Chapter 1

4K 206 0
                                    

Chapter 1
တံခါးအပြင်ရှိ ကျယ်လောင်သော စကားပြောသံများနှင့် ဆက်တိုက်ပြေးလွှားနေသံများကြောင့် ချင်းရှင်း အိပ်ပျော်နေရာမှ နိုးလာခဲ့သည်။

ချင်းရှင်း စိတ်ရှုပ်ထွေးစွာဖြင့် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်မိသည်။ ခေါင်းရင်းဘက် တစ်မီတာလောက်တွင် အဖြူရောင်နံရံတစ်ခုရှိနေပြီး ညာဘက်တွင်လည်း အလားတူပင်ဖြစ်သည်။ ချင်းရှင်း ညာလက်ကိုအားပြုကာ ငုတ်တုတ်ထထိုင်လိုက်သည်။ သူမအရှေ့နှင့် ဘယ်ဘက်တွင်မူ အပြာရင့်ရောင် ခန်းဆီးကန့်လန့်ကာများ ရှိနေ၏။ ထိုမြင်ကွင်းအား သူမမြင်ဖူးနေသလိုပင်။

ခန်းဆီးစကို ဆွဲဖွင့်လိုက်သည်နှင့် သူ့အရှေ့တွင် တစ်ဆယ်စတုရန်းမီတာပင် မပြည့်သော အခန်းကျဥ်းလေးတစ်ခု ပေါ်လာခဲ့သည်။ ချင်းရှင်း အိပ်နေသည့်နေရာက အောက်ဘက်၌ စားပွဲခုံတစ်ခုရှိသော အိပ်စင်တစ်ခုပေါ်တွင် ဖြစ်သည်။ အခန်းထဲ၌ သူမအိပ်စင်နှင့် တစ်ပုံစံတည်းတူသည့် အိပ်စင်သုံးခုလည်း ရှိနေသေးသည်။ အခန်းထဲ၌ လသာဆောင်သေးသေးလေး တစ်ခုနှင့်အတူ နံဘေးကပ်လျက်၌ သန့်စင်ခန်းတစ်ခုလည်း ပါလေသည်။

ချင်းရှင်း ကိုက်ခဲနေသောခေါင်းကို ပွတ်လိုက်မိသည်။ ထို့နောက် ခုတင်ပေါ်တွင် ခဏမျှဆက်ထိုင်နေလိုက်ပြီးမှ ဖြည်းဖြည်းချင်း အောက်ဆင်းလိုက်၏။

အောက်ဘက်ရှိ စားပွဲပေါ်မှမှန်ထဲတွင် ရှုပ်ပွနေသော ဆံပင်များနှင့် အဝါရောင် ပီကာချူးညအိပ်ဝတ်စုံ ဝတ်ထားသော သူ့ပုံစံသူ ချင်းရှင်းပြန်မြင်လိုက်ရသည်။ ဆံပင်များကို လှန်တင်လိုက်သည်နှင့် လက်တစ်ဝါးအရွယ်ရှိ ပြစ်မျိုးမှဲ့မထင် ဖြူဖွေးသော မျက်နှာလေးတစ်ခု ပေါ်လာလေသည်။ ငယ်ရွယ်နုပျိုမှုအပြည့်ဖြင့် သူမမျက်နှာလေးကို ချင်းရှင်းထိကိုင်ကြည့်မိ၏။

ထိုသို့ ထိကိုင်လိုက်သည်နှင့် သူမပြန်မွေးဖွားလာခြင်းဖြစ်ကြောင်း ချင်းရှင်းတစ်ယောက် သေချာသွားတော့သည်။

‘ငါ့အရှေ့မှာ ရှိနေတဲ့အခန်းက သေချာပေါက် ကောလိပ်အဆောင်ပဲ’

ချင်းရှင်း စားပွဲတွင်ဝင်ထိုင်ကာ သူမကိုယ်သူမ မှန်ထဲ၌ သေချာကြည့်လိုက်မိသည်။ ပြန်လည်မမွေးဖွားခင်က ဖြစ်ပျက်ခဲ့သော အရာအားလုံးမှာ အိပ်မက်တစ်ခုလိုပင်။

