{Unicode}
အခန်း(၁၆)
ဟော့ကျိရှောင်းက ရုတ်တရက် ကောက်မေးလာသည်။
" လစာက ဘယ်လောက်လဲ "
တင်းယိနန်က ဂဏန်းစဥ်တန်းတစ်ခုကို ရွတ်ပြလိုက်၏။
" ငါ အမှတ်မမှားဘူးဆို ... "
ဟော့ကျိရှောင်းသည် ခဏမျှရပ်လိုက်ပြီးမှ
" မင်းရဲ့ လစာကို ငါ့ အောက်ကနေ ဖြတ်တာမလား၊ ဟုတ် ? "
တင်းယိနန်က မငြင်း။
" ဟုတ်တယ် "
ဟော့ကျိရှောင်းသည် စုတ်သပ်လိုက်ပြီး
" ဒါဆို မင်းက လတိုင်း လတိုင်း ငါ့ကို ဂုတ်သွေးစုပ်နေတာပေါ့လေ "
တင်းယိနန်အဖို့ရာ သူ ယူထားသည့် လခနှင့် ပတ်သက်၍ မထိုက်တန်ဘူးဟူသည့်အတွေး တစ်ခါလေးတောင်မှ မဝင်ဖူးခဲ့။ ထို့ကြောင့်ပင် ဟော့ကျိရှောင်းစကားကို ကြားသည့်အခါ မာန်အပြည့်နှင့် ပြန်မေးလိုက်၏။
" ကျွန်တော် အဲ့လောက်ရဖို့ မတန်လို့လား "
ဟော့ကျိရှောင်းက ချက်ချင်းပြန်မဖြေ။ ခပ်ဝေးဝေးသို့ အကြည့်တွေ ပို့လွှတ်ထားကာ ဘာတွေ တွေးတောနေမှန်း မသိပါချေ။ အတော်ကြာသွားမှ
" ပေးရတဲ့ လစာနဲ့ တန်မတန်ဆိုတာ ငါ ဘယ်သိမလဲ၊ အစီရင်ခံစာ အရင်တင်မှ ဆုံးဖြတ်လို့ရမှာပေါ့ "
တင်းယိနန် : " ..... "
ဝန်ထမ်းတိုင်း မည်သူမျှ အစီရင်ခံစာ မတင်လိုကြ။ ထိုအထဲ တင်းယိနန်သည်လည်း ချွင်းချက်မရှိပါဝင်၏။
ကျို့ရှဲန်းရှိ ဝန်ထမ်းတိုင်း နှစ်ကုန်ပြီဆိုလျှင် တစ်နှစ်တာအတွင်း ကိုယ်စွမ်းဆောင်ခဲ့သည့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ အစီရင်ခံစာတစ်စောင်ကို မဖြစ်မနေ တင်ပေးရသည်။ ထိုအစီရင်ခံစာပေါ် မူတည်၍ အဆိုပါဝန်ထမ်းအား နောက်တစ်နှစ်အတွက် လစာတိုးပေးသင့် မသင့်ကို ဆုံးဖြတ်လေ့ရှိကြသည်။
တင်းယိနန်အတွက် တိုက်ရိုက်ဆုံးဖြတ်ပိုင်ခွင့်ရှိသူမှာ ဟော့ကျိရှောင်းဖြစ်သော်ငြား သူသည် ဘယ်သောအခါမှ အနှီကိစ္စများနှင့် ပတ်သက်ပြီး စိတ်ဝင်စားလေ့မရှိပါချေ။ ထို့ကြောင့်ပင် တင်းယိနန်သည် ပြီးခဲ့သည့် သုံးနှစ်အတွင်း ဟော့ရှင်းဆီသို့သာ အစီရင်ခံစာတင်ရသည်။ အကယ်၍များ ဟော့ကျိရှောင်းသာ ထိုအထဲတွင် ပါဝင်သည့် အစီရင်ခံချက်များကို သိလိုက်ရမည်ဆိုပါလျှင် သဘောကျနိုင်လောက်မည်မဟုတ်ကြောင်း တင်းယိနန် သိနေသည်။
YOU ARE READING
Aesthetic Formula {မြန်မာဘာသာပြန်}
RomanceTitle: Aesthetic Formula (美学公式) Author: 空菊/Kong Ju Category: Danmei Release time: 2021-05-30 Status: Completed with 59 chapters Source: https://www.gongzicp.com/novel-305631.html ** I do not own this story. All the credits go to the original author...