Chapter 45

914 83 0
                                    


အပိုင်း(၄၅)

ကျန်းရှုရန်က ဟင်းချက်ပြိုင်ပွဲ၏ ဘုရင် အကဲဖြတ်ဒိုင် ဝမ်လီရှင်း၏ အကြောင်းကို သိသည်။

ဝမ်လီရှင်းက  အစားအသောက်ကို အရသာ မြည်းရာတွင် အပြစ်အနာအဆာကို မြည်းစမ်းနိုင်သည်။

အရေးကြီးဆုံးအချက်မှာ ဝမ်လီရှင်းက အလွန်ဖြောင့်မတ်သူ တစ်ဦးဖြစ်သည်။

နှစ်ပေါင်းများစွာ အကဲဖြတ်ဒိုင် လုပ်ခဲ့သည့် သက်တမ်းတစ်လျှောက်တွင် ဝမ်လီရှင်းက နာမည်ပျက် မရှိခဲ့ဖူးပေ။

ကျန်းရှုရန်၏ တပည့်က ကျန်းရှုရန်၏ အနားသို့ကပ်ကာ "ဆရာဝူက အားလပ်ရက်ယူပြီး မြို့တော် S ကိုရောက်နေတယ်။ လောလောဆယ် ပြန်လာလို့ မရနိုင်ဘူး" ဟုတိုးတိုးလေး ကပ်ပြောလိုက်သည်။

ဆရာဝူဆိုသူမှာ ကျန်းအုပ်စုတွင် အကျွမ်းကျင်ဆုံးစာဖိုမှူး ဖြစ်သည်။


မြို့တော် S က မြို့တော် D နှင့် အလွန်ဝေးပြီး လေယာဉ်ဖြင့် ပြန်လာလျှင်ပင် နှစ်နာရီကြာသည်။

ကျန်းရှုရန်က ခဏကြာ စဉ်းစားပြီးမှ "ဒါဆို ဒီမှာဘယ်သူရှိလဲ" ဟုမေးလိုက်သည်။

"ဆရာယွမ် ရှိတယ်"

"ကောင်းပြီ၊ သူ့ကို ဝင်ပြိုင်ခိုင်းလိုက်"

ဆရာယွမ်၏ ဟင်းချက်ကျွမ်းကျင်မှုက ဆရာဝူလောက် မကောင်းသော်လည်း အကြီးတန်း စာဖိုမှူး တစ်ယောက် ဖြစ်နေ‌ဆဲ ဖြစ်သည်။

ခဏအကြာတွင် ဟိုတယ် ဝန်ထမ်းများက အစည်းအဝေး ခန်းမကြီးတစ်ခုလုံးကို အချက်အပြုတ် ပြိုင်ပွဲအတွက် ပြောင်းလဲ ပြင်ဆင်ပြီးသွားခဲ့သည်။

ဝမ်လီရှင်းကလည်း ဟိုတယ်သို့ ရောက်လာပြီ ဖြစ်သဖြင့် ကျန်းရှုရန်က ထိုင်ခုံတွင် ထိုင်ရန် ဖိတ်ခေါ်

လိုက်သည်။

"မစ္စတာဝမ်တို့ အကဲဖြတ်ဒိုင် ထိုင်ခုံမှာ ထိုင်ကြပါ"

အကဲဖြတ်ဒိုင် ထိုင်ခုံ၏ ဘယ်ဘက်၌ ကုဝူယွီနှင့် တခြားသူများ ထိုင်ကြပြီး ညာဘက်၌ ကျန်းရှုရန်နှင့် စုရွှမ်တို့ ထိုင်ကြသည်။

အနောက်တွင် ချင်းရှင်း၏ အတန်းဖော်များနှင့် ဟိုတယ်ဝန်ထမ်းများ ထိုင်ကြသည်။

ကျန်းအုပ်စု၏ စားဖိုမှူးလည်း ရောက်လာပြီ ဖြစ်သဖြင့် ကျန်းရှုရန်က မတ်တပ်ထရပ်ပြီး အကဲဖြတ်ဒိုင်များနှင့် ကြည့်ရှုနေကြသူများကို "ဒါက ကျွန်တော်တို့ ဟိုတယ်ရဲ့ စားဖိုမှူး.... ဆရာယွမ်ပါ။ ဟင်းချက်ကျွမ်းကျင်မှုက အမြင့်ဆုံးတော့ မဟုတ်ဘူး" ဟုမိတ်ဆက်ပေးလိုက်သည်။

ဆိုလိုသည်မှာ ချင်းရှင်းနှင့် ပြိုင်ပွဲအတွက် အရမ်း မတော်သောသူနှင့်သာ ပေးပြိုင်သည်ဟု ဆိုလိုချင်ခြင်း ဖြစ်သည်။

ထိုစကားကို ကြားလိုက်သောအခါ ဆရာကြီးယွမ်က မျက်ခုံးပင့်လိုက်ပြီး လူများအားလုံးကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။

