(၃၈)

6.5K 818 23
                                    

{Unicode}

အခန်း(၃၈)

ဟော့ကျိရှောင်းသည် ညမိုးချုပ်သည်အထိ အလုပ်လုပ်နေပြီး ညစာကိုပင် အလောတကြီး ထွက်စားကာ ချက်ချင်း အလုပ်ခန်းထဲ ပြန်ဝင်သွားသည်။

ပုံမှန်အတိုင်းဆိုပါလျင် တင်းယိနန်သည် ဟော့ကျိရှောင်းကို မည်သည့်အနှောက်အယှက်မှ မဖြစ်စေဘဲ အလုပ်ခန်းအတွင်း၌သာ နေစေမည်ဖြစ်ပါ၏။ သို့သော်လည်း ယနေ့အဖို့ရာမူ အပြစ်မကင်းသလို ခံစားနေရပြီး ဟော့ကျိရှောင်းဆီမှ အပြစ်မြင်ခံရမည်ကိုလည်း စိုးရိမ်နေမိရာ သူသည် ဟော့ကျိရှောင်း အလုပ်ခန်းနားတွင် တဝဲလည်လည်ဖြစ်နေရသည်။ အဆုံးတွင် သေချာစဥ်းစားဆုံးဖြတ်လိုက်ပြီး ဟော့ကျိရှောင်း၏ အလုပ်ခန်းတံခါးကို အသာခေါက်လိုက်သည်။ ထို့နောက် တံခါးဖွင့်ကာ ကိုယ်တစ်ပိုင်းတိုးဝင်လိုက်ပြီး

" ကျွန်တော်တို့ နက်ဖြန် ရုပ်ရှင်သွားကြည့်ကြမလား "

" ဟမ် ? "

ဟော့ကျိရှောင်းသည် ကွန်ပျူတာစခရင်မှ အကြည့်ခွာလိုက်ကာ နှာတံပေါ်ရှိ အနက်ရောင်ဘောင်ကွပ်မျက်မှန်ကို သူ့လက်ခလည်ဖြင့် လျှောချလိုက်ပြီး ပြန်မေးလာသည်။

" ရုပ်ရှင်ကြည့်ကြမယ်၊ တကယ်ကြီးလား ? "

နေ့ခင်းတုန်းက ပြောခဲ့ဖူးသည်ကို အမှတ်မရတော့သည့်အလား တုန်ပြန်သည့် လေသံထဲတွင် ပျော်ရွှင်ခြင်း အလျင်းမပါ။

ဟော့ကျိရှောင်းတွင် တင်းယိနန် သဘောကျသည့် အရာတစ်ခုရှိပြီး ဤသည်မှာ သူ အလုပ် လုပ်နေသည့်အချိန်ဆိုလျင် လုပ်နေသည့် အလုပ်အပေါ်တွင်သာ အာရုံစူးစိုက်ထားခြင်းပင်။ သတိထားမိသလောက် မနက်ပိုင်းတုန်းကပင် ဟော့ကျိရှောင်းသည် အလုပ်လုပ်လျင် တပ်ထားလေ့ရှိသည့် မျက်မှန်ကို တပ်မထားသေးဘဲ ကော်ဖီတစ်ခွက်တောင်းသောက်ပြီး အလုပ်လုပ်ဟန်ဆောင်နေသည့်နှယ် လက်ဖြင့် ဟိုဟိုဒီဒီ လျှောက်ကိုင်နေလို့ကောင်းတုန်းရှိသေးသည်။

ဤသည်မှာ လူသားတိုင်း၏ သဘာဝပင်။ အလုပ်လေးတစ်ခု စလုပ်ဖို့အရေး ရနိုင်သမျှအချိန်ဆွဲလေ့ရှိကြသည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now