(၁၀)

7.9K 1K 20
                                    

{Unicode}

အခန်း(၁၀)

တည်းခိုဆောင်မှာ ပေနှစ်ဆယ်ပတ်လည်မျှသာရှိပြီး ဟော့ကျိရှောင်း၏ ရေချိုးခန်းလောက်သော်မျှ မကျယ်ပေ။ လမ်းဘက်မျက်နှာမူထားသည့် အခြမ်းဘက်တွင် ခပ်ကျဥ်းကျဥ်း ပြတင်းပေါက်လေးတစ်ခုရှိသည်။ ထိုပြတင်းပေါက်နားတွင် ရပ်နေရုံမျှဖြင့် ဘေးခန်းတွင်ရှိသည့် အမကြီး၏ ပေါက်ပေါက်ဖောက်သံကိုပင် ကြားနိုင်မည်ဖြစ်ပါ၏။

တင်းယိနန်မှာ ချေးများသူ မဟုတ်ရလေရာ အခန်းလေးမှာ အဆင်ပြေသည့် အနေအထားတွင်ရှိသည်။ ဟော့ကျိရှောင်း၏ မျက်နှာမှာတော့ မနှစ်မြို့ဟန်က အထင်းသား ပေါ်လွင်လို့နေသည်။ ဟော့ကျိရှောင်းသာ သူ့ စိတ်ထဲရှိသလို ဤပရောဂျက်အား လက်လွှတ်လို့ရပါလျှင် အချိန်ဆိုင်းမနေဘဲ ချက်ချင်းလက်ငင်း ပြန်ထွက်သွားမှာဖြစ်ကြောင်း တင်းယိနန် ယုံကြည်သည်။

" ဘယ်ခုတင် ယူမလဲ "

တင်းယိနန်သည် ခရီးဆောင်အိတ်ကို နေရာချလိုက်ပြီး ဟော့ကျိရှောင်းကို အရင်ဦးစားပေး ရွေးချယ်ခိုင်းလိုက်သည်။

တကယ်တန်း ခုတင်နှစ်ခုမှာ အတူတူသာဖြစ်ပြီး တစ်ဘက်တွင် ပြတင်းပေါက်ရှိနေတာသာ ကွာသွားသည်။ ခုတင်နှစ်လုံးအလယ်တွင်မူ စားပွဲငယ်တစ်လုံး ထားပေးထားသည်။

ဟော့ကျိရှောင်းသည် မျက်မှောင်ကြုတ်ကာ

" ဘယ်တစ်ခုဖြစ်ဖြစ် "

" ဒါဆို လောင်ရှစ်က ပြတင်းပေါက်ရှိတဲ့ဘက်မှာ နေလိုက်ပါ "

အခန်းတွင် ဝရန်တာအပို မပါသလို ပြတင်းပေါက်ကလည်း အကျယ်ကြီး မဟုတ်။ သို့တိုင်အောင် အခြားတစ်ဘက်တွင် ရေချိုးခန်းရှိနေသည့် ခုတင်ထက် ပြတင်းပေါက်ရှိသည့်ဘက်က သာ၍ကောင်းသည်ပင်။

ရှင်းယန်ရွာတစ်ဝိုက် လိုက်လံပြသရန်အတွက် အတွင်းရေးမှူးလျိုသည် အောက်ဘက်တွင် စောင့်နေတုန်းဖြစ်သည်။ သို့ဖြစ်ရာ သူတို့ ပစ္စည်းတွေကို နေရာချဖို့ အချိန်အကြာကြီး ယူနေဖို့ မသင့်တော်ပေ။

အခန်းထဲမှ မထွက်ခင် တင်းယိနန်သည် ဟော့ကျိရှောင်းကို ခဏမျှ ရပ်ခိုင်းလိုက်ပြီး သူ့ ခရီးဆောင်အိတ်ထဲက စပရေးတစ်ဘူး ယူထုတ်လိုက်ကာ ဟော့ကျိရှောင်းကိုယ်ပေါ် ဖျန်ပေးလိုက်သည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now