Chapter 34
November 25, 2023
အပိုင်း(၃၄)ချင်းရှင်းက အပေါ်ထပ်သို့ တက်သွားပြီး ချဉ်စပ်ခေါက်ဆွဲနှင့် Oden soup ကို လဲလှယ်လိုက်သောအခါ စနစ်အမှတ်က (၃၉၇)မှတ် ဖြစ်လာခဲ့သည်။
အမှတ်(၄၀၀) ပြည့်ရန် (၃)မှတ်ပဲ လိုတော့သဖြင့် အမှတ်(၄၀၀) ပြည့်သွားပါက လုပ်ဆောင်ချက်အသစ်ပေါ်လာမည် ဖြစ်သည်။
ချင်းရှင်းက ဆီနှစ်ဘူးကို လဲလှယ်ပြီးနောက် စနစ်မှ ထွက်လိုက်သည်။
ချင်းရှင်း၌ မီနူးများ ပိုများလာသဖြင့် နေ့စဉ် လူများ ပို၍ တန်းစီလာကြသည်။
ကျောင်းသူ ကျောင်းသားများ၊ ဆရာများနှင့် ကျောင်းသား မိဘများအပြင် အနီးနားတွင် အလုပ်လုပ်နေသူများလည်း လာရောက် ဝယ်ယူခဲ့ကြသည်။
မေ့ကုန်းလန်က ကူညီပေးနေသော်လည်း ချင်းရှင်းနှင့်
နှစ်ယောက်သား မည်မျှပင် လျင်မြန်စေကာမူ တစ်မိနစ်အတွင်း စားသုံးသူနှစ်ဦးကိုသာ လက်ခံပေးနိုင်သည်။
ထိုအခါ အချိန်အတော်ကြာ တန်းစီစောင့်ဆိုင်းနေသူများက အထူးသဖြင့် အလုပ်နောက်ကျတော့မည့်သူများက မလွှဲမသွေ ဒေါသထွက်လာကြတော့သည်။
"ဒီမှာ အနောက်က တွန်းနေတာ ရပ်လို့ရမလား!"
တန်းစီနေသော အမျိုးသမီး ဖောက်သည်တစ်ဦးက နောက်သို့ လှည့်ကြည့်ကာ သူမ၏ နောက်တွင်ရှိသော အမျိုးသားအား ထိုသို့ ပြောဆိုလိုက်သည်။
ထိုအခါ ထိုဖောက်သည် အမျိုးသားကလည်း စိတ်ကြီးသူ ဖြစ်သဖြင့် အမျိုးသမီး ဖောက်သည်ကို မတောင်းပန်သည့်အပြင် “မင်းကို အချိန်အကြာကြီး ရပ်နေဖို့ ဘယ်သူကပြောလဲ” ဟူ၍ ဒေါသတကြီး ပြန်ပြောလိုက်သည်။
ထို့ကြောင့် အမျိုးသမီး ဖောက်သည်က မကျေမနပ်
ဖြစ်သွားပြီး “ကျွန်မကရော မလှုပ်ချင်ဘူးလို့ ထင်နေလား။ ရှေ့ကမှ မရွှေ့တာ ဘယ်လို ရွှေ့ရမလဲ။ ကျွန်မလည်း အရှေ့ကို မြန်မြန် ရောက်ချင်နေတာပဲ" ဟုပြန်ပြောလိုက်သည်။