အပိုင်း (၄၇)
လုယိမင်က ကုဝူယွီကို ကြည့်ပြီး ထူးဆန်းနေခဲ့သည်။
ကုဝူယွီက ချင်းရှင်း မြို့တော် D သို့ ပြန်သွားကြောင်း သိပြီးသောအခါ ညနေစာမစားဘဲ မြို့တော် D သို့ အရောက်လာခဲ့သည်။
အကြောင်းမှာ ကုဝူယွီ ညစာစားခါနီးအချိန်၌ ချင်းရှင်း၏ ကျောင်းမှ ပါမောက္ခချုပ်က ကုဝူယွီထံသို့ ဖုန်းဆက်ပြီး ချင်းရှင်း ကျန်းအုပ်စု ဟိုတယ်၌ နှုတ်ဆက် ညစာစားပွဲ လုပ်နေသည့် အကြောင်းကို လှမ်းပြောသောကြောင့် ဖြစ်သည်။
ရလဒ်အနေဖြင့် ကျန်းရှုရန်က ချင်းရှင်းကို ပြဿနာရှာနေသည်ကို အချိန်မှီ ကူညီနိုင်ခဲ့သည်။
ချင်းရှင်းက ထိုကိစ္စများကို မသိခဲ့ပေ။
ကုဝူယွီက ချင်းရှင်းကို ထိုကိစ္စ ပြောလိမ့်မည် မဟုတ်ကြောင်းကို လုယိမင်က သိနေခဲ့သည်။
ကုဝူယွီက သူမကြောင့် ခရီးထွက်လာခဲ့သည်ကို ချင်းရှင်းက မသိခဲ့သော်လည်း ယနေ့အတွက် ကုဝူယွီ ကူညီပေးသည့် ကိစ္စကိုမူ ချင်းရှင်းက အမှန်တကယ် ကျေးဇူးတင်နေခဲ့သည်။
ကုဝူယွီက "မင်း မြို့တော် T ကို ဘယ်တော့ပြန်မှာလဲ" ဟုမေးလာသောအခါ ချင်းရှင်းက ကုဝူယွီ ထိုမေးခွန်းကို မေးသည့် ရည်ရွယ်ချက်ကို နားမလည်သဖြင့် ကုဝူယွီကို တစ်ချက်ကြည့်လိုက်သည်။
အကြောင်းမှာ သူမနှင့် ကုဝူယွီက ထိုကဲ့သို့ အမေးအဖြေ လုပ်ရန် မရင်းနှီးကြသောကြောင့် ဖြစ်သည်။
ထိုအခါ ကုဝူယွီက "ပူးပေါင်းဖို့အတွက် မင်းစဉ်းစားပြီးပြီလား" ဟုထပ်မေးလိုက်သည်။
ချင်းရှင်းက "မနက်ဖြန် ကျွန်မ မြို့တော် Tကို ပြန်လာမယ်။ သဘောတူညီချက်ကိုဖတ်ပြီး ပြန်ရောက်တဲ့ အခါကျရင် လက်မှတ်ထိုးပေးမယ်" ဟုပြန်ပြောလိုက်သည်။
အစပိုင်းတွင် ချင်းရှင်းက အမျိုးသားဇာတ်ဆောင်
နှင့် အမျိုးသမီး ဇာတ်ဆောင်ကိစ္စများတွင် ထပ်မံပါဝင်ရမည်ကို ကြောက်ရွံ့ခဲ့သော်လည်း ယခု သူမ မပါဝင်ချင်ပင်လျှင် ပါဝင်ပတ်သက်သွားရပြီ ဖြစ်သည်။
ထို့ကြောင့် ချင်းရှင်းက ဤဘဝတွင် မိမိဆန္ဒအတိုင်း နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
ချင်းရှင်း၏ စကားကြောင့် ကုဝူယွီက "ဒါဆို မနက်ဖြန် မြို့တော် Tမှာ မင်းကိုစောင့်နေမယ်" ဟုပြန်ပြောလိုက်သည်။
"အင်း"
ကုဝူယွီက ချင်းရှင်းကို ကျောင်းအထိ ပြန်ပို့ပေးမည်ဟု စဉ်းစားထားခဲ့သည်။
သို့သော်လည်း ကုဝူယွီက လူအများ၏ အာရုံစိုက်ခံ နေရသဖြင့် ချင်းရှင်းက သူနှင့်အတူ တွဲလျှောက်လျှင် အာရုံခံရမည်ကို စိုးရိမ်သောကြောင့် ငြင်းဆိုလိုက်သည်။
