အပိုင်း(၅၈)
ချင်းရှင်းတို့နှစ်ယောက်သား ခြံအပြင်ဘက်သို့ ထွက်လာသောအခါ၌ တစ္ဆေတစ်ကောင် အနောက်မှ လိုက်နေသကဲ့သို့ တောင်ပေါ်မှ ပြေးဆင်းလာသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် ချင်းရှင်းနှင့် မေ့ကုန်းလန်တို့က ပို၍ စိတ်ပူသွားကာ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
ထို့နောက် တောင်ပေါ်သို့ အလျင်အမြန် တက်ကာ ကုရုံးချုပ်၏ လုံခြုံရေးဂိတ်ဆီသို့ ပြေးသွားခဲ့ကြသည်။
ထိုအခါ ဟူရှင်းကော၏ ကားက ခြံဝင်းထဲ၌ ရပ်ထားသည်ကို တွေ့လိုက်ရသည်။
ထိုအချိန်၌ ဟူရှင်းကောက လုယိမင်နှင့်အတူ အပြင်ဘက်သို့ ပြန်ထွက်လာခဲ့ရာ ချင်းရှင်းနှင့် မေ့ကုန်းလန်ကို တွေ့လိုက်ရသဖြင့် "အစ်မကြီးနဲ့ ရှောင်ရှင်းတို့ ဘာလို့ ဒီကို ရောက်နေကြတာလဲ" ဟုအံ့ဩတကြီး မေးမြန်းလိုက်သည်။
ဟူရှင်းကော အဆင်ပြေနေသည်ကို မြင်လိုက်ရသောအခါ မေ့ကုန်းလန်က ဒေါသတကြီးဖြင့် "မင်းကို ဒီလောက် အကြာကြီးသွားဖို့ ဘယ်သူက ပြောခဲ့လို့လဲ။ ဖုန်းလည်း ခေါ်လို့မရဘူး" ဟုပြောဆိုလိုက်သည်။
မေ့ကုန်းလန်၏ စကားကြောင့် ဟူရှင်းကောက လက်ကိုင်ဖုန်းကို ထုတ်ကြည့်လိုက်ရာ အားကုန်သွားသည်ကို တွေ့လိုက်ရသဖြင့် အားနာစွာဖြင့် "ကျွန်တော် အစ်မကြီးတို့ကို စိတ်ပူအောင် လုပ်မိသွားလို့ တောင်းပန်ပါတယ်" ဟုပြောလိုက်သည်။
"ငါက အဆင်ပြေတယ်။ ခုက ရှောင်ရှင်းပါ မနက်ဖြန်အတွက် ပါဝင်ပစ္စည်းတွေ ပြင်ဆင်နေရင်း လိုက်လာရတယ်"
မေ့ကုန်းလန်က မောဟိုက်စွာဖြင့် ထိုသို့ ပြောလိုက်သည်။
မေ့ကုန်းလန်နှင့် နှိုင်းယှဥ်လျှင် ချင်ရှင်း၏ အသက်ရှူသံက အလွန်တည်ငြိမ်လှသည်။
မေ့ကုန်းလန်က ဟူရှင်းကောကို ပြောဆိုနေသဖြင့် လုယိမင်က ကြားထဲမှ "ဒါက အစ်ကိုဟူကြောင့် မဟုတ်ပါဘူး။ ကျွန်တော်တို့ ကုအုပ်စုကြောင့် ဖြစ်ရတာပါ" ဟုဝင်ပြောလိုက်သည်။
ထို့နောက် လုယိမင်က ချင်းရှင်းဆီသို့ လျှောက်သွားပြီး "မင်္ဂလာပါ မစ္စချင်း" ဟုနှုတ်ဆက်လိုက်သည်။
"မစ္စတာလု နေကောင်းတယ်နော်" ဟုချင်းရှင်းက ပြန်နှုတ်ဆက်လိုက်သည်။
