အခန်း (၁) ညလယ်ခေါင်ကြီးတွင်

1.3K 64 4
                                    

unicode

"သခင်မလေးရေ၊ သူတို့ ရောက်နေကြပြီ... မင်းသားလေး ဒီကို ရောက်လာကြပြီ"

အစေခံဖြစ်သူ၏ တုန်ယင်ယင်အသံကို ကြားလိုက်ရသည့်အခါ ချက်ချင်းဆိုသလိုပင် အီဗီ့ပုခုံးများ တောင့်တင်းသွားရတော့သည်။ သူမအခြေအနေကို လာကြည့်ဖို့ ရောက်လာသည့် မိခင်ဖြစ်သူကိုလည်း စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိရင်း ကျောကုန်းပေါ်မှ ချွေးစက်အေးအေးတစ်ပေါက် ကျလို့သွားခဲ့၏။

"အမေ၊ သမီး..." သူမမိခင်၏ ဂါဝန်စကို အီဗီ အသိစိတ်လွတ်စွာ ဖမ်းဆွဲလိုက်မိသည်။ သူမ ဘယ်လိုမှ စိတ်ကိုငြိမ်ငြိမ်ထားပြီး မနေနိုင်တော့ချေ။ လွန်ခဲ့တဲ့ ရက်တွေအတွင်းမှာ ပြင်ဆင်သင့်သလောက် ပြင်ဆင်ထားပြီးပြီလို့ သူမထင်ထားခဲ့သော်လည်း အချိန်ကျလာသည့် အချိန်မှာတော့ ကြောက်ရွံ့မှုနှင့် မသေချာမရေရာမှုတို့က သူမရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကို ရိုက်ချိုးပစ်သလို ဖြစ်နေဆဲပင်။

"တိုးတိုးလေးနေ ကလေးလေး" သူမအမေသည် သူမကို စိတ်မပူပါနှင့်ဆိုသည့် သဘောမျိုးဖြင့် ပွေ့ဖက်လျက် ထိုသို့ဆိုလေသည်။ သို့သည်တိုင် သူ့မျက်ဝန်းနက်ထဲရှိ စိုးရိမ်ပူပန်မှုတွေကတော့ အတိုင်းသားမြင်နေရသေး၏။

"စိတ်မပူပါနဲ့၊ လုပ်နိုင်မှာပါ အမေ့ရဲ့ ကလေးလေး" သူမသည် အီဗီ၏ ကျောကုန်းကို ‌နူးနူးညံ့ညံ့ ပွတ်သပ်လိုက်ရင်း အသံမျှင်မျှင်ဖြင့် တီးတိုးပြောရှာသည်။ "ဒါကို ဘာလို့လုပ်ရလဲဆိုတာကိုလည်း မမေ့နဲ့ အီဗီ"

သူမ၏ ဦးခေါင်းထက်ကို သူမမိခင်က အနမ်းခြွေလိုက်ပြီး တုန်လှုပ်နေပုံမပေါ်သည့်တိုင် စိုးရိမ်ကြောင့်ကြမှုနှင့် နာကျင်ဝမ်းနည်းနေမှုတို့ကို သူမအမေထံမှ အီဗီ ခံစားမိလေသည်။

အီဗီ အသက်ပြင်းပြင်းရှူလိုက်ကာ "ဟုတ်ကဲ့ပါ အမေ" သူမအမေကို အတင်းလုပ်ယူထားရသည့် အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်ရင်း ပြန်ဖြေလိုက်သည်။ "သမီး လုပ်နိုင်ပါတယ်"

"လိမ္မာတဲ့ အမေ့သမီးလေး..." နောက်ဆုံးအကြိမ်အဖြစ် ပွေ့ဖက်ရန် အီဗီ့မိခင်၏ လက်မောင်းများသည် သူမကို ထွေးပွေ့လိုက်ပြီး မကြာခင်မှာပင် အစေခံကို ခေါင်းညိတ်ပြလိုက်တော့သည်။

ညို့မှိုင်းယစ်ငင်Onde histórias criam vida. Descubra agora