သူမ အလုပ်ခရီးမှ ပြန်လာပြီး ရှီဟုန်နှင့် နောက်တစ်ကြိမ် စကားထပ်များခဲ့၏။ သူမ အိမ်ထောင်ကျပြီးပြီဆိုမှတော့ အလုပ်ကိစ္စဖြင့် ခရီးမသွားသင့်တော့ဟူသည်က ရှီဟုန်၏ ယုံကြည်ချက်ဖြစ်သည်။ ဒါပေါ့၊ ပိုက်ဆံတော့ ရှာ၊ ခရီးတော့မထွက်နဲ့ ဆိုတာမျိုးပင်။
သို့သော်လည်း လောက၌ ထိုအရာမျိုး ရှိပါမည်တဲ့လား။ ရန်ဖြစ်ပြီး မကြာခင်မှာပင် ရှီဟုန်က ချင်းရှင်းအား ပိုက်ဆံထပ်တောင်းပြန်သည်။ ချင်းရှင်းရင်ထဲတွင် အမြဲတမ်းဖိနှိပ်ထားခဲ့သော ဒေါသများက ပေါက်ကွဲထွက်လာပြီး နောက်ဆုံးကြိုးမျှင်လေးက ပြတ်တောက်သွားသော ထိုအခိုက်အတန့်မှာပင် ကွာရှင်းဖို့စာတင်ခဲ့ခြင်း ဖြစ်သည်။

သူ့ခေါင်းထဲတွင် အကြိမ်ကြိမ် ပေါ်လာဖူးသော ထိုရင်းနှီးနေသည့်အသံကို သူမှတ်မိနေသေး၏။ သူ တစ်ခြားလမ်းကိုရွေးချင်တိုင်း သူရွေးချယ်ထားသော လမ်းကြောင်းကို မလျှောက်ဖို့ သတိပေးရန်အတွက် ထိုအသံက သူ့စိတ်ထဲတွင် ပေါ်လာမြဲဖြစ်သည်။
ချင်းရှင်း ကွာရှင်းခွင့်တင်လိုက်ချိန်တွင် သူမ ကွာရှင်းပါက သေလိမ့်မည်ဖြစ်ကြောင်း ထိုအသံက ပြင်းပြင်းထန်ထန် သတိပေးခဲ့၏။

သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ သေရမည်ဆိုလျှင်တောင် ရအောင်ကွာရှင်းမည်ဟု ချင်းရှင်းက စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်နေခဲ့သည်။
ဤသို့ဖြင့် ချင်းရှင်း သတိလစ်သွားခဲ့ပြီး ယခုပြန်နိုးလာခဲ့ခြင်းပင်။

သို့သော်လည်း သေဆုံးသွားသည့် အခိုက်အတန့်မှာပင် သူမသည် စာအုပ်တစ်အုပ်ထဲမှ ဇာတ်ပို့မင်းသမီးတစ်ဦးဖြစ်ပြီး သူမ၏တည်ရှိမှုက ဇာတ်လိုက်မ၏ အခက်အခဲကို မီးမောင်းထိုးပြရန် တည်ရှိနေရခြင်းဖြစ်ကြောင်း ချင်းရှင်းနားလည်သွားခဲ့သည်။
ဒါက တစ်ကယ်ကိုမထင်ထားမိတာပဲ။ အဲဒီတုန်းက ငါခုခံဖို့ ကြိုးစားတဲ့အချိန်တိုင်း ငါရွေးချယ်တဲ့ လမ်းကြောင်းကိုလျှောက်ရင် ဆိုးရွားတဲ့အကျိုးဆက်တွေ ရှိလာမယ်လို့ အဲဒီအသံက သတိပေးနေတာ အံ့ဩစရာမရှိတော့ပါဘူး။

ယခု ပြန်လည်မွေးဖွားလာချိန်တွင်တော့ သူမနောက်တစ်ကြိမ် ထပ်သေရမည်ဆိုလျှင်တောင် ချင်းရှင်း ထိုအသံကို နာခံတော့မှာမဟုတ်ပေ။