ထို့ကြောင့် ကုဝူယွီက အတင်းအကျပ် မပြောဘဲ ချင်းရှင်း ထွက်သွားသည်ကိုသာ ရပ်ကြည့်နေခဲ့သည်။
အဆောင်ခန်းထဲသို့ ရောက်သောအခါ ဝူတန်တန်က ချင်းရှင်းကို အကြာကြီး စောင့်နေခဲ့ပုံ ပေါ်သော ခြေလှမ်းများဖြင့် ချင်းရှင်းဆီသို့ ပြေးလာခဲ့သည်။
ဝူတန်တန်က စပ်စုသူဖြစ်သဖြင့် ကုဝူယွီနှင့် ချင်းရှင်းတို့၏ ဆက်ဆံရေးကို သိချင်နေခဲ့သည်။
ထန်ရှီးလန်ကို အချိန်အတော်ကြာ မေးခဲ့သော်လည်း ထန်ရှီးလန်က မဖြေဆိုခဲ့ပေ။
ချင်းရှင်းက "ငါတို့က ဘာမှမဟုတ်ပါဘူး။ ဒါပေမယ့် စီးပွားရေး တွဲဖက်တော့ ဖြစ်လာနိုင်တယ်"
ကုဝူယွီက ချင်းရှင်းကို ကြိုက်နေသည်ဟု ဝူတန်တန်က ခန့်မှန်းထားသော်လည်း ချင်းရှင်း၏ အဖြေကို ကြားလိုက်ရသောအခါ ပို၍ တုန်လှုပ်သွားခဲ့သည်။
"တွဲဖက် ဟုတ်လား"
"အင်း"
"ဒါဆို နင်က ကုဝူယွီနဲ့ ပူးပေါင်းမှာလား။ ကြည့်ရတာ နင်ဒီနေ့ ပြိုင်ပွဲကို နိုင်သွားလို့ပဲ ဖြစ်ရမယ်။ မစ္စတာကုက နင့်ရဲ့ အရည်အချင်းကို မြင်သွားတာ ဖြစ်မယ်။ အိုး အိုး နင်က အရမ်း မနာလိုဖြစ်ဖို့ ကောင်းတာပဲ"
ဝူတန်တန်၏ စိတ်ထဲ၌ စုရွှမ်ကို ကျန်းအုပ်စုနှင့်လက်တွဲထားသဖြင့် အလွန်တော်လှပြီဟု ထင်နေခဲ့သည်။
သို့သော် ချင်းရှင်းက ကုအုပ်စုနှင့် ပူးပေါင်းမည် ဆိုသဖြင့် ပို၍ပင် အစွမ်းထက်နေခဲ့သည်။
ထိုအခါ ချင်းရှင်းက "သဘောတူညီချက်ကို လက်မှတ်မထိုးရသေးဘူး။ အဲ့ဒါကြောင့် ခုထိတော့ တွဲဖက်မဖြစ်သေးပါဘူး။ လျှောက်မပြောနဲ့ဦးနော်" ဟုပြန်ပြောလိုက်သည်။
ဝူတန်တန်က ချက်ချင်းဆိုသလို ပါးစပ်ကို လက်ဖြင့် ပိတ်၍ "စိတ်မပူပါနဲ့။ ငါ မပြောပါဘူး၊ ဒါပေမယ့်
လက်မှတ်ထိုးပြီးတာနဲ့ ငါ့ကို ပြောနော်။ ငါ့ရဲ့ အခန်းဖော်နဲ့ နာမည်ကြီး မစ္စတာကုက တွဲဖက် ဖြစ်နေပြီ ဆိုတာကို တခြားသူတွေကို ပြောပြဖို့ မစောင့်နိုင်တော့ဘူး" ဟုပြောလိုက်သည်။
အတင်းအဖျင်း ပြောခြင်းကို နှစ်သက်သော ဝူတန်တန်အတွက် ဤကိစ္စကို အချိန်အတိုင်းအတာတစ်ခုအထိ လျှို့ဝှက်ထားရန် မလွယ်ကူလှပေ။
"ကောင်းပြီ"
ပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်သောကြောင့် လူသိရှင်ကြား သိရန်လည်း လိုအပ်သောကြောင့် ချင်းရှင်းက ဝူတန်တန်၏ စကားကို သဘောတူလိုက်သည်။
...
