(၁၂)

7.5K 988 19
                                    

{Unicode}

အခန်း(၁၂)

ယခုညအဖို့ တင်းယိနန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်။ မှေးခနဲ အိပ်ပျော်သွားလျှင်ပင် သူ့ကိုယ်သူ ခနော်ခနှဲ့ ပုခက်တစ်ခုထဲ ရောက်နေသလို ခံစားရပြီး စိုးရိမ်စိတ်က ကြီးစိုးနေသည်။

ပုခက်ဆီမှ ရုန်းထွက်ရန် အစွမ်းကုန် ကြိုးစားသည့်တိုင် ပုခက်အောက်တွင် အဆုံးမရှိသော ချောက်ကြီးတစ်ခု ရှိနေပြန်သည်။ ပြုတ်ကျလိုက်၊ ပြန်ထလိုက်နှင့် အသည်းအသန် လှုပ်ရှားနေရချိန် နူးညံ့သည့် လက်တစ်စုံက သူ့ကို ထွေးပွေ့ယူငင်ကာ အိစက်နေသည့် တိမ်တိုက်များဆီ ခေါ်ဆောင်လို့သွား၏။

တိမ်တိုက်တွေအလယ် အိပ်စက်ရသည်က အလွန်တရာမှပင် သက်တောင့်သက်သာရှိလွန်းလှသည်။ သို့သော်လည်း အိပ်စက်လို့မှ မဝသေးခင် စူးရှတောက်ပသည့် အလင်းတန်းတစ်ခုက သူ့ကို လှုပ်နိုးလိုက်၏။

တင်းယိနန်သည် အအိပ်စပ်သူဖြစ်ရာ ဆူညံသံများနှင့် အလင်းရောင်သည် သူ့အပေါ် ကြီးမားစွာ အကျိုးသက်ရောက်မှုရှိသည်။ အိပ်စဥ်က တပ်ထားခဲ့သည့် မျက်လုံးစည်းသည် သူ နိုးထလာချိန်တွင် ရှိမနေတော့။ သူ့ကို ဆီးကြိုသည်က ပြတင်းတံခါးဆီမှ ဝင်ရောက်လာသည့် နေရောင်ခြည်ဖြစ်ကာ တစ်ဆက်တည်း ဆွဲဆောင်မှုရှိလွန်းလှသည့် မျက်နှာတစ်ခုကိုပါ တွေ့မြင်လိုက်ရသည်။

တစ်ခါက ဟော့ကျိရှောင်းသည် စံနှုန်းမီအလှတရားအပေါ် သူ၏ ခံယူချက်အား တင်းယိနန်ကို ပြောပြခဲ့ဖူးသည်။ ဥပမာအားဖြင့် ပြီးပြည့်စုံသော မျက်နှာအချိုးအစားဟု ဆိုလာလျှင် အနှီမျက်နှာပြင်၏ အကျယ်နှင့်အလျား အချိုးချလိုက်သည့်အခါ 1.618 အချိုးအတိုင်း ဖြစ်နေသင့်သည်ဟူ၍။

သူ့အရှေ့ရှိ မျက်နှာပိုင်ရှင်သည်လည်း အနှီရွှေရောင်အချိုးအစားနှင့် ကိုက်ညီပါ၏။ ထိုသူ့ မျက်နှာပေါ်ရှိ အစိတ်အပိုင်း တစ်ခုချင်းဆီတိုင်းကပင် အချိုးအဆစ်ပြေပြစ်ကာ ဆွဲဆောင်မှုရှိလွန်းလှသည်။

နေပါဦး။

တင်းယိနန်သည် သူ့ အတွေးနှင့်သူ နှစ်မျှောနေရာမှ ချက်ချင်း အသိပြန်ဝင်လာသည်။ ထို့နောက်တွင် သူ၏ အိပ်စက်ခြင်းအား အနှောက်အယှက်ဖြစ်စေခဲ့သည့် လက်သည်ကို တန်းရှာတွေ့သွား၏။ သို့ဖြစ်ရသည်က သူ့ကိုယ်လုံးသည် ခုတင်နှစ်လုံး စပ်ထားသည့် ကြားထဲတစ်ဝက်တစ်ပျက် ကျရောက်နေကာ ကျန်တစ်ပိုင်းမှာ ဟော့ကျိရှောင်း၏ အိပ်ရာပေါ် ရောက်ရှိနေသောကြောင့်ပင်။ ဟော့ကျိရှောင်းသည် ခုတင်အစွန်အဖျားနား ရောက်လုရောက်ခင်အထိ တင်းယိနန်အတွက် နေရာဖယ်ပေးထားရပြီး ချစရာ နေရာမရှိရှာလေသည့် သူ၏ လက်တစ်ဖက်မှာမူ တင်းယိနန်၏ ခါးပေါ် တင်ထားလျှက်သားဖြစ်နေ၏။

Aesthetic Formula {မြန်မာဘာသာပြန်}Où les histoires vivent. Découvrez maintenant