အပိုင်း(၆၃)
ထန်ရှီးလန်ကြောင့် ချင်းရှင်းက ရုံးခန်းငှားရန် ဆုံးဖြတ်ခဲ့သည်။
ကုအုပ်စု၏ အိမ်ခြံမြေအကျိုးဆောင်၌ ရုံးခန်းငှားနိုင်သည့် အဆောက်အဦ ရှိသည့်အပြင် ဆယ်မိနစ်ခန့်လမ်းလျှောက်ရုံဖြင့် ရောက်နိုင်သည်။
နောက်တစ်နေ့၌ မနက်စာရောင်းပြီးနောက် ချင်းရှင်းက ရုံးခန်းငှားသည့် အဆောက်အဦသို့သွားပြီး ငှားရမ်းမှုအတွက် စုံစမ်းခဲ့သည်။
ကုမ္ပဏီ၌ ဝန်ထမ်း မရှိသေးသောကြောင့် ချင်းရှင်းက အခန်းငယ်တစ်ခုကိုသာ ငှားရန် စီစဉ်ခဲ့သည်။
ချင်းရှင်းက စျေးနှုန်းကို စုံစမ်းလိုက်သောအခါ လစဉ် ငှားရမ်းခကား တစ်စတုရန်းမီတာလျှင် ယွမ်တစ်ရာ ဖြစ်သည်။
20 စတုရန်းမီတာလျှင် ယွမ်နှစ်ထောင် ဖြစ်သဖြင့် တစ်နှစ်ငှားရမ်းခမှာ ယွမ်နှစ်သောင်းလေးထောင်
ဖြစ်သည်။
ချင်းရှင်းက တစ်နှစ်စာ ငှားရမ်းလိုက်ပြီး ဟူရှင်းကောအား စားပွဲခုံများ ဝယ်ပေးရန် အကူအညီတောင်းခဲ့သည်။
ထို့နောက် ချင်းရှင်းက ရောင်စုံပရင်တာနှင့်အရည်အသွေး ကောင်းမွန်သော desktop ကွန်ပျူတာတစ်လုံးကို ဝယ်ယူခဲ့သည်။
အခြားအရာများအား ချင်းရှင်းက ထန်ရှီးလန်ကိုယ်တိုင် ဝယ်ရန် စီစဉ်ထားခဲ့သည်။
ထိုအရာများ ပြင်ဆင်ပြီးနောက် ချင်းရှင်းက ဆိုင်သို့ ပြန်သွားပြီး ပါဝင်ပစ္စည်းတွေကို ဆက်လက်ပြင်ဆင်နေခဲ့သည်။
ဤကာလအတွင်း လာရောက်ဝယ်ယူသူ များပြားလွန်းသောကြောင့် ချင်းရှင်းက ပုံမှန်ထက် အနည်းငယ်ပိုများသော ပါဝင်ပစ္စည်းများကို ပြင်ဆင်ခဲ့သည်။
ချင်းရှင်း၏ စားသောက်ဆိုင်ကား တစ်နေ့ထက်တစ်နေ့ ပိုမိုမြန်ဆန်စွာ ရောင်းကုန်နေကြောင်း ဖောက်သည်များက အမြဲလိုလိုခံစားနေရသည်။
ကုအုပ်စု၏ ရုံးချုပ်က ချင်းရှန်သို့ ပြောင်းရွှေ့လာခြင်းကို ကောင်းသည်ဟု မူလက ထင်ထားသည့် လူများက ကုအုပ်စု ပြောင်းရွှေ့လာပြီးနောက် ထမင်းစားရန် ပိုခက်လာသဖြင့် တော်တော်များများက ကုအုပ်စုကို ပြန်လည် ပြောင်းရွှေ့သွားရန် မျှော်လင့်နေခဲ့ကြသည်။
...