ကုဝူယွီက ကားအနောက်ခန်းမှ "မနက်ဖြန် မနက် မြို့တော် T ကိုပြန်ကြမယ်" ဟုပြောလိုက်သည်။
"ဟုတ်ကဲ့ သခင်လေး"
ကုဝူယွီက မြို့တော် D ၌ စီးပွားရေးကိစ္စ ရှိသည်ဟု ဆိုကာ လာခဲ့သော်လည်း ချင်းရှင်းနှင့် တွေ့ဆုံပြီးနောက် ကုဝူယွီက မနက်စောစော မြို့တော် T သို့ပြန်မည်ဟု ဆိုလာခဲ့သည်။
ထို့ကြောင့် လုယိမင်က ကုဝူယွီ မြို့တော် D သို့ရောက်လာသည့် အကြောင်းရင်းမှာ စီးပွားရေး ကိစ္စကြောင့် မဟုတ်ဘဲ ချင်းရှင်းကြောင့် ဖြစ်ကြောင်းကို သိရှိသွားခဲ့သည်။
ကုဝူယွီက ချင်းရှင်းအတွက် အရာရာကို လုပ်ပေးခဲ့ပြီး ချင်းရှင်းမူးလဲစဉ်ကလည်း ကုဝူယွီက ချင်းရှင်းကို ပွေ့ဖက်ရန် ပြေးသွားခဲ့သည်။
ထိုအဖြစ်အပျက်များကို ပေါင်းစည်းပြီးနောက်တွင် လုယိမင်က အရေးကြီးသော အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ခံစားလိုက်ရသည်။
နောက်တစ်နေ့ မနက်စောစော၌ ချင်းရှင်းက သူမ၏ အိတ်ကို လွယ်၍ အခန်းထဲမှ ထွက်ရန် ပြင်ဆင်လိုက်သည်။
လှုပ်ရှားသံများကြောင့် ဝူတန်တန်က နိုးလာပြီး ချင်းရှင်းကိုကြည့်ကာ "နင်ဘယ်သွားမလို့လဲ" ဟုမေးလိုက်သည်။
"ငါ Tမြို့ကို ပြန်တော့မလို့" ဟုချင်းရှင်းက ပြန်ပြောလိုက်သည်။
ဝူတန်တန်က အနည်းငယ် အံ့အားသင့်သွားပြီး "နင်မနေ့က ပြိုင်ပွဲမှာ အနိုင်ရခဲ့တာ မဟုတ်ဘူးလား" ဟုမေးလိုက်သည်။
ချင်းရှင်းက "ငါအနိုင်ရသည်ဖြစ်စေ ရှုံးသည်ဖြစ်စေ မြို့တော် Tကိုပဲ ပြန်သွားမှာ" ဟုပြန်ပြောလိုက်သည်။
ထန်ရှီးလန်က ချင်းရှင်းကို ကျောင်းဂိတ်တံခါး တက္ကစီငှားသည့် နေရာအထိ လိုက်ပို့ပေးခဲ့သည်။
....
