အပိုင်း(၈၀)
ကုဝူယွီနှင့် ချင်းရှင်းတို့ စားသောက်ဆိုင်၌ လာစားကြသည်ကို စားသောက်ဆိုင်၌ စားနေကြသော စားသုံးသူများက ဓာတ်ပုံရိုက်၍ အင်တာနက်ပေါ်သို့ တင်ခဲ့ကြသည်။
ကုဝူယွီက လူသိများသူ တစ်ဦးဖြစ်၍ ချင်းရှင်းကလည်း ယခုနှစ်အတွင်း Weibo ပရိသတ် သန်း 20 ကျော်ရှိလာပြီး နာမည်ကြီးနေသူ တစ်ဦးဖြစ်သည်။
နှစ်ယောက်သား ညစာလာစားသည့်ပုံကို Weibo ပေါ်တွင် ပို့စ်တင်လိုက်သည်နှင့် အင်တာနက် သုံးစွဲသူများအကြား ဆွေးနွေးမှုများ မြန်မြန်ဆန်ဆန် ပေါ်ပေါက်လာခဲ့သည်။
[သူတို့ နှစ်ယောက်က တွဲနေကြတာလား]
[တွဲနေကြရင် သူတို့ပုံစံက ဒီထက်ပိုပြီး ရင်းနှီးတဲ့ပုံစံ ဖြစ်နေမှာပေါ့။ ခုသူတို့ပုံစံက တွဲနေကြတဲ့ ပုံစံနဲ့ မတူဘူး]
[သူတို့က စီးပွားရေး မိတ်ဖက်တွေ ဆိုပေမယ့် ကုဝူယွီက ရှင်းရှင်းနဲ့ဆို ထူးဆန်းတယ်လို့ မထင်ကြဘူးလား။ ရှင်းရှင်းရဲ့ နာမည်နဲ့တောင် ထုတ်ကုန်ကို နာမည်ပေးတယ်]
[ရှင်းရှင်းလို့ နာမည်ပေးတာက မထူးဆန်းပါဘူး။ ကုအုပ်စုက အစားအသောက်လုပ်ငန်းကို တစ်ခါမှ မလုပ်ဖူးဘူးမလား။ ရှင်းရှင်းက နည်းနည်း နာမည်ကြီးနေတာကြောင့် မစ္စတာကုက စီးပွားရေးသဘောအရ ပေးလိုက်တာ ဖြစ်မှာပေါ့]
ထိုပို့စ်အောက်တွင် ချင်းရှင်း၏ ပရိသတ် အများအပြားကလည်း ဝင်ရောက် ဆွေးနွေးလာခဲ့ကြသည်။
ဤသို့ဖြင့် ဆွေးနွေးနေသည့် အကြောင်းအရာက တဖြည်းဖြည်းနှင့် အခြားဘက်သို့ ပြောင်းလဲလာခဲ့သည်။
[ရိုက်ထားတဲ့ပုံမှာ တွေ့လား။ စားပွဲပေါ်က ဟင်းပွဲတွေကို ထိတောင်မထိထားတဲ့ပုံပဲ]
[သူတို့နှစ်ယောက်က မစားဘဲ စားသောက်ဆိုင်ကို ဘာလာလုပ်ကြတာလဲ]