"သူဌေးကုက မစ္စချင်းနဲ့ ဆွေးနွေးစရာရှိလို့ အပေါ်ထပ်ကို ခဏလောက် လိုက်ခဲ့ပေးပါ" ဟုလုယိမင်က ပြောလာသဖြင့် ချင်းရှင်းက ငရုတ်ဆီအကြောင်းကို သတိရသွားခဲ့သည်။
မနေ့က ငရုတ်ဆီကို ပြုလုပ်ပြီးနောက် ချင်းရှင်းက ဟင်းချက်နည်းကို ကုဝူယွီထံသို့ ပေးပို့ခဲ့သည်။
ဟင်းချက်နည်းတွင် ချင်းရှင်းက ရှင်းရှင်းလင်းလင်း ရေးထားသဖြင့် ကုဝူယွီ ဆွေးနွေးချင်သည့်
အကြောင်းအရာကို မသိသော်လည်း ချင်းရှင်းက "ကောင်းပါပြီ" ဟုလုယိမင်ကို ပြန်ပြောလိုက်သည်။
ထိုအခါ ဟူရှင်းကောက "ဒါဆို ငါတို့ အရင်ပြန်နှင့်မယ်" ဟုချင်းရှင်းအား နှုတ်ဆက်ကာ မေ့ကုန်းလန်နှင့်အတူ ထွက်သွားတော့သည်။
ကားပေါ်သို့ ရောက်သောအခါ မေ့ကုန်းလန်က "မင်းဘာလို့ ဒီလောက်ကြာနေတာလဲ" ဟုဟူရှင်းကောအား မေးလိုက်သည်။
ဟူရှင်းကောက သက်ပြင်းချလိုက်ပြီး ကုကုမ္ပဏီ၏ လုံခြုံရေးက ဝင်ခွင့်မပြုသည့် အကြောင်းကို မေ့ကုန်းလန်အား ပြောပြလိုက်သည်။
ဟူရှင်းကောက ကုဝူယွီထံ အစားအသောက် ပို့ဆောင်လိုသည့် အကြောင်း ရှင်းပြသော်လည်း
လုံခြုံရေးက ဟူရှင်းကောကို အထင်သေးစွာကြည့်ကာ ဝင်ခွင့်မပေးခဲ့ပေ။
"ဘာလို့ မစ္စတာကုကို အကြောင်းမကြား ပေးတာလဲ။ ဒါက ရှင်းရှင်းဆိုင်က...."
ဟူရှင်းကော၏ စကားမဆုံးသေးခင်၌ပင် လုံခြုံရေးအစောင့်က ဟူရှင်းကော၏လက်ထဲမှ အစားအသောက်အိတ်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။
လုယိမင်က ထိုမြင်ကွင်းကို မြင်လိုက်သောအခါ အပြေးအလွှား ထွက်လာခဲ့သည်။
ချင်းရှင်း လုပ်ထားသော အစားအစာများကို လုံခြုံရေးအစောင့်က ပစ်ချလိုက်သောအခါ ဟူရှင်းကောက ဒေါသထွက်သွားခဲ့သည်။
ထိုအချိန်၌ လုယိမင်က ရောက်လာပြီး "ဘာဖြစ်တာလဲ" ဟုလုံခြုံရေး အစောင့်အား မေးမြန်းလိုက်သည်။
လုံခြုံရေးအစောင့်က လုယိမင်အား ရိုသေစွာ နှုတ်ဆက်လိုက်ပြီး ဟူရှင်းကောကို အထင်သေးသည့်ပုံစံဖြင့် လက်ညိုးထိုးလိုက်ကာ "သူက သူဌေးကုကို အစားအသောက် ပို့ပေးချင်တယ်လို့ ပြောနေလို့ပါ" ဟုပြောလိုက်သည်။
လုယိမင်က ဟူရှင်းကောအား ယဉ်ကျေးသောအမူအရာဖြင့် "မင်္ဂလာပါ အစ်ကိုဟူ။ နေကောင်းတယ်နော်" ဟုနှုတ်ဆက်လိုက်သည်။
