(၄)

9.4K 1.1K 66
                                    


{Unicode}

အခန်း(၄)

တင်းယိနန်၏ ဘဝတွင် သူကိုယ်တိုင် ချမှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများအား တစ်ခါလေးသော်မျှ ချိုးဖောက်ခဲ့ဖူးခြင်း မရှိ။

သူသည် ဆရာများ အမြင်တွင် အထုံပါရမီနှင့် လိမ္မာရေးခြားရှိသည့် ကျောင်းသားဖြစ်ကာ အလုပ်ရှင်တစ်ဦးအတွက်ဆိုပါမူ အရည်အချင်းပြည့်ဝသည့် လက်အောက်ငယ်သားဖြစ်ပါ၏။ သူသည် တာဝန်တစ်ခု ပေးအပ်လာပြီဆိုသည်နှင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအရပ်ရပ်ကို ကြိုတင်မှန်းဆကာ အပြည့်ဆုံဆုံးနှင့် အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်တတ်သူမျိုးပင်။

သို့သော်ငြား အနှီ တော်လှပါသည်ဆိုသည့် ဝန်ထမ်းလေး တင်းယိနန်သည် သူဌေးဖြစ်သူ ဟော့ကျိရှောင်း၏ နံဘေးတွင် အဝတ်ကင်းမဲ့လျှက်နှင့် နိုးထလာ၏။ သူ့တစ်ကိုယ်လုံးတွင် ဟော့ကျိရှောင်း၏ အငွေ့အသက်တို့ကလည်း လွှမ်းခြုံနေသေးသည်။

အမှားတစ်ခု ပြုလုပ်လိုက်မိပြီဟူသည့် အတွေးက ကိုက်နေပြီးဖြစ်သည့် ဦးခေါင်းအား ပို၍ ကိုက်ခဲသွားစေသည်။ တင်းယိနန်သည် မျက်လုံးကို မှိတ်ထားကာ အမှားဖြေရှင်းနိုင်မည့် နည်းလမ်းအသွယ်သွယ်အား စိတ်ကူးပုံဖော်ကြည့်လိုက်သည်။ သို့တိုင်အောင် ငါးမိနစ်မျှ ကြာသွားသည်အထိ ဦးနှောက်ထဲတွင် ဗလာသက်သက်ဖြစ်နေဆဲ။ ထိုအချိန်တွင် နှိုးစက်သံက ရုတ်တရက် ထမြည်လာရာ တင်းယိနန်သည် သူ့တွင် လုပ်စရာ အလုပ်များ ရှိသေးကြောင်းကို သတိရသွား၏။

တင်းယိနန်သည် ဘေးနားတွင် အိပ်နေဆဲဖြစ်သည့် ဟော့ကျိရှောင်းအား အနည်းငယ် တွန်းနှိုးလိုက်သည်။

" ဟော့လောင်ရှစ် "

သူ့ ပါးစပ်မှနေ၍ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ခေါ်ဆိုခဲ့ဖူးသည့် အနှီအခေါ်အဝေါ်သည် ခုတော့ဖြင့် တင်းယိနန်အား လှောင်ရယ်နေသည့်အတိုင်း။ နှစ်ဦးသား၏ လက်ရှိအနေအထားမှာ အရင်းနှီးဆုံးသော အခြေအနေတွင် ရှိနေပါလျှက် အမည်နာမတို့သည်ကား စိမ်းသက်လှ၏။

ဟော့ကျိရှောင်းသည် ငြိမ်သက်နေမြဲ။ ဒါသည်သာ တစ်ညတာအိပ်စက်ခြင်းသက်သက်မျှဆိုပါမူ တင်းယိနန်သည် အသေအချာကိုပင် ဘောင်းဘီလေး ကောက်စွပ်ကာ ထွက်သွားလိုက်ရုံပင်။ အိပ်နေသူကို တစ်ချက်ကလေးတောင် ပြန်ကြည့်ဖို့ရန် စိတ်ကူးနေမည် မဟုတ်ပေ။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now