ထန်ရှီးလန် ရောက်လာသည့်နေ့၌ ချင်းရှင်းက ဆိုင်ပိတ်လိုက်ပြီး ထန်ရှီးလန်ကို သွားခေါ်ကာ "နင်ငါနဲ့တူတူ အရင်နေလိုက်။ ရုံးခန်းက ငါ့အိမ်နားမှာပဲ"ဟုပြောလိုက်သည်။
ထန်ရှီးလန်က "ရတယ်။ ငါအိမ်ငှားပြီးပြီ" ဟုပြန်ပြောလိုက်သည်။
ထန်ရှီးလန်က T မြို့သို့ လာမည်ဟု ဆုံးဖြတ်ပြီး
ကတည်းက အရာအားလုံးအတွက် ပြင်ဆင်လာခဲ့သည်။
"အင်း ဒါဆို ငါနင့်ကို ငါ့ရဲ့ဆိုင်ကို အရင်ခေါ်သွားမယ်"
ချင်းရှင်းက ကားငှား၍ လာကြိုခဲ့သော်လည်း နောက်တစ်ချိန်တွင် ကားဝယ်မည်ဟု စဉ်းစားထားခဲ့သည်။
ခြံထဲ၌ ကားရပ်ပြီးနောက် ထန်ရှီးလန်က "ခြံကို မသုံးဘူးလား" ဟုမေးလိုက်သဖြင့် ချင်းရှင်းက "ငါပန်းပင်တွေ စိုက်ထားပေမယ့် အခုထိတော့ မပွင့်သေးဘူး' ဟုပြောလိုက်သည်။
"ကောင်းသားပဲ"
ထန်ရှီးလန်က အနာဂတ်အတွက် မျှော်လင့်ရင်း ထိုသို့ပြောလိုက်သည်။
"ထမင်းစားဖို့ အထဲကို ဝင်ကြရအောင်"
ထန်ရှီးလန်က T မြို့သို့ ရထားဖြင့် လာခဲ့
သောကြောင့် နာရီပေါင်းများစွာ စီးလာရသဖြင့် နေ့လည်စာ မစားရသေးသည်မှာ သေချာလှသည်။
"အင်း ငါလည်း ဗိုက်ဆာနေပြီ။ အဲ့အပြင် နင့်ရဲ့လက်ရာကို ငါတကယ် မြည်းကြည့်ချင်နေတာ"
နှစ်ယောက်သား စားသောက်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ထန်ရှီးလန်က ဆိုင်ထဲ၌ လူနှစ်ယောက် ရှိနေသည်ကို တွေ့လိုက်ရသည်။
"ဒါက အစ်မထန်။ ဒါက အစ်မကုန်းလန်။ သူတို့က ငါ့ကို ကူညီပေးနေကြတာ" ဟုချင်းရှင်းက မိတ်ဆက်ပေးလိုက်သည်။
ထန်ရှီးလန်က မေ့ကုန်းလန်တို့ကို နှုတ်ဆက်ပြီးနောက် ချင်းရှင်းက လူနှစ်ယောက်ကို ငှားထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော် ချင်းရှင်း၏ လုပ်ငန်းက မနက်စာရောင်းသည့် ဈေးဆိုင်မှ အချိန်တိုအတွင်း စားသောက်ဆိုင်ဖွင့်နိုင်သည်အထိ တိုးတက်လာခဲ့သဖြင့် စီးပွားရေး အခြေအနေကောင်းမည်ဟု ထန်ရှီးလန်က တွေးထင်
လိုက်သည်။
"အားလုံး ခဏထိုင်စောင့်ကြဦးနော်။ ကျွန်မ ညစာချက်လိုက်ဦးမယ်"
မေ့ကုန်းလန်က ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ပေးပြီးနေပြီ ဖြစ်သဖြင့် ချင်းရှင်းက စတင် ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။
မွန်းတည့်ချိန်ကတည်းက အမဲသားကြော်၊ ငါးကြော်နှပ်၊ မာပိုတိုဟူးဟင်းနှင့် ခရမ်းသီးပေါင်းတို့ကို ချက်ပြုတ်ရန် ချင်းရှင်းက စီစဉ်ထားခဲ့သည်။
ချင်းရှင်းက ငါးကို လှီးဖြတ်ပြီးနောက် ကြက်သွန်မြိတ်၊ စပါးလင်နှင့် ချင်းတို့ကို ငါး၏ ဝမ်းဗိုက်ထဲတွင် ထည့်ပြီး ဟင်းချက်ဝိုင်၊ ဆားတို့ဖြင့် နယ်နှပ်လိုက်သည်။
ဆယ်မိနစ်ခန့် နှပ်ရမည် ဖြစ်သဖြင့် ချင်းရှင်းက ဒုတိယဟင်းပွဲကို စတင်ပြင်ဆင်လိုက်သည်။