လုယိမင်၏ ဟူရှင်းကောအပေါ် ဆက်ဆံပုံကို ကြည့်ပြီး လုံခြုံရေး အစောင့်က မယုံကြည်နိုင်စွာဖြင့် မျက်လုံးများကို ပွတ်သပ်လိုက်သည်။
ကုမ္ပဏီတွင် ရက်စက်ကြမ်းတမ်းသော လုယိမင်က အရှေ့ကလူကို ရိုသေစွာ ဆက်ဆံနေသဖြင့် မယုံနိုင်ဖြစ်နေခဲ့သည်။
လုယိမင်က သူ့အား မှတ်မိနေမည်ဟု မမျှော်လင့်ထားသဖြင့် ဟူရှင်းကောက ပျော်ရွှင်သွားကာ "မစ္စတာလု နေကောင်းတယ်နော်။ ရှောင်ရှင်းက ဒီနေ့ ကုအုပ်စုရဲ့ ဌာနချုပ်က ဒီကိုရွှေ့တယ်လို့ ကြားလို့ မစ္စတာကုနဲ့ မစ္စတာလုတို့ အလုပ်များနေမယ်ထင်ပြီး ဟင်းတွေ လာပို့ခိုင်းလိုက်တာ" ဟုပြောလိုက်သည်။
လုယိမင်က တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည့်အချိန်၌ လုံခြုံရေးအစောင့်က အစားအသောက်အထုပ်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်သည်ကို တွေ့လိုက်ရသဖြင့် လုယိမင်က
လုံခြုံရေးအစောင့်အား အေးစက်စွာဖြင့် ကြည့်လိုက်သည်။
ထို့နောက် လုယိမင်က ဟူရှင်းကောထံမှ အစားအသောက်ထုပ်ကို ယူလိုက်ပြီး "အစ်ကိုဟူ ပင်ပန်းသွားပြီဆိုတော့ အထဲဝင်ပြီး လက်ဖက်ရည်တစ်ခွက်လောက် သောက်ပါဦး" ဟုခေါ်လိုက်သည်။
ဟူရှင်းကောက "ဒါပေမယ့်... အစားအသောက်တွေက မြေကြီးပေါ်ကို ပြုတ်ကျထားတယ်" ဟုပြောလိုက်သဖြင့် လုယိမင်က "ရပါတယ်။ လာအထဲကို သွားကြမယ် အစ်ကိုဟူ" ဟုပြောလိုက်သည်။
ဟူရှင်းကောက အစက ငြင်းချင်သော်လည်း လုယိမင်က အပြင်းအထန် ပြောဆိုနေသဖြင့် "အင်း ဒါဆို မစ္စတာလုကို အနှောက်အယှက် ဖြစ်စေမိပြီ" ဟုပြောကာ လက်ခံလိုက်သည်။
လုယိမင်က ဟူရှင်းကောကို VIP အခန်းသို့ ဖိတ်ခေါ်ပြီး "အစ်ကိုဟူ၊ ဒီမှာ ခဏထိုင်ဦးနော်။ ကျွန်တော် သူဌေးကုဆီ အစားအသောက်တွေ သွားပို့လိုက်ဦးမယ်" ဟုပြောကာ ထွက်သွားခဲ့သည်။
"ကောင်းပါပြီ"
ဟူရှင်းကောက VIP အခန်း၌ ထိုင်နေချိန်၌ ဝန်ထမ်းတစ်ဦးမှ လက်ဖက်ရည် လာပို့ပေးခဲ့သဖြင့် လက်ဖက်ရည်သောက်ရင်း လုယိမင်ကို စောင့်နေလိုက်သည်။
လုယိမင်က ကုဝူယွီဆီသို့ အစားအသောက် ပို့ပြီးနောက် အောက်ထပ်မှ လုံခြုံရေးအစောင့်ဆီသို့ ပြန်သွားကာ "မင်း အခုချက်ချင်း ထွက်သွားတော့" ဟုအော်ဟစ် ကြိမ်းမောင်းလိုက်သည်။