ငါ့ဘဝကို ငါ့အတွက်ငါမှ မရှင်သန်နိုင်ရင် ဘာများအဓိပ္ပာယ် ရှိဦးမှာလဲ။

ချင်းရှင်း စားပွဲပေါ်မှ အပူခံခွက်ကိုကောက်ယူကာ ရင်ထဲရှိ စိတ်ခံစားချက်များ သက်သာသွားစေရန် ရေတစ်ငုံ သောက်ပစ်လိုက်သည်။

ထိုအခိုက်မှာပင် တံခါးဖွင့်သံနှင့်အတူ အခန်းထဲသို့ အသားမည်းမည်း၊ ပုသေးသေး မိန်းကလေးတစ်ယောက် ဝင်လာပြီး ချင်းရှင်း၏ လန်းဆန်းတက်ကြွနေပုံအားမြင်သည်နှင့် “ရှင်းရှင်း နိုးပြီလား”
အေးစက်ခြင်း၊ သဘောမကျခြင်းမမည်သော လေသံဖြင့်သာ ချင်းရှင်းပြန်အသံပြုလိုက်သည်။

သူမ ကောလိပ်တက်စဥ်က အကောင်းဆုံးသူငယ်ချင်းဟုထင်ခဲ့သော ထိုလျိုယာဆိုသည့်တစ်ယောက်မှာ တစ်ကယ်တမ်းတွင်တော့ မျက်နှာနှစ်ဖက်ရှိသူတစ်ဦး ဖြစ်နေခဲ့၏။

လျိုယာသည်လည်း ချင်းရှင်းတစ်ယောက် လန်းဆန်းတက်ကြွနေသော အမူအယာရှိသည်မှအပ မျက်လုံးတို့မှာ အေးစက်နေကြောင်း သတိပြုမိလိုက်သည်။ ‘သူ အရင်က ဘာလို့များအဲဒီအေးစက်စက်အကြည့်တွေကို သတိမထားမိခဲ့တာပါလိမ့်’

ချင်းရှင်း အေးတိအေးစက်ပုံစံကို သတိထားမိလိုက်ပြီး လျိုယာတစ်ယောက် မဝံ့မရဲ မေးလိုက်မိသည်။ “စိတ်ရှုပ်နေတုန်းလား။ အဲဒီ ရှီဟုန်ကလည်းနော်၊ နင့်ကို ဘာလို့လာမတောင်းပန်ရတာလဲ။ ဒါပေမယ့် သူကရိုးသားတော့ ဘယ်လိုချော့ရမလဲမသိလို့နေမှာပါ”
ရှီဟုန်ဆိုသည့် အမည်အားကြားသည်နှင့် ချင်းရှင်းမျက်လုံးထဲတွင် ရွံရှာစိတ်ပျက်ဟန်များ ပေါ်လာခဲ့သည်။

နောက်တစ်ကြိမ် ပြန်မွေးဖွားလာချိန်မှာပင် ရှီဟုန်နှင့် သိနေနှင့်ပြီးဖြစ်လိမ့်မည်ဟု ထင်မထားမိပေ။ ချင်းရှင်း စီနီယာနှစ်၏ ပထမနှစ်ဝက်မှာပင် သူမမိဘများသည် သူမအား ဘလိုင်းဒိတ်တွေ့ပေးခဲ့ကြသည်။

သူမ စီနီယာနှစ်ပြီး၍ ဘွဲ့ရချိန်တွင် လက်ထပ်ခဲ့ရ၏။ အရင်ဘဝတွင် ထိုအရာများအား ချင်းရှင်း လုံးဝ သဘောမတူခဲ့ချေ။ ထိုအရာက သူမမိဘများ၏ ဆက်တိုက်နားချမှုနှင့် စိတ်ထဲတွင် ပေါ်လာတတ်သော ထိုအသံတို့ကြောင့်ဖြစ်သည်။ ရှီဟုန်နှင့်လည်း ဘလိုင်းဒိတ်မှတစ်ဆင့် ချင်းရှင်းတွေ့ခဲ့ခြင်းဖြစ်သည်။

နှစ်ဖက်မိဘများ ထင်ခဲ့သည်က ရှီဟုန်မှာ ရိုးသားကြိုးစားသော လူတစ်ယောက်ဟူ၍ပင်။

ထိုရိုးသားမှုများအားလုံးမှာ ဟန်ဆောင်ထားခဲ့ခြင်း ဖြစ်နေသည်ကတော့ စိတ်မကောင်းစရာပင် ဖြစ်၏။
ချင်းရှင်း လက်ထဲရှိခွက်အား စားပွဲပေါ်သို့ ဆောင့်ချလိုက်ပြီးနောက် ထိုင်ခုံနောက်တွင်တင်ထားသော အဝတ်များကို ကောက်လဲကာ အခန်းထဲမှ ထွက်လာလိုက်သည်။

တံခါးပိတ်သွားသည်နှင့် လျိုယာ၏ မနာလိုမှုအပြည့်ဖြင့် ခက်ထန်သောအကြည့်က တံခါးဘက်ဆီ ရောက်သွားခဲ့သည်။ တစ်ခဏကြာမှသာ သူမပုံစံက ပုံမှန်ပြန်ဖြစ်သွားလေသည်။

ကျောင်းဝန်းအတွင်း လမ်းလျှောက်ရင်း လေအေးများကြောင့် ချီရှင်းတုန်သွားမိပြီး သူမခေါင်းထဲတွင်လည်း အတွေးများ တစ်ဖြည်းဖြည်း ရှင်းသွားခဲ့သည်။ ထိုအခိုက်အတန့်မှာပင် အင်္ကျီထဲရှိ ပိုက်ဆံအိတ်မှာ တုန်ခါသွားလေသည်။
ချီရှင်း ဆွဲထုတ်လိုက်သည်နှင့် ထိုအရာက မိုဘိုင်းဖုန်းတစ်လုံးဖြစ်ကြောင်း သိလိုက်ရသည်။ ဖုန်းမျက်နှာပြင်တွင် ပြနေသောနေ့စွဲမှာ ဖေဖော်ဝါရီလ၊ ၁၇ရက်၊ ၂၀၁၆ခုနှစ် ဟူ၍ပင်။
ဆိုတော့ စီနီယာနှစ်ရဲ့ နောက်နှစ်ဝက်မတိုင်ခင် သူမ ပြန်မွေးဖွားလာခဲ့ခြင်းပေါ့။

ဖုန်းတုန်ခါသွားရသော အကြောင်းအရင်းမှာ စာဝင်လာခြင်းကြောင့်ဖြစ်ပြီး ဖွင့်ကြည့်လိုက်သည်နှင့် ထိုအရာက ရှီဟုန်ဖထံမှ ဖြစ်နေခဲ့သည်။ [ရှီဟုန်: စိတ်ဆိုးနေတုန်းပဲလား။ ဒီတစ်ခေါက် ကိုယ်တစ်ကယ်မှားသွားပါတယ်။ ဒါပေမယ့် ကိုယ်မူးတုန်းပြောမိတာမှန်း မင်းလည်းသိတာပဲ။ ကိုယ်က အဲဒီလိုပြောနေကျပဲကို။ ဒီလောက်စိတ်ဆိုးပြီးရင်လည်း စိတ်ပြေတော့ပေါ့။ အရမ်းကြီး တွေးမနေနဲ့။ အကုန်လည်း သိပြီးပြီကို တော်တော့ပေါ့]

ဤသည်က ရှီဟုန်၏ ပုံမှန်အကျင့်စရိုက်ပင်။ တောင်းပန်ရလျှင်တောင် ချင်းရှင်းဘက်သို့ ပြန်လည်စွပ်စွဲအပြစ်တင်တတ်၏။ ချင်းရှင်း စာပြန်ရမှာကိုပင် အရမ်းပျင်းနေသဖြင့် ရှီဟုန်အား blacklist ထဲသို့ တစ်ခါတည်း တန်းထည့်လိုက်တော့သည်။ တစ်ဆက်တည်းပင် သူ၏ WeChat၊ Q နှင့် အခြားဆက်သွယ်လို့ရမည့် နံပါတ်အားလုံးကိုလည်း blacklist ထဲထည့်ပစ်လိုက်၏။

ဘလိုင်းဒိတ်မှာ အချစ်ရေးကို ဆုံးဖြတ်ရာတွင် အသိအမှတ်ပြုသည့်သဘောဟုဆိုသော်လည်း လဝက်လောက်အကြာမှာပင် ရှီဟုန်သည် ဘယ်လိုပဲဖြစ်ဖြစ် အနှေးနဲ့အမြန် ဆုံးဖြတ်ချက်ချရမည့်အတူတူ သူ့ကောင်မလေးဖြစ်ရန် စောစောသဘောတူလိုက်သည်က ကောင်းသည်ဟူ၍ ပြောဆိုခဲ့သည်။
ထိုအရာကို ချင်းရှင်း သဘောမကျသော်လည်း သူ့စိတ်ထဲရှိအသံနှင့် မိဘများ၏ ဆက်တိုက်ပြောဆိုမှုများကြောင့် သူမသဘောတူခဲ့ရလေသည်။

တွဲပြီး မကြာမီမှာပင် ရှီဟုန်၏ ရည်းစားဟောင်းဆိုသူက တံခါးဝအထိရောက်လာသဖြင့်ဟုဆိုကာ ထိုနှစ်ယောက်မှာ ပြန်လည်ပြောဆိုဆက်ဆံကြတော့သည်။ ထို့အပြင် ရှီဟုန်သည် သူ့သူငယ်ချင်းတစ်ယောက်အား သူသည် ရည်းစားဟောင်းကို မမေ့နိုင်သေးပဲ ချင်းရှင်းနဲ့တွဲရခြင်းမှာ မိဘများ ဖိအားပေးမှုကြောင့်ဟုပင် ပြောဆိုခဲ့သေး၏။
ထိုအချိန်က ချင်းရှင်းစိတ်ဆိုးကာ ရှီဟုန်နှင့် ချက်ချင်းပင်လမ်းခွဲခဲ့သည်။ သို့သော်လည်း မိဘများ၏ နားချမှုနှင့် စိတ်ထဲမှ အာရုံနောက်စရာအသံကြောင့် ဘယ်လောက်မှမကြာပဲ ပြန်တွဲလိုက်ရလေသည်။

ချင်းရှင်း ခေါင်းခါယမ်းလိုက်မိသည်။ ပြန်သဘောမတူခင် သူမကိုယ့်ခေါင်းကိုယ် တံခါးနှင့် ဆောင့်ပစ်ခဲ့သင့်၏။ အဲဒီအသံသာ ထပ်ပေါ်လာလို့ကတော့ သူမ သေချာပေါက်ကို သေတဲ့အထိ ကျိန်ဆဲပစ်ဦးမယ်။
ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်တွင်မူ ရှီဟုန်နှင့် ပြန်တွဲရန် ချင်းရှင်း သဘောမတူရသေးပေ။
ဘာပဲဖြစ်လာဖြစ်လာ ဤဘဝတွင်တော့ ထိုအကောင်နှင့် ပြန်မတွဲတော့ဟု ချင်းရှင်း စိတ်ပိုင်းဖြတ်လိုက်၏။

အချိန်ခဏကြာသည်အထိ သူ့ခေါင်းထဲရှိ ထိုအသံပေါ်မလာသဖြင့် ချင်းရှင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် ဗိုက်ဆာလာသဖြင့် ကိုယ်တိုင်ယူစားသောက်ခန်းတွင် ညစာသွားစားလိုက်ပြီး အဆောင်သို့ပြန်ရောက်ချိန်တွင် အခြားအခန်းဖော်နှစ်ယောက်ပါ ပြန်ရောက်နေခဲ့လေပြီ။
ချင်းရှင်းဝင်လာသည်ကိုမြင်သည်နှင့် အနည်းငယ်ဝသော ကောင်မလေး၏အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ “ချင်းရှင်း၊ နင်နဲ့ နင့်ကောင်လေး ဘယ်လိုဖြစ်သွားပြီလဲ”

ထို ဝူတန်တန်ဆိုသော တစ်ယောက်က အတင်းပြောရတာ ကြိုက်နှစ်သက်၏။ ရှီဟုန်ဆိုသော နာမည်အား မပြောချင်သဖြင့် ချင်းရှင်းအေးစက်စက်ပင် ပြန်ဖြေလိုက်သည်။ “ဖြတ်လိုက်ပြီ။ ပြီးတော့ ပြန်ပြင်ပေးမယ်၊ သူက ငါ့ကောင်လေးမဟုတ်ဘူး”

လျိုယာအသံက ချက်ချင်းပင်ပေါ်လာ၏။ “အိုး ဒီတစ်ခါတော့ ရှင်းရှင်းတစ်ကယ်ပြောနေတာထင်တယ်”

ဝူတန်တန်က ခေါင်းတဆတ်ဆတ် ညိတ်လိုက်ရင်း “ဒါပေမယ့်လေ တစ်ကယ်ပြောရရင် အဲဒီတစ်ယောက်က နင်နဲ့မတန်ဘူးလို့ထင်တယ် သိလား။ စောစောလမ်းခွဲလိုက်တာ ကောင်းတယ်”

“နင် ဘာတွေပြောနေတာလဲ” လျိုယာက ချက်ချင်းမတ်တပ်ထရပ်ကာ “ငါကတော့ အိမ်ထောင်တစ်ခု ပျက်စီးခံမယ့်အစား မြို့တစ်မြို့ကိုပဲ ဖျက်စီးပစ်လိုက်မယ်။ အမှန်တရားကိုတောင် နင်နားမလည်ဘူးလား”

ဝူတန်တန်ကမူ လျိုယာ ဘာကြောင့်ဒေါသထွက်သွားရသလဲဆိုတာကို နားမလည်နိုင်သဖြင့် “ငါက အမှန်ကိုပြောနေတာလေ။ ရှီဟုန်က ချင်းရှင်းနဲ့မှ မတန်တာ။ ပြီးတော့ သူတို့က လက်မှမထပ်ရသေးတာ ဘယ်လိုလုပ်ပြီး အိမ်ထောင်တစ်ခုလို့ ခေါ်လို့ရမှာလဲ” တစ်ဆက်တည်းပင် ဝူတန်တန်သည် မျက်နှာချင်းဆိုင်၍ တိတ်ဆိတ်နေသော ကောင်မလေးထံသို့ လှမ်းကြည့်လိုက်ပြီး “ဟဲလန်၊ ငါပြောတာ မှန်တယ်မလား”

ထန်ရှီလန်သည် တစ်ယောက်တည်းနေရတာကိုကြိုက်ပြီး စကားများများမပြောတတ်ပေ။ သူမယခင်ဘဝတွင် သူမအနီးမှ လူများထဲ၌ ထန်ရှီလန်တစ်ယောက်သာ ယုံကြည်ထိုက်ကြောင်း ချင်းရှင်းသိခဲ့ရသည်။

ဝူတန်တန်ပြောသည်ကိုကြားသည်နှင့် ဖုန်းဆော့နေသော ထန်ရှီလန်၏လက်များက ရပ်တန့်သွားပြီး ချင်းရှင်းအား လှမ်းကြည့်လိုက်ပြီးမှ အသာအယာ ခေါင်းညိတ်ပြလိုက်၏။

သူမအား ချင်းရှင်းပြန်ပြုံးလိုက်ပြီး “ကျေးဇူး” ဟု ပြန်ပြောလိုက်မိသည်။

ထန်ရှီလန်မှာ ကြောင်အသွားပြီး အယောင်ယောင်အမှားမှားဖြင့် ပြန်ဖြေလိုက်သည်။ “အမှန်ကိုပြောရုံပါ

လျိုယာမျက်လုံးတို့က ရှက်ရွံ့ဟန် အရိပ်အယောင်များ ပြည့်သွားခဲ့သည်။
“ငါလည်း အဲဒီပစ္စည်းက ငါ့အတွက် မကောင်းဘူးလို့ထင်ပါတယ်” ချင်းရှင်း ထပ်ပြောလိုက်သည်။
လျိုယာမျက်နှာက ရှက်ရွံ့မှုကြောင့် နီလိုက်မည်းလိုက်ဖြစ်သွားပြီးမှ မဝံ့မရဲဖြင့် “အဲဒါက နင့်မိဘတွေကိုယ်တိုင် မိတ်ဆက်ပေးခဲ့တာပဲကို”

“နင် ငါနဲ့ရှီဟုန်ကို အရမ်းပြန်အဆင်ပြေစေချင်နေတာလား” ချင်းရှင်း သူမကို စိုက်ကြည့်လိုက်သည်။ သူမမျက်လုံးထဲ၌ နွေးထွေးမှု တစ်စွန်းတစ်စတောင် ရှိမနေပေ။ ဟုတ်သည်၊ ယခင်ဘဝကဆိုလျှင် သူမနှင့် ရှီဟုန် ရန်ဖြစ်ချိန်တိုင်း လျိုယာက သူတို့နှစ်ယောက် ပြန်အဆင်ပြေအောင် နားချတတ်သည်။ သူမလက်ထပ်ပြီးချိန်မှာပင် လျိုယာက သူမတို့နှစ်ယောက် အခြေအနေကို ဂရုစိုက်မြဲဖြစ်သည်။ ယခု ကြည့်ရသည်မှာတော့ လျိုယာက သူမဘဝကြီး အဆင်ပြေမနေစေရန် မျှော်လင့်ခဲ့ပုံပေါ်၏။

ချင်းရှင်း ထိုမျှ အေးတိအေးစက်ဖြစ်နေသည်ကို လျိုယာတစ်ခါမှ မမြင်ဖူးချေ။ တစ်ခဏကြာ ငြိမ်သွားပြီးနောက် ချင်းရှင်း၏အကြည့်ကို ရှောင်တိမ်းလိုက်ပြီး “ငါ ငါက နင့်ကို အဆင်ပြေစေချင်ရုံပါ”

ထိုစကားကိုကြားသည်နှင့် ချင်းရှင်း အသာအယာပင် ပြန်ပြောလိုက်သည်။ “အိုး၊ ရှီဟုန်နဲ့ တွဲရတာက အဆင်ပြေတယ်လို့ ထင်ရင်လည်း နင်ပဲ သူနဲ့တွဲလိုက်လေ”

တစ်ခန်းလုံး ငြိမ်ကျသွားပြီးမှ ဝူတန်တန်၏ ရယ်သံက ထွက်ပေါ်လာသည်။ “ချင်းရှင်းပြောတာလည်း မှန်သားပဲ”

ချင်းရှင်းတစ်ယောက် လျိုယာအား လျစ်လျူရှုလိုက်မိပြီး ရှေ့ဆက် ဘာလုပ်ရမလဲဆိုသည်ကိုသာ သေချာစဥ်းစားလိုက်သည်။ ဤဘဝတွင်တော့ သူမအတွက်သူမ ရှင်သန်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

မကြာမီမှာပင် ချင်းရှင်း အဖြေတစ်ခုရလာခဲ့သည်။ သူမ အမြဲတမ်း T မြို့တော်ဆီ သွားချင်ခဲ့၏။ ယခုအချိန်၌ T မြို့တော်မှာ အလွန်ကြွယ်ဝချမ်းသာခြင်း မရှိသေးသော်လည်း နောက်သုံးနှစ်အတွင်း အလျင်အမြန်ပင် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သည်။ ပို အရေးကြီးသည်က လှပသော တောင်တန်း၊ မြစ်ချောင်းများနှင့် နေထိုင်ရန်လည်းသင့်တော်၏။ ထိုနေရာမျိုးက ချင်းရှင်းအကြိုက်ဖြစ်သည်။
T မြို့တော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေမှုကို အခွင့်ကောင်းယူကာ ယခုက သွားရန် အသင့်တော်ဆုံး အချိန်လည်းဖြစ်၏။