"ငါကူညီပေးရမလား"
ထန်ရှီးလန်က ချင်းရှင်းတစ်ယောက်တည်း အလုပ်ရှုပ်နေသဖြင့် အားနာကာ ကူညီပေးရန် ပြင်လိုက်သည်။
ထိုအခါ မေ့ကုန်းလန်က "ငါရှောင်ရှင်းနဲ့ တွဲလုပ်နေတာ ကြာပြီ။ သူချက်ပြုတ်တဲ့ အချိန်တိုင်း သူ့ဘာသာသူပဲ လုပ်တာ။ ငါက အသီးအရွက်တွေကို ရေဆေးပေးတာတို့ ဟင်းခတ်အမွှေးအကြိုင်တွေကို လှီးပေးတာတို့လောက်ပဲ လုပ်ရတာ" ဟုပြောလိုက်သည်။
ထန်မန်ရင်းကလည်း ပခုံးတွန့်လိုက်ပြီး "ငါက သန့်ရှင်းရေး လုပ်ပေးရုံပဲ" ဟုပြောလိုက်သည်။
"ဟုတ်လား။ ဒါဆိုသူ အရမ်းအလုပ်မများဘူးလား"
"အရမ်းအလုပ်များတာပေါ့။ နင့်ကိုလာခေါ်ဖို့ ရှောင်ရှင်းက ဒီည ဆိုင်ပိတ်လိုက်တာ" ဟုထန်မန်ရင်းက ပြောလိုက်သဖြင့် မေ့ကုန်းလန်က "ဟုတ်တယ်။ အဲ့ဒါကြောင့် နင်က ရှောင်ရှင်းအတွက် အရမ်းအရေးကြီးတဲ့ သူတစ်ယောက် ဖြစ်မယ်ဆိုတာ ငါတို့အားလုံး သိပြီးသား" ဟုထောက်ခံ ပြောဆိုလိုက်သည်။
ထိုအချိန်တွင် ချင်းရှင်းက တတိယဟင်းပွဲကို စတင် ပြင်ဆင်နေပြီ ဖြစ်သည်။
ခရမ်းသီးကို အလျားလိုက် လှီးလိုက်ပြီးနောက် ပန်းကန်ပြား တစ်ခုပေါ် တင်လိုက်ကာ အိုးတစ်လုံးထဲသို့ ထည့်ပေါင်းလိုက်သည်။
ခရမ်းသီးကို ပေါင်းနေချိန်၌ ချင်းရှင်းက အသားများကို နုတ်နုတ်စင်း၍ ကြက်သွန်ဖြူနှင့် ငရုတ်သီးကို နုတ်နုတ်စင်းလိုက်သည်။
ထို့နောက် ဒယ်အိုးထဲသို့ ဆီလောင်းထည့်၍ အပူပေးပြီး ကြက်သွန်ဖြူနှင့် ဂျင်းကို ထည့်ကြော်ကာ ကိုယ်တိုင်လုပ်ထားသော ငရုတ်ဆီကို ထည့်လိုက်သည်။
ပြီးနောက် နုတ်နုတ်စင်းထားသော အသားများကို ထည့်ကြော်လိုက်ပြီး အိုးထဲမှ ခရမ်းချဉ်သီးပေါင်းပေါ်သို့ လောင်းထည့်လိုက်သည်။
ထို့နောက် ချင်းရှင်းက မာပိုတိုဟူးဟင်းအတွက်
တိုဟူးများကို အတုံးသေးသေးလေးများ လှီးဖြတ်၍ ရေစိမ်ထားလိုက်သည်။
ချင်းရှင်းက အိုးထဲသို့ ဆီလောင်းထည့်ကာ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူတို့ကို ထည့်၍ မွှေကြော်ကာ ငရုတ်ကောင်းနှင့် ငရုတ်ဆီကို ထည့်လိုက်သည်။
မွှေးရနံ့ ထွက်လာပြီးနောက် ချင်းရှင်းက တိုဟူးကို ထည့်၍ နောက်ဆုံး ကော်ရည်ကို လောင်းထည့်လိုက်သည်။
နှပ်ထားသော ငါးရလာပြီ ဖြစ်သဖြင့် ချင်းရှင်းက ဆီပူထဲသို့ ငရုတ်ဆီ၊ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူတို့ကို ထည့်ကြော်ပြီး ငါးကို အိုးထဲသို့ ထည့်ကြော်လိုက်သည်။
နှစ်ဘက်လုံး ရွှေဝါရောင် သန်းသွားသောအခါ ချင်းရှင်းက ငရုတ်သီးစိမ်းနှင့် လှီးထားသော ကြက်သွန်မြိတ်များကို ထည့်လိုက်သည်။
ချင်းရှင်း ဟင်းများ ချက်ပြီးသွားသည်ကို မြင်လိုက်ရ
သောအခါ မေ့ကုန်းလန်က ဟင်းပွဲများ သယ်ပေးရန် ချက်ချင်းထ၍ မီးဖိုချောင်ထဲသို့ ဝင်လာခဲ့သည်။
ထန်မန်ရင်းကလည်း ထမင်းခူးရန် မီးဖိုခန်းထဲသို့ ဝင်လာခဲ့သည်။
ထန်ရှီးလန်ကလည်း ကူညီရန် ပြင်ဆင်လိုက်သဖြင့် ချင်းရှင်းက "ဟိုမှာ အချိုရည်တွေရှိတယ်။ နင်ကြိုက်တာ ယူသောက်လို့ရတယ်" ဟုပြောလိုက်သည်။
ထို့ကြောင့် ထန်ရှီးလန်က Sprite ပုလင်းကို ရွေးချယ်လိုက်သည်။
ထို့နောက် လေးယောက်သား ထိုင်ကာ ညစာစတင် စားကြလေတော့သည်။
ထန်ရှီးလန်က ဟင်းပွဲများကို ကြည့်လိုက်ရာ အားလုံးက အရောင်အသွေး စုံလင်ပြီး အရသာရှိမည့်ပုံစံ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် "စားလို့ကောင်းမယ့်ပုံပဲ" ဟုပြောလိုက်သည်။
"စစားကြမယ်လေ"
ချင်းရှင်းက ထန်ရှီးလန် ဗိုက်ဆာနေမည်ကို သိနေသဖြင့် ထန်ရှီးလန်၏ ပန်းကန်ထဲသို့ ဟင်းများ ထည့်ပေးလိုက်သည်။
ထန်ရှီးလန်က ကျေးဇူးတင်လိုက်ပြီး စတင်စားလိုက်သည်။
ထန်ရှီးလန်က အမဲသားကို တစ်ကိုက် စားလိုက်ရာ သူမ၏ အမူအရာက အလွန်အံ့သြသွားပြီး စိတ်လှုပ်ရှားစွာဖြင့် "အရမ်းစားကောင်းတာပဲ" ဟုထအော်လိုက်သည်။
မေ့ကုန်းလန်က "အမဲသားချည်းပဲ စားမနေနဲ့။ တခြားဟင်းတွေလည်း ရှိသေးတယ်" ဟုပြောလိုက်သည်။
ထို့ကြောင့် ထန်ရှီးလန်က မာပိုတိုဟူးဟင်းကို ယူစားလိုက်ရာ တိုဟူးက ဂျပန်တို့ဟူးထက် ပို၍နူးညံ့ပြီး ထည့်ထားသော ငရုတ်ဆီက အလွန်စားကောင်းသည်ကို သိလိုက်ရသည်။
ထန်ရှီးလန်က တို့ဟူးကို ကြိုက်ကြောင်း ချင်းရှင်းက သိထားသဖြင့် ထန်ရှီးလန်က တို့ဟူးများကို
ဆက်တိုက် စားနေသောအခါ ချင်းရှင်းက ပြုံးနေခဲ့သည်။
ထန်ရှီးလန်က တို့ဟူးကို စားပြီးနောက် ငါးကြော်နှပ်ကို စားလိုက်ရာ အလွန်အရသာရှိကြောင်း သိလိုက်ရသည်။
ထန်ရှီးလန်က ငါးကြော်နှပ်နှင့် မာပိုတို့ဟူးဟင်းတို့တွင် ငရုတ်ဆီကို ထည့်ထားကြောင်း သိသော်လည်း ဟင်းပွဲတစ်မျိုးစီရှိ ငရုတ်ဆီ၏ အရသာက မတူညီကြောင်း ခံစားမိခဲ့သည်။
ထို့ကြောင့် ထန်ရှီးလန်က "ဒါက နင်ရောင်းမယ့် ငရုတ်ဆီလား" ဟုမေးမြန်းလိုက်သည်။
ချင်းရှင်းက ခေါင်းညိတ်ပြီး "ဘယ်လိုလဲ" ဟုမေးလိုက်သဖြင့် ထန်ရှီးလန်က "အရမ်းအရသာရှိတယ်" ဟုပြန်ဖြေလိုက်သည်။
"ဒီခရမ်းသီးနှပ်မှာလည်း ငရုတ်ဆီ ပါတယ်။ မြည်းကြည့်ပါဦး။" ချင်းရှင်းက ပြောသည်။
ခရမ်းသီးကို ပေါင်းထားသောကြောင့် စားလိုက်သောအခါ ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး နုတ်နုတ်စင်းထားသော အသားများ၏ အရသာက အလွန်ကောင်းမွန်ကာ ငရုတ်ဆီ၏ ရနံ့နှင့် အရသာက ပေါ်လွင်နေခဲ့သည်။
!!.....!!
..........................................
.........................................
အပိုင်း (၆၃) ပြီးပါပြီ။