ထိုအခါ လုံခြုံရေးအစောင့်က ကြောက်လန့်တကြား ထွက်ပြေးသွားတော့သည်။
လုယိမင်က လုံခြုံရေးကို ကိုင်တွယ်ပြီးနောက် ဟူရှင်းကောအား ဧည့်ခံရန်အတွက် အပေါ်ထပ်သို့ ပြန်တက်လာခဲ့သည်။
ဟူရှင်းကောက ခဏထိုင်ပြီးနောက် "ငါပြန်လိုက်ဦးမယ်။ ရှောင်ရှင်းနဲ့ တခြားသူတွေက ငါ့ကို စောင့်နေ
ကြလိမ့်မယ်" ဟုပြောလိုက်သည်။
"ကောင်းပါပြီ အစ်ကိုကြီး ကျွန်တော် အောက်ထပ်ကို လိုက်ပို့ပေးမယ်"
"ရပါတယ် မလိုပါဘူး"
ဟူရှင်းကာ ငြင်းဆိုသော်လည်း လုယိမင်က အတင်းအကျပ် အောက်ထပ်သို့ လိုက်ပို့ပေးခဲ့သည်။
ဟူရှင်းကော အောက်ထပ်သို့ ဆင်းလာချိန်၌ ချင်းရှင်းတို့ ရောက်လာသည်ကို တွေ့လိုက်ရသည်။
"ဒါဆို မင်းအများကြီး ကြုံလိုက်ရတာပေါ့"
မေ့ကုန်းလန်က အကြောင်းစုံကို သိလိုက်ရသောအခါ ဟူရှင်းကောအား အပြစ်မဆိုရက်တော့ပေ။
"ကျွန်တော် ပြန်ထွက်လာတော့ လုံခြုံရေးအစောင့်ကို လဲထားတာ တွေ့ခဲ့တယ်"
ဟူရှင်းကော၏ စကားကြောင့် မေ့ကုန်းလန်ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်သည်။
ချင်းရှင်းနှင့်အတူ တောင်ပေါ်သို့ တက်လာစဉ်က တောင်ပေါ်မှ ပြေးဆင်းလာသော လူတစ်ယောက်ကို တွေ့လိုက်ရသဖြင့် ထိုလူမှာ လုံခြုံရေးအစောင့် ဖြစ်မည်ဟု တွေးမိသွားသဖြင့် "ထိုက်တန်တယ်။ မောက်မာချင်ဦး" ဟုပြောလိုက်သည်။
ဟူရှင်းကောက အထင်သေးခံရသည်ကို စိတ်မ၀င်စားသော်လည်း "ကျွန်တော်လည်း အိမ်ဝယ်ပြီးရင် ကားနှစ်စီး ဝယ်ဖို့အတွက် ပိုက်ဆံစုမယ်" ဟုပြောလိုက်သည်။
အနာဂတ်တွင် ချင်းရှင်း၏ လုပ်ငန်း ကြီးထွားလာပါက ဟူရှင်းကောက ချင်းရှင်းကို ပံ့ပိုးပေးရမည်ဖြစ်သည်။
"အိမ်က ရှာပြီးပြီလား"
လုယိမင်နှင့် စကားစမြည်ပြောနေစဉ်၌ ဟူရှင်းကောက အိမ်အကြောင်း မေးမြန်းခဲ့သဖြင့် လုယိမင်က ဟူ
ရှင်းကော လိုချင်သည့် အချက်အလက်များကို မေးမြန်းခဲ့သည်။
ထို့အပြင် လုယိမင်က ဟူရှင်းကောကို ဆက်သွယ်ရမည့်လူ၏ ဖုန်းနံပါတ်ကို ပေးလိုက်သည်။
ဟူရှင်းကောက ထိုအကြောင်းကို ပြောပြီးနောက် "အစ်မကြီးရော လိုက်မှာလား" ဟုမေးလိုက်သည်။
"ငါမလိုက်တော့ဘူး"
မေ့ကုန်းလန်က ချင်းရှင်းကို ကူညီရမည် ဖြစ်သဖြင့် အိမ်ကြည့်ရန် မလိုက်တော့ပေ။
...
