(၅၃)

5K 688 12
                                    

{Unicode}

အခန်း (၅၃)

လူငါးဦးအတွက် အခန်းသုံးခန်းအား မည်သို့ နေရာချမည်နည်း။ ပုံမှန်အားဖြင့် တစ်၊ နှစ်၊ နှစ်ဟူ၍ ခွဲလိုက်ကြမည်သာ။

အထက်လူကြီးဖြစ်သည်နှင့် အားလျော်စွာ ဟော့ရှင်းအတွက် တစ်ခန်းထားပေးရမည်။ ကျန်သည့်နှစ်ခန်းတွင် တင်းယိနန်နှင့် ဟော့ကျိရှောင်းက တစ်ခန်း၊ အတွင်းရေးမှူးနှင့် ကားဆရာက တစ်ခန်း ဖြစ်သွားပေလိမ့်မည်။

အရာအားလုံးမှာ ကျိုးကြောင်းဆီလျော်နေပါသည့်တိုင် ဟော့ရှင်းက သူ့လက်အတွင်းမှ သော့ကို ဆွဲယူသွားသည့်ခဏတွင် တင်းယိနန်၏ စိတ်ထဲ ထိတ်ခနဲဖြစ်သွားရသေး၏။ သူသည် အလိုလိုပင် ဟော့ကျိရှောင်းဆီ လှမ်းကြည့်လိုက်မိသည်။

ဟော့ကျိရှောင်း၏ အမူအရာမှာ ပြောင်းလဲမှု မရှိ။ သို့သော်လည်း ထိုသူ့အပေါ် တင်းယိနန်၏ နားလည်နိုင်စွမ်းအရ အပေါ်ယံတွင်သာ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ "အပြင်ပန်းတွင် ခွေးအိုကြီးတစ်ကောင်လို ငြိမ်သက်နေသော်ငြား အတွင်းဘက်တွင် ခွေးကလေးတစ်ကောင်အလား ထိတ်ပြာနေ" ဟူသည့်အတိုင်း ဖြစ်နေပေတော့မည်။

" မြို့တော်ဝန်နဲ့ အဖွဲ့က အပေါ်ထပ်မှာ နေကြမယ်ထင်တယ် "

ဟော့ရှင်းက ဟော့ကျိရှောင်းကို လှမ်းပြောသည်။

" ခဏကျ ငါ့ဆီ လာခဲ့ဦး၊ သူတို့နဲ့ သွားတွေ့ဖို့ "

အလုပ်အကြောင်းဖြစ်နေ၍ ဟော့ကျိရှောင်း၏ လှုပ်ခတ်နေသည့် စိတ်အစဥ်မှာ တည်ငြိမ်လို့သွားပြီး

" ဟုတ်ကဲ့ "

ဟော့ရှင်းက ပြောပြီးသည်နှင့် လှည့်ပြီး ဒုတိယထပ်ဆီ တက်သွား၏။ သူ့အတွင်းရေးမှူးနှင့် ကားဆရာက သူ့ အနောက်မှ တက်လိုက်သွားကြသည်။

တင်းယိနန်က အကြောက်အလန့် မပြေနိုင်သေးသည့် အမူအရာဖြင့် ဟော့ကျိရှောင်းကို ကြည့်လိုက်ပြီး

" သူ သိမနေလောက်ပါဘူးနော်၊ ဟုတ် ?"

" မသိတာပဲ ဖြစ်နိုင်ပါတယ် "

ဟော့ကျိရှောင်းက ခေါင်းအသာယမ်း၍ ဆိုလာသည်။

" သူသာ သိနေရင် ငါ့ကို အရေခွံနွှာပြီးတာ ကြာပေါ့ "

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now