ကျန်းရှုရန်က ဝမ်လီရှင်းကို ကြည့်ပြီး "ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို ထုတ်ပြန်ပေးဖို့ ဆရာဝမ်ကို တောင်းဆိုပါတယ်" ဟုပြောလိုက်သည်။

ဝမ်လီရှင်းက "ကျွန်တော် ဒီကိုမလာခင်မှာ ရှောင်လုက ဒီပွဲကို အချက်အပြုတ် လေ့လာပွဲလို့ ပြောခဲ့တယ်။ အဲ့ဒါကြောင့် စားဖိုမှူးနှစ်ယောက်က ကြိုက်တဲ့ဟင်းပွဲကို ချက်လို့ရတယ်။ အချိန်ကန့်သတ်ချက်ကတစ်နာရီပေးမယ်" ဟုပြန်ပြောလိုက်သည်။

"စလို့ရပြီ"

ဝမ်လီရှင်း၏ ဘေးမှ အကဲဖြတ်ဒိုင်တစ်ဦးက ထိုသို့ ကြေညာလိုက်သည်။

ထိုအခါ ခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားပြီး အားလုံးက ပြိုင်ပွဲကို အာရုံစိုက်၍ ကြည့်နေခဲ့ကြသည်။


ချင်းရှင်းက ရှိပြီးသား ပါဝင်ပစ္စည်းများကို ကြည့်လိုက်သည်။

ဝမ်လီရှင်း စကားပြောပြီးသွားသောအခါ ချင်းရှင်းက စိတ်ထဲ၌ ပါဝင်ပစ္စည်းများကို ကြည့်ပြီး သူမ ချက်ပြုတ်မည့် ဟင်းလျာကို စဉ်းစားလိုက်သည်။

ထို့နောက် ချင်းရှင်းက ငါးကို ရွေးချယ်ခဲ့ပြီး ငါး၏ အတွင်းပိုင်းနှင့် အပြင်ဘက်ကို ဆေးကြောသန့်စင်ကာ ဓားဖြင့်မွှန်းပြီး ဆန်နှင့် အခြားပါဝင်ပစ္စည်းများကို ရေဆေး၍ ငါး၏ဝမ်းဗိုက်ထဲသို့ ထည့်လိုက်သည်။

အနောက်တန်းမှ ထိုင်ကြည့်နေသော အတန်းဖော်များက ချင်းရှင်းကို ကြည့်ပြီး "သူဘာဆက်လုပ်မှာလဲ" ဟုပြောဆိုလိုက်ကြသည်။

"ငါလည်း မသိဘူး"

"ကြည့် နောက်ဆုံးကျရင် သိရလိမ့်မယ်"

ချင်းရှင်းက အိုးထဲသို့ ဆီလောင်းထည့်ကာ ပွက်ပွက်ဆူအောင် တည်ပြီးနောက် ငါးကို ရွှေညိုရောင် သန်းသည်အထိ ကြော်လိုက်သည်။

ထို့နောက် အိုးထဲမှ ဆယ်၍ ပန်းကန်ပြား တစ်ချပ်ပေါ်တွင် ထည့်ပြီး ပေါင်းအိုးထဲသို့ ထည့်ကာ ပေါင်းလိုက်သည်။

"ဘာလဲဟ၊ ဘာလို့ ကြော်ပြီးမှ ထပ်ပေါင်းနေတာလဲ"

ထိုအချိန်တွင် ကျောင်းသားအများအပြားက အံသြသွားခဲ့ကြသည်။

"ဟုတ်တယ် သူချက်နေတာ ငါးကြော်လား။ ငါးပေါင်းလား"

လွီယာက သူမ၏ ပတ်ဝန်းကျင်တွင် ရှိနေသော လူတိုင်း၏ အမူအရာကို သတိထား စောင့်ကြည့်နေခဲ့သည်။

ထိုလူများ၏ တုံ့ပြန်မှုကြောင့် လွီယာက ချင်းရှင်း ပျာယာခတ်နေပြီလို့ တွေးကာ ပျော်ရွှင်သွားတော့သည်။


ငါးကြော်ကို ပေါင်းထားချိန်၌ ချင်းရှင်းက မုန်လာဥနီအကြီး တစ်လုံးကို ယူကာ ဓားဖြင့် ပုံဖော်လိုက်သည်။

ထိုအချိန်၌ စားဖိုမှူးယွမ်က အိုးတစ်လုံးထဲတွင် ပါဝင်ပစ္စည်းများ အားလုံးကို ထည့်ထားပြီး မီးနည်းနည်းဖြင့် ဆူအောင် တည်ထားသည်။

စာဖိုမှူးယွမ် ရွေးချယ်ထားသော ပါဝင်ပစ္စည်းများကို ကြည့်ပြီး ကျန်းအုပ်စုမှ အခြားစားဖိုမှူးများက စားဖိုမှူးယွမ် ချက်မည့် ဟင်းလျာမှာ "ဘုန်းကြီးနံရံကျော်" ဟင်းပွဲဖြစ်မည်ကို သိနေခဲ့ကြသည်။