ချင်းရှင်းနှင့် လုယိမင်တို့က အပေါ်ထပ်သို့ တက်သွားပြီး လုယိမင်က "သူဌေးကု မစ္စချင်း ရောက်ပါပြီ" ဟုကုဝူယွီ၏ ရုံးခန်းတံခါးကို ခေါက်ကာ ပြောလိုက်သည်။
ထိုအချိန်၌ ကုဝူယွီက ညစာစားပြီးပြီဖြစ်ရာ
ကုဝူယွီက ချင်းရှင်းကို ခေါင်းညိတ်ပြလိုက်ပြီး လုယိ
မင်ကို ကြည့်၍ "ဒါတွေက မင်းအတွက်" ဟုပြောလိုက်သည်။
လုယိမင်က ကုဝူယွီကို ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်လိုက်ကာ စားပွဲပေါ်တင်ထားသော အစားအသောက်များကို အမြန်ထုပ်ပိုး၍ ထွက်သွားခဲ့သည်။
ထို့နောက် လုယိမင်က ပျော်ရွှင်စွာဖြင့် ညစာစားလိုက်တော့သည်။
လုယိမင်က နောက်ဆုံး ဝက်သားကြော်ကို စားပြီးနောက် ကုလားထိုင်၏ နောက်ကျောကို အားရကျေနပ်စွာ မှီလိုက်ကာ ခြေထောက်များကို စားပွဲပေါ်သို့ တင်လိုက်သည်။
ကံကောင်းထောက်မစွာ အောက်ထပ်သို့ ဆင်းလာသဖြင့် ဤအစားအသောက်များကို စားလိုက်ရခြင်း ဖြစ်သည်။
ထိုအကြောင်းကိုတွေးမိပြီး လုယိမင်က လုံခြုံရေးအစောင့်ကို ပို၍ စိတ်ဆိုးလာခဲ့သည်။
...
ရုံးခန်းထဲတွင် ကုဝူယွီက ချင်းရှင်းကို မျက်နှာချင်းဆိုင်၌ ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
ချင်းရှင်းက "မနေ့က မစ္စတာကုဆီ ပို့လိုက်တဲ့ ငရုတ်ဆီချက်နည်းက တစ်ခုခု လိုအပ်တာ ရှိလို့လား" ဟုမေးမြန်းလိုက်သည်။
"မဟုတ်ပါဘူး။ ဒီမနက် မင်းရဲ့ ငရုတ်ဆီက ပဲပိစပ်တွေ ပိုများတာကို သတိထားမိတယ်"
"ဟုတ်ပါတယ်"
"ဒီချက်နည်းက အဆင်ပြေပါတယ်။ ဒါပေမယ့် စားသောက်ကုန် စက်ရုံက ဆောက်လုပ်နေဆဲမို့လို့အချိန်တစ်ခုအထိတော့ ထုတ်ကုန်တွေ ထုတ်လို့ မရနိုင်သေးဘူး"
ကုဝူယွီက ချင်းရှန်ရှိ တောင်တစ်ခုလုံးကို ငှားရမ်းလိုက်သည့်အပြင် စက်ရုံများတည်ဆောက်ရန် မြေ
နေရာများစွာကိုလည်း ငှားရမ်းခဲ့သည်။
သို့သော်လည်း အစားအသောက် စက်ရုံက ဆောက်လုပ်ဆဲ ဖြစ်သဖြင့် ပြီးစီးသည့် အဆင့်သို့ ရောက်ရှိရန် စောင့်ရဦးမည် ဖြစ်သည်။
"ငရုတ်ဆီထဲမှာပါတဲ့ ပဲပိစပ်တွေကို ကိုယ်တိုင်သိပ်တာ အကောင်းဆုံးပဲ။ အပြင်မှာ ဝယ်လို့ရတဲ့ ပဲပိစပ်တွေက အရည်အသွေး မကောင်းဘူး။ နောက်ပြီး ပဲပိစပ်က သုံးလကြာအောင် နှပ်ထားရင် အကောင်းဆုံး အရသာကို ရမှာပါ"
"ကောင်းပြီ"
မူလက ကုဝူယွီက စက်ရုံ ပြီးစီးမည့် အချိန်ကို ချင်းရှင်း စောင့်နေရမည်ကို စိုးရိမ်နေသော်လည်း ချင်းရှင်း၏ စကားကို ကြားလိုက်ရသောအခါ ချင်းရှင်းက သုံးလလောက် စောင့်ရလျှင်ပင် အဆင်ပြေကြောင်း တွေ့လိုက်ရသည်။
!!.....!!
..........................................
.........................................
အပိုင်း (၅၈) ပြီးပါပြီ။