက်ဆံများသည် ငွေရောင်သန်းသည့်မီးခိုးရောင်ဖြစ်ပြီး တောက်ပနေသည့်လမင်းကြီးနှင့်ဆင်တူကာ ထိုမျက်ဝန်းများထဲတွင် ကြယ်ထောင်ပေါင်းများစွာ ဝေ့ဝဲလှုပ်ရှားနေသဖွယ် အရောင်သွေးစုံလင်လှသည်။ မျက်တောင်မွှေးများကလည်း... ယောကျာ်းတစ်ယောက်အတွက်တော့ အလွန်ရှည်လျားပြီး ထူထည်းလှသည့်အပြင် နှုတ်ခမ်း၊ မေးရိုးနှင့် နှာခေါင်း.. တစ်ကိုယ်လုံးရှိ အစိတ်အပိုင်းအားလုံးသည် သူမကို ပြောစရာစကားလုံးတောင် ရှာမတွေ့တော့အောင် လုပ်နေ၏။ ထိုကဲ့သို့ လှပခြင်း၊ ပြည့်စုံခြင်းတွေနဲ့ ထုဆစ်ထားသည့် လူသားတစ်ယောက်ကို တစ်ခါမှ မတွေ့ဖူးခဲ့ချေ။ ဒါပေမဲ့လည်း ထိုသူက အစကတည်းက လူသားမဟုတ်တာကို သူမ သတိရသွားတော့သည်။

အကြည့်လွှဲလိုက်ရန် သူမကိုယ်သူမ ပြောကြည့်ပေမယ့် အကြည့်မလွှဲနိုင်ဘဲ ဖြစ်နေကာ သူတို့အကြည့်ချင်းဆုံသွားတာနဲ့ သူ သူမကိုတစ်ခုခု လုပ်သွားခဲ့တယ်လို့ သူမခံစားနေရသည်။

သူမ၏ လက်နှင့် ထိုသူ၏လက်တို့ ထိတွေ့သွားကြသည့်အခါ သူမ၏ရင်ဘတ်သည် ပို၍ပင် ကျယ်လောင်စွာ တဒုတ်ဒုတ်ခုန်ပေါက်လျက် ကတုန်ကယင်ဖြစ်လုနီးပါး ဖြစ်သွားရတော့သည်။ အီ‌ဗီလက်ကို သူ မလွှတ်လိုက်ခင်တွင် သူမကို သူ့ဘေးနားမှာ ရပ်ခိုင်းလိုက်ပြီး အီ‌ဗီ့လက်ကို သူလွှတ်လိုက်ချိန်မှာတော့ သူ့လက်ရှိခဲ့သည့်နေရာကို လေအေးများက အစားထိုးဝင်လာပြီး ထိုအချိန်မှာသာ ဗန်ပိုင်းယားမင်းသားလေး၏ အရေပြားသည် မအေးစက်မှန်း သူမ သတိထားမိသွားတော့သည်။ ဗန်ပိုင်းယားများသည် သွေးအေးသတ္တဝါများဖြစ်ကြပြီး သူတို့ကို ထိလိုက်လျှင် အလောင်းကောင်လိုပင် အေးစက်နေသည်ဟု လူသားစစ်သည်များထံမှ သူမ ကြားခဲ့ဖူးသည်။

ညို့မှိုင်းယစ်ငင်Donde viven las historias. Descúbrelo ahora