ဘာဆက်လုပ်မလဲဆိုတာကတော့ ချင်းရှင်းမှာ အစီအစဥ်ရှိပြီးသားပင်။ အရင်ဘဝက သူမမိဘများ၏ ညွှန်ကြားချက်အတိုင်း အတည်တကျ အလုပ်တစ်ခုရှာတွေ့ခဲ့သော်လည်း ဝင်ငွေက အလွန်နည်းသဖြင့် သူမ အချိန်ပိုင်းအလုပ်တစ်ခု ထပ်လုပ်ခဲ့ရသည်။
ချင်းရှင်းသည် အစားအစာများကို အမြဲတမ်းသဘောကျခဲ့သဖြင့် အသစ်အဆန်းများ ပြုလုပ်ကာ သူငယ်ချင်းများထံ ရောင်းချခဲ့သည်။ ရှီဟုန်သည် အစပိုင်းတွင်တော့ ရှက်ဖို့ကောင်းသည်ဟု ခံစားခဲ့ရသော်လည်း ချင်းရှင်း ပိုက်ဆံများများရနေမှန်း သိသွားချိန်တွင်တော့ မသိကျိုးကျွံ ပြုထားလေသည်။
ယခင်ဘဝက ဟင်းချက်နေချိန်တွင်သာ သူမ ပျော်ရွှင်မှုကို ခံစားခဲ့ရ၏။

ချင်းရှင်းဖုန်းကိုထုတ်ကာ ကဒ်ထဲရှိ လက်ကျန်ငွေပမာဏကို စစ်ကြည့်လိုက်သည်။ ၂၂၃ယွမ်သာ ကျန်တော့လေသည်။

သူမ သက်ပြင်းချလိုက်မိပြီး T မြို့တော်ဆီသို့ ရထားလက်မှတ်များအား စစ်ကြည့်လိုက်၏။ ဈေးအပေါ်ဆုံး ရထားလက်မှတ်သည်ပင် ၁၄၆ယွမ် ကျသင့်မှာဖြစ်၍ ရထားလက်မှတ် ဝယ်ပြီးသည်နှင့် သူမလက်ထဲ၌ ၇၇ယွမ်သာ ကျန်တော့မှာဖြစ်သည်။ ထိုပိုက်ဆံနည်းနည်းလေးနှင့်တော့ နေစရာနေရာပင် ရှာတွေ့မှာမဟုတ်ပေ။

‘ငါ ဒီညညစာအတွက် ပေါက်ဆီတစ်လုံးပဲ စားခဲ့တာကို’ ချင်းရှင်း တွေးလိုက်မိသည်။

ထိုသို့ဆိုလျှင်တောင် T မြို့တော်ဆီသွားရန် ချင်းရှင်း စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ အကြီးဆုံးအခက်အခဲက မနက်ဖြန်ကျလျှင် ထန်ရှီလန်ထံမှ ပိုက်ဆံနည်းနည်းချေးကြည့်ရမှာပင်။ နောက်တစ်နေ့နေ့လည် ၂နာရီထွက်ခွာမည့် ရထားလက်မှတ်အား ဖြတ်လိုက်ပြီးနောက် ချင်းရှင်း ဖုန်းကိုဘေးချကာ အိပ်ယာဝင်ရန် ပြင်လိုက်လေသည်။

အိပ်မည်ဟု တွေးလိုက်ချိန်မှာပင် သူမခေါင်းထဲ၌ ‘ဒင်’ ခနဲအသံတစ်ခု ပေါ်လာခဲ့သည်။ သူမရင်းနှီးပြီးသား အသံဟုထင်သဖြင့် ချင်းရှင်း ကျိန်ဆဲတော့မည့် အချိန်မှာပင် သူမမရင်းနှီးသော စက်ရုပ်သံဆန်ဆန် အေးစက်စက်အသံတစ်ခုအား ကြားလိုက်ရလေသည်။ “Customer 08277 မှာ ရောင်းhဝယ်ရေးလွင်ပြင်စနစ်အတွင်း ဝင်ရောက်ရန် အသင့်ဖြစ်ပါပြီ”

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now