(၅)

9.3K 1.1K 28
                                    


{Unicode}

အခန်း(၅)

ဟော့ကျိရှောင်းနှင့် သုံးနှစ်နီးပါး အတူတွဲလုပ်ပြီးသည့်နောက် တင်းယိနန် ကောက်ချက်ချနိုင်သည်မှာ ထိုသူ့အနားတွင် အမှုတော်ထမ်းဖို့ဆိုသည်က ခက်ခဲသည်ဟူ၍။

သို့သော်လည်း ဟော့ကျိရှောင်းအား ခန့်မှန်းရခက်သူဟူ၍တော့ မမြင်ခဲ့မိပါပေ။

ဥပမာအနေနှင့် လုပ်လက်စ ဒီဇိုင်းပုံစံအား သုန်သုန်မှုန်မှုန်နှင့် စိုက်ကြည့်နေပြီဆိုပါလျှင် နောက်တစ်ဆင့် လုပ်တော့မည်မှာ အနှီဒီဇိုင်းပုံကြမ်းအား လုံးခြေမွှကာ အမှိုက်ပုံးထဲ လွှတ်ပစ်လိုက်လိမ့်မည်။

နောက်ထပ် ဥပမာအနေနှင့် အလုပ်မှအပြန် ဘားတစ်ခုခုသို့ ဝင်ကာ တစ်ခွက်တစ်ဖလား မော့ပြီဆိုလျှင် သို့မဟုတ် ညအိပ်ဖော် တစ်ယောက်ယောက်အား အိမ်ခေါ်ချလာပြီဆိုလျှင် ဤသည်မှာ စိတ်ကောင်းဝင်နေ၍လည်း ဖြစ်နိုင်ကာ စိတ်အခြေအနေ ကောင်းမနေတာလည်း ဖြစ်နိုင်၏။ စိတ်အခြေအနေမကောင်း၍ ဆိုပါမူ အတော့်ကိုကြီးကြီးမားမား အဆင်မပြေဖြစ်နေပြီဖြစ်ကြောင်း မှန်းဆနိုင်သည်။

စိတ်အခြေအနေမကောင်းရခြင်းအား မကြာခဏ ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာမှာ အများကြီး ရှိမနေ။ သူထုတ်ထားသည့် ဒီဇိုင်းများအပေါ် အမြဲအပြစ်ရှာ ထောက်ပြနေတတ်သည့် ဖခင်ဖြစ်သူ ဟော့ရှင်းကြောင့်သာ။

တင်းယိနန်သည် ဟော့ကျိရှောင်းနှင့် အတူသောက်ဖို့ ဆုံးဖြတ်လိုက်မိသည့် အကြောင်းကို ပြန်စဥ်းစားနေမိသည်။ ဟော့ကျိရှောင်းသည် မိမိအား အလုပ်နှင့် ပတ်သက်လာလျှင် အသွေးအသားမရှိသည့် စက်ပစ္စည်းတစ်ခုဟူ၍ သရော်ခဲ့သေးသည်။ ယခု ပြန်စဥ်းစားကြည့်ခါမှ သူသည်လည်း ဟော့ကျိရှောင်းအား ကုန်ထုတ်စက်တစ်ခုသဖွယ် ထင်မြင်နေခဲ့မိသည်ပင်။

တင်းယိနန်အတွက်ကမူ ဟော့ကျိရှောင်း၏ ကိုယ်ပိုင်ဘဝ သို့မဟုတ် သူ၏ ဒီဇိုင်းများ ကောင်းလား ဆိုးလားဆိုသည်ကို နည်းနည်းမှပင် ဂရုစိုက်ပါပေ။ သူအလေးထားသည်က ထိုစက်ယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရန် ချောဆီအဖြစ် ဆောင်ရွက်ပေးရမည်ဟူ၍။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now