ချင်းရှင်းကိုတော့ လူတိုင်းက သူမ ဘာဆက်လုပ်မည်ကို အမှန်တကယ်ပင် မသိကြပေ။

ချင်းရှင်းက မုန်လာဥနီကို ပုံဖော်နေရင်းဖြင့်
အိုးအတွင်းရှိ ငါးများကို အာရုံစိုက်ရန် မမေ့ခဲ့ချေ။

အိုးထဲရှိ ငါးပေါင်း ရသွားသောအခါ ချင်းရှင်း၏ ပုံဖော်သည့် လုပ်ငန်းမှာလည်း ပြီးမြောက်သွားခဲ့သည်။


ချင်းရှင်းက ငါးကိုထုတ်ကာ ပေါင်းထားသောရေကို စစ်ထုတ်လိုက်သည်။

ထို့နောက် ချင်းရှင်းက ဇွန်းတစ်ချောင်းကို ကောက်ယူပြီး ဆီပူတစ်ဇွန်းကို ခပ်ကာ ရှာလကာရည်နှင့် သကြားကို ရောပြီး ငါး‌ပေါင်းပေါ်သို့ လောင်းချလိုက်သည်။

ချင်းရှင်းရွေးထားသော ငါးက အနီရောင်ငါးဖြစ်ပြီး ရွှေဝါရောင်သန်းသည်အထိ ကြော်ထားကာ ပဲငံပြာရည်နှင့် ရောလိုက်သောအခါ အနီရောင်နှင့် အဝါရောင်ပေါင်းစပ်ထားသော ဟင်းပွဲက အထူးဆွဲဆောင်မှုရှိနေခဲ့သည်။

ချင်းရှင်းက ခုနက ပုံဖော်ထားသော မုန်လာဥနီများကို ယူကာ ဟင်းပွဲကို ပုံဖော်အလှဆင်လိုက်သည်။

ထို့နောက် ချင်းရှင်းက အရှေ့၌ ဟင်းပွဲကို ချလိုက်ကာ ခေါင်းကိုမော့ပြီး "ကျွန်မ ပြီးပြီ" ဟုပြောလိုက်သည်။

ဝမ်လီရှင်းက ခေါင်းညိတ်ပြလိုက်သဖြင့် စားပွဲထိုးတစ်ယောက်က ချင်းရှင်း၏ ဟင်းပွဲကို ဝမ်လီရှင်း၏ စားပွဲဆီသို့ ယူဆောင်လာခဲ့သည်။

စားဖိုမှူးယွမ်၏ ချင်ပြုတ်မှုမှာလည်း ပြီးသွားခဲ့ပြီ ဖြစ်သည်။

များသောအားဖြင့် "ဘုန်းကြီး နံရံကျော်" ဟင်းပွဲ ချက်ပြုတ်ရန် အနည်းဆုံး အချိန်နှစ်နာရီခန့် ယူရသော်လည်း ပါဝင်ပစ္စည်းထဲမှ အချို့မှာ ချက်ပြုတ်ထားပြီး ဖြစ်နေသောကြောင့် အကြာကြီး ချက်ရန် မလိုအပ်ပေ။

ဟင်းပွဲနှစ်မျိုးလုံးကို အကဲဖြတ်ဒိုင် စားပွဲပေါ်တွင် တင်လိုက်သည်။

ဟင်းပွဲအပြင်အဆင်ကို ကြည့်လျှင် ချင်းရှင်းက အနိုင်ရနေပြီ ဖြစ်သည်။

"ဘုန်းကြီးနံရံကျော်" ဟင်းပွဲ၏ အပြင်အဆင်က အိုးထဲတွင် ရှုပ်ယှက်ခတ်နေသော အရာမျိုးစုံကို မြင်တွေ့ရသည်။


ချင်းရှင်း၏ ဟင်းပွဲ အပြင်အဆင်က ကြည့်ကောင်းပြီး မုန်လာဥနီများနှင့်ပါ ပုံဖော်ထားသောကြောင့် ဟင်းပွဲက အလွန်လှပနေခဲ့သည်။

"ကျေးဇူးပြုပြီး မိတ်ဆက်ပေးပါဦး"

ဝမ်လီရှင်း၏ ဘေးမှ အကဲဖြတ်ဒိုင်က ထိုသို့ ပြောလိုက်သည်။

အကဲဖြတ်ဒိုင်များက ပြိုင်ပွဲဝင်များ၏ လုပ်ဆောင်ချက်ကို သိနေသော်လည်း ကြည့်ရှုနေသူများ... အထူးသဖြင့် ကုဝူယွီနှင့် ကျန်းရှုရန်တို့က မသိကြပေ။

!!.....!!
...…….................................
.........................................

အပိုင်း (၄၅) ပြီးပါပြီ။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now