ချင်းရှင်း လေယာဉ်ပေါ်မှ ဆင်းလာသောအခါ မေ့ကုန်းချင်းနှင့် ဟူရှင်းကောတို့က လေဆိပ်သို့ လာကြိုခဲ့ကြသည်။
ယခုတစ်ခေါက်၌ မေ့ကုန်းလန်ပါ ပါလာခဲ့သည်။
မေ့ကုန်းချင်းက ချင်းရှင်းကို ကြည့်၍ "ပိန်သွားသလား ကြည့်ရအောင် ရှောင်ရှင်း" ဟုပြောလိုက်သည်။
"မပိန်ပါဘူး။ အားလုံး အဆင်ပြေပါတယ်"
မြို့တော် D ၌ သုံးရက်သာ နေခဲ့ရသဖြင့် မေ့ကုန်းချင်းက ပိန်သွားသည်ဟု ထင်နေသည်ကို ချင်းရှင်းက ရယ်ချင်နေခဲ့သည်။
လေးယောက်သား ဟူရှင်းကော၏ ပစ်ကပ်ကားပေါ်သို့တက်ပြီး အိမ်ပြန်ခဲ့ကြသည်။
ကားထဲ၌ မေ့ကုန်းချင်းက "ဒါနဲ့ စကားမစပ် ငါ ဒီရက်ပိုင်း ဆိုင်တစ်ချို့ကို လိုက်ကြည့်ထားတယ်။ စျေးတွေက မဆိုးဘူး။ ဒါပေမယ့် နေရာတွေက သိပ်မကောင်းဘူး။ နင် ကြည့်ကြည့်ဦးမလား" ဟုပြောလိုက်သည်။
ချင်းရှင်းက "အရင်ကြည့်ကြည့်မယ် အစ်မကုန်းချင်း" ဟုပြန်ပြောလိုက်သည်။
ကျန်းရှုရန်ထံမှ ပိုက်ဆံတစ်သန်းကို ရလာလျှင် ချင်းရှင်းက မြို့တော် T ၌ အိမ်တစ်လုံးကို အမြန်ဆုံးဝယ်၍ အခြေချ နေထိုင်လိုသည်။
သို့မဟုတ်ပါက နောင်တွင် မြို့တော် T၌ အခြေချရန် ပို၍ ခက်ခဲလာမည် ဖြစ်သည်။
ထိုအတွေးကို တွေးပြီးနောက် ချင်းရှင်း၏ ဖုန်းမှ အသံမြည်လာခဲ့သည်။
ထိုအသံမှာ ချင်းရှင်း၏ ဘဏ်အကောင့်ထဲသို့ ငွေတစ်သန်း ဝင်လာကြောင်း အသိပေးစာ ဖြစ်သည်။
ကျန်းရှုရန်က သူ၏ ကတိကို တည်သဖြင့် ထိုတစ်သန်းဖြင့် ချင်းရှင်း၏ အရေးကိစ္စများသည် ပို၍လွယ်ကူလာမည် ဖြစ်သည်။
မေ့ကုန်းလန်က ချင်းရှင်းဝမ်းသာအားရ ပြုံးနေသည်ကို မြင်လိုက်သောအခါ "ဘယ်က စာဝင်လာလို့
အရမ်းပျော်နေတာလဲ" ဟုမေးလိုက်သည်။
"တစ်သန်းရလာလို့"
ချင်းရှင်းက ကျန်းအုပ်စုနှင့် ပြိုင်ပွဲအကြောင်းကို ပြောပြလိုက်သည်။
"ဒါဆို နင်က ဟိုတယ်က စားဖိုမှူးကို နိုင်ခဲ့တာလား"
မေ့ကုန်းလန်က ချင်းရှင်း၏ ဟင်းချက်လက်ရာက အရသာရှိမှန်း သိသော်လည်း ဟိုတယ်မှ စာဖိုမှူးထက် ကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ရှောင်ရှင်းက အတော်ဆုံးပဲ"
