အပိုင်း(၆၉)
ချင်းရှင်းက ခေါက်ဆွဲကို ပါဝင်ပစ္စည်းများနှင့် အညီအမျှ ရောစပ်လိုက်သောအခါ ပဲငံပြာရည် ခေါက်ဆွဲက အဆင်သင့်ဖြစ်သွားခဲ့သည်။
ခုနစ်နာရီတွင် ချင်းရှင်းက မနက်စာ မီနူးကို LED ဆိုင်းဘုတ်ပေါ်၌ ထုတ်ပြန်ခဲ့သည်။
"ယနေ့ရောင်းချမယ့် မနက်စာကတော့ ပဲငံပြာရည် ခေါက်ဆွဲဖြစ်ပြီး သုံးပွဲသာ ရောင်းချမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ 25 ယွမ် ဖြစ်ပါတယ်"
ချင်းရှင်းက ပဲငံပြာရည် ခေါက်ဆွဲ သုံးပွဲကို ချက်ပြီးသွားသောအခါ၌ ဆိုင်ထဲရှိ ထိုင်ခုံများတွင် လူသုံးယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ချင်းရှင်း ချက်ပြီးသွားသည်ကို မြင်လိုက်သော ထန်မန်ရင်းက ပြတင်းပေါက်မှတစ်ဆင့် "ငါ့ကိုပေး။ ငါသွားပို့ပေးမယ်" ဟုပြောလိုက်သည်။
ထန်မန်ရင်းက ဧည့်သည် သုံးဦးထံ ပဲငံပြာရည်
ခေါက်ဆွဲကို သွားပို့လိုက်သည်။
ချင်းရှင်းက ခေါက်ဆွဲကို မြန်မြန်ဆန်ဆန် ရောင်းရလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အနည်းငယ် အံ့သြသွားခဲ့သည်။
ဝယ်ယူခွင့် ရရှိသော ဖောက်သည် သုံးဦးအနက် ရှောင်လျိုဟု အမည်ရသော ဧည့်သည်က သိပ်မပျော်ရွှင်ခဲ့ပေ။
ချင်းရှင်း၏ ဆိုင်အနီးနားတွင် အလုပ်လုပ်နေသဖြင့် ရှောင်လျိုက မနက်အိပ်ရာထသည်နှင့် သူ၏ လက်ကိုင်ဖုန်းကို ထုတ်ကာ QR ကုဒ်ကို စကင်န်ဖတ်လိုက်သည်။
သို့သော် ချင်းရှင်း၏ စားသောက်ဆိုင် ပရိုဂရမ်က မပွင့်သေးကြောင်းကို တွေ့လိုက်ရသဖြင့် ရှောင်လျိုက ခုနစ်နာရီထိုးသည်အထိ စောင့်ဆိုင်းနေခဲ့ရာ မနက်စာမှာ ပဲငံပြာရည် ခေါက်ဆွဲဖြစ်သည်ကို တွေ့လိုက်သောကြောင့် တစ်ပွဲစာကို ချက်ချင်းမှာယူလိုက်သည်။