(၁၃)

7.3K 962 22
                                    


{Unicode}

အခန်း(၁၃)

ရှင်းယန်တစ်ရွာလုံးတွင် အိမ်ခြေတစ်ရာနီးပါးမျှရှိရာ တင်းယိနန်အဖို့ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်မေးနေဖို့ရန် မလွယ်။ သို့ကြောင့် သူသည် ရွာသူရွာသားတွေ၏ သဘောထားကို တီးခေါက်ဖို့ရန်အတွက် အတွင်းရေးမှူးလျိုဆီ အကူအညီတောင်းရတော့သည်။

လျိုကျစ်ရှူး၏ ချိတ်ဆက်ပေးမှုနှင့်အတူ တင်းယိနန်သည် ကျေးရွာကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးပြီး ဆောက်လုပ်ရေးတွင် ဒေသတွင်း အလုပ်သမားများအား အသုံးပြုခွင့် သဘောတူညီချက်ကိုပါ တစ်ပါတည်း တောင်းခံခဲ့သည်။ ကိစ္စများပြီးသွားသည့်အခါ တင်းယိနန်သည် ရွာအနောက်က်ရှိ ဝါးအုပ်တန်းဆီ ထွက်လာခဲ့သည်။ ဤတွင် နာရီအတော်ကြာအောင် ပျောက်နေခဲ့သည့် ဟော့ကျိရှောင်းကို ဝါးရုံတစ်ခုနားတွင် တွေ့လိုက်ရ၏။

တင်းယိနန်သည် ဟော့ကျိရှောင်းကို တွေ့သည်တွင်

" နေရာကောင်း တွေ့ထားပြီလား "

ဟော့ကျိရှောင်းမှာ မည်သည့်နေရာသို့ သွားခဲ့သည် မသိ။ သူ၏ အင်္ကျီနှင့် ဘောင်းဘီတို့တွင် ညစ်ပတ်ပေရေနေကာ လက်အစုံမှာမူ ရွှံ့တို့ဖြင့် လူးနေသည်။

" ​အနေအထားတော့ မဆိုးဘူး၊ ဒီလို စေးပစ်တဲ့ မြေမျိုးနဲ့ဆို မြေစေးနံရံတောင် လုပ်လို့ရလောက်တယ် "

ဟော့ကျိရှောင်းသည် သူ့လက်ဖမိုးတွင် ရွှံ့စေးတွေ ပေကျံနေသည်ကို သတိပြုမိပုံမရ။ အနှီလက်နှင့် အနည်းငယ် ချွေးစို့စပြုနေသည့် နဖူးထက်အား သုတ်လိုက်မိသည်တွင် မျက်နှာထက်ဝယ် ရွှံ့ကြောင်းရာတစ်ခုကို ချန်ကာထားရစ်သည်။

တင်းယိနန်သည် အိတ်ကပ်အတွင်း အသင့်ဆောင်ထားသည့် လက်ကိုင်ပုဝါကို ယူထုတ်ပြီး ဟော့ကျိရှောင်းဆီ ကမ်းပေးလိုက်ကာ

" မျက်နှာကို သုတ်လိုက်ဦး "

တင်းယိနန်တွင် လက်ကိုင်ပုဝါဆောင်ထားတတ်သည့် အကျင့်မှာ လွန်ခဲ့သည့် နှစ်နှစ်လောက်က စတင်ခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ ဧည့်ခံပွဲတစ်ခုတွင် စားပွဲထိုးတစ်ဦးသည် ဂျပန်ဗိသုကာပညာရှင်တစ်ဦး၏ အဝတ်အစားများပေါ် မတော်တဆဖြင့် ဝိုင်နီများ ဖိတ်ကျသွားခဲ့သည်။ ထိုသူသည် ချက်ချင်းပင် အသင့်ဆောင်ထားခဲ့သည့် လက်ကိုင်ပုဝါကို ယူထုတ်လိုက်ပြီး ပေကျံသွားသည့် နေရာတစ်ဝိုက်ကို သုတ်လိုက်သည်။ ဤသို့ လုပ်ဆောင်လိုက်ခြင်းအားဖြင့် ဝိုင်နီပျံ့နှံ့မှုကို ဟန့်တားလိုက်နိုင်ရုံသာမက စားပွဲထိုးအား အရှက်ရစေမှုကိုလည်း သက်သာသွားစေသည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now