မေ့ကုန်းချင်းသည် ချင်းရှင်း ပြိုင်ပွဲကို အနိုင်ရခဲ့သည့်အတွက် ဂုဏ်ယူနေခဲ့သည်။
"ကောင်းလိုက်တာ"
ဟူရှင်းကောကလည်း ပြုံးလိုက်သည်။
မေ့ကုန်းချင်းက "ရှောင်ရှင်းမှာ ပိုက်ဆံရှိပြီ ဆိုတော့
နေရာကောင်းတစ်ခုရှာပြီး ဆိုင်ဝယ်ကြမယ်။ အရင်က တွေ့ခဲ့တဲ့ နေရာတွေကို ငါမကြိုက်ဘူး" ဟုပြောလိုက်သည်။
ချင်းရှင်းက သူမအတွက် အမြဲတွေးပေးတတ်သော လူတစ်စုကို ကြည့်၍ ပျော်ရွှင်နေခဲ့သည်။
"အားလုံးကို ညနေစာ ဝယ်ကျွေးမယ်"
"ကောင်းပြီ"
ချင်းရှင်း၏ တစ်သန်း ရလာမှုအတွက် အားလုံးက ပျော်ပျော်ပါးပါး ညစာအတူစားရန် ပြင်ဆင်လိုက်ကြသည်။
ချင်းရှင်းက မြို့တော် T ရှိ နာမည်အကြီးဆုံး စားသောက်ဆိုင်ကို ဖုန်းဆက်ပြီး သီးသန့်အခန်းကို ကြိုတင် မှာယူလိုက်သည်။
အိမ်ပြန်ရောက်ပြီး သုံးမိနစ်အကြာတွင် ချင်းရှင်းဆီသို့ ကုဝူယွီထံမှ ဖုန်းဝင်လာခဲ့သည်။
သဘောတူညီချက်နဲ့ ပတ်သက်၍ မေးလာသဖြင့်
ချင်းရှင်းက ကုဝူယွီကို ညစာစားရန် မြို့တော် T ဟိုတယ်သို့ ချိန်းဆိုလိုက်သည်။
ထို့နောက် ချင်းရှင်းက ရေချိုး၍ အဝတ်အစားလဲကာ ဟိုတယ်သို့ ထွက်လာခဲ့သည်။
ချင်းရှင်းနှင့် စကားပြောပြီးနောက် ကုဝူယွီက ဟိုတယ်၌ သီးသန့်အခန်းကို ကြိုတင်မှာယူခဲ့သည်။
ချင်းရှင်း တံခါးခေါက်လိုက်သောအခါ လုယိမင်က တံခါးလာဖွင့်ပေးပြီး ချင်းရှင်းကို "မစ္စချင်း" ဟုနှုတ်ဆက်လိုက်သည်။
ထိုအခါ ချင်းရှင်းက"ကျွန်မကို ချင်းရှင်းလို့ပဲ ခေါ်ပါ" ဟုပြန်ပြောလိုက်သည်။
လုယိမင်က သူ့သခင်လေး၏ လျှို့ဝှက်ချက်အချို့ကို ရှာဖွေတွေ့ရှိပြီး ချိန်မှစ၍ ချင်းရှင်းကို နာမည် တိုက်ရိုက် မခေါ်ဝံ့တော့ပေ။
ချင်းရှင်းက အခန်းထဲသို့ ဝင်လိုက်သောအခါ
ကုဝူယွီက ဆိုဖာပေါ်၌ ထိုင်နေပြီး လက်ဖက်ရည် သောက်နေခဲ့သည်။
ချင်းရှင်းက မတ်တတ်ရပ် အနေအထားဖြင့် ကုဝူယွီကို အပေါ်စီးမှ ကြည့်လိုက်သောအခါ ကုဝူယွီ၏ မျက်တောင်များက ကော့ညွတ်နေသည်ကို တွေ့လိုက်ရသည်။
"ကျေးဇူးပြုပြီး ထိုