{Unicode}
ကောရိ နှင့် လင်းကော် (၄)
ယခုအပတ်တွင် သူနှင့် လင်းကော် ဒုတိယအကြိမ် တွေ့ဖြစ်ကြသည်။
ချိန်းဆိုထားကြသည့် နေရာမှာ ဆယ်လီတစ်ဦး ဖွင့်လှစ်ထားသည့် ဟော့ပေါ့ဆိုင်တွင်ဖြစ်သည်။ ဆိုင်၏ လုံခြုံရေးမှာ ကောင်းမွန်သည်ဟုဆို၍ရပြီး အနှောက်အယှက် ကင်းရှင်းစေရန်အတွက် သူတို့ နှစ်ယောက်သည် သီးသန့် အခန်းငယ်လေးတစ်ခု ယူလိုက်ကြ၏။
လင်းကော်သည် ယနေ့တွင် ပုံမှန် ထသွားထလာ ၀တ်စုံကို ၀တ်ဆင်ထားပြီး အင်္ကျီလည်ပင်းက အနည်းငယ် ချောင်ကျနေလေရာ ညှပ်ရိုးတစ်ဝိုက်ကို ပေါ်လွင်သွားစေသည်။ ဤသည်မှာ ကောရိ အသိအမှတ် မပြုဘဲ မနေနိုင်သည့် အလှတရားတစ်ခု ဖြစ်တော့သည်။
လင်းကော်က မီနူးကို ကြည့်လိုက်ပြီး ပုံမှန်ကဲ့သို့ပင် မေးလာသည်။
" မင်း အစပ် စားနိုင်လား "
" ဟုတ် "
အမှန်တွင် သူသည် အစပ် မစားနိုင်ပါချေ။ တင်းယိနန်တို့ နှစ်ယောက်နှင့် ပထမဆုံးအကြိမ် အတူသွားစားကြစဥ်တုန်းက အောင့်အီးပြီး ဟူနန်ဟင်းလျာကို စားလိုက်မိရာ ချွေးတလုံးလုံး ထွက်ခဲ့ရဖူးသည်။
ဤသည်ကို ရိပ်မိသွားသည့် တင်းယိနန်က ခေါင်းမာပြီး မတတ်နိုင်သည်ကို ကြိတ်မှိတ်သည်းခံဖို့ မလိုကြောင်း ပြောခဲ့ဖူး၏။ ရိုးရိုးသားသားပြောရလျှင် သူသည်လည်း အစွမ်းပြရသည်ကို မနှစ်သက်ပေ။ သို့သော် သူတပါးအရှေ့တွင် ပျော့ညံ့မှုကို ထုတ်ပြမိပါက နှိမ့်ချခံရမည် စိုးသောကြောင့်သာ။
နောက်ဆုံးတွင် လင်းကော်က အစပ်တစ်အိုး မှာလိုက်သည်။ ပွက်ပွက်ဆူနေသည့် အနီရောင် စီချွမ်ငရုပ်ဆီနှင့်အတူ ငရုတ်ကောင်း၊ ငရုတ်သီးခြောက်များ ပြည့်နှက်နေသည့် ဟင်းရည်အိုးကို မြင်လိုက်ရသည့် ခဏတွင် ကောရိသည် ဦးရေပြားတွေပင် ထုံလာသလို ခံစားလိုက်ရသည်။
ကောရိသည် သူ့လျှာ ခံနိုင်ရည်ရှိစေရန်အတွက် အလွန်တရာမှပင် နှေးကွေးစွာ စားနေရသည်။ သို့သော်လည်း သိပ်မစားလိုက်ရသေးခင်မှာပင် လင်းကော်က လက်ဖြင့် မေးကို ထောက်ထားလိုက်ရင်း သူ့ကို ကြည့်ကာ မေးလာသည်။
YOU ARE READING
Aesthetic Formula {မြန်မာဘာသာပြန်}
RomanceTitle: Aesthetic Formula (美学公式) Author: 空菊/Kong Ju Category: Danmei Release time: 2021-05-30 Status: Completed with 59 chapters Source: https://www.gongzicp.com/novel-305631.html ** I do not own this story. All the credits go to the original author...