Chapter 9:
“နားလည်ပါပြီ။ ကျေးဇူးပါအစ်မမေ့” ယွိမေ့ကျင်းထုပ်ကိုယူပြီး ချင်းရှင်းအပေါ်ပြန်တက်လာခဲ့သည်။
ယနေ့ချဥ်စပ်ခေါက်ဆွဲလုပ်ချိန်၌ ယမန်နေ့က လဲယူခဲ့သော ပဲငံပြာရည်အချိုကို အစက်အနည်းငယ်ခန့် ထည့်ထားခဲ့၏။ ထိုပဲငံပြာရည်စက်နည်းနည်းလေးက ချဥ်စပ်ခေါက်ဆွဲ၏ ဈေးနှုန်းကို ၁၂မှတ်အထိ တိုးသွားစေလိမ့်မည်ဟု ချင်းရှင်း ထင်မထားမိချေ။
မူလကတော့ ဆီ၂ပုလင်းလဲယူရန် ချင်းရှင်းဆုံးဖြတ်ထားခြင်းဖြစ်သည်။ သို့သော်လည်း အစ်မမေ့ပြောခဲ့သည်ကို ပြန်စဥ်းစားမိသွားပြီး သူမ တစ်ခါမှမလဲလှယ်ဖူးသော အလှအပဆေးလုံးအား လဲယူလိုက်၏။ ပဲငံပြာရည်အချိုကတော့ မသုံးရသေးသဖြင့် သူမလဲယူစရာ မလိုသေးပေ။
ရောင်းဝယ်ရေးလွင်ပြင်စနစ်ထဲမှ ပြန်ထွက်လာပြီးနောက် လဲယူလာသော အလှအပဆေးလုံးကို ချင်းရှင်း သောက်ကြည့်လိုက်သည်။ ဆေးလုံးကို သောက်လိုက်သည်နှင့် သူမအသားအရည်က ဖြူဖွေးကြည်လင်လာပြီး သူမလက်မှ အသားကွဲနေခြင်းကလည်း အလျင်အမြန်ပင် သက်သာပျောက်ကင်းသွားသည်ကို ပကတိမျက်စိဖြင့်ပင် မြင်နိုင်လေသည်။
ချင်းရှင်းတစ်ယောက် အလွန်အံ့ဩသွားပြီး ညာလက်နှင့် သူမပါးကို ထိကြည့်လိုက်မိသည်။ အလွန်တရာမှ နူးညံ့ပြီး ကိုင်လို့ကောင်းနေလေသည်။
အလှအပဆေးလုံး၏ အာနိသင်က တော်တော်လေးကို ကောင်းသဖြင့် အစ်မမေ့ကိုပါ မျှပေးဖို့ ချင်းရှင်း တွေးလိုက်မိသည်။
နောက်တစ်နေ့တွင် ချင်းရှင်းသုံးဘီးစက်ဘီးလေးဖြင့် ကျောင်းသို့ရောက်လာချိန်၌ လူတစ်ယောက်က ဆယ်ယွမ် ချဥ်စပ်ခေါက်ဆွဲမှာလိုက်သည်။ ထို့နောက် ချင်းရှင်း ခေါက်ဆွဲပြင်ပြီးရုံ ရှိသေး၏။ ခေါက်ဆွဲပွဲအား ထိုဝယ်သူထံ မပေးရသေးခင်မှာပင် မနက်စာဝယ်ရန် တန်းစီနေကြသူများအနီးသို့ လူအုပ်ကြီးတစ်အုပ် ရောက်လာသည်ကိုတွေ့လိုက်ရသည်။ ထိုလူများမှာ ဒေါသပုန်ထလျက် ချင်းရှင်းအား လက်ညှိုးထိုးကာ စတင်အော်ဟစ်ကြတော့၏။“ပြောစမ်း ကောင်မလေး၊ လူကြည့်တော့ ငယ်ငယ်လေးရှိသေးတယ်။ ဘာလို့ အဲဒီလောက် စိတ်ထားမကောင်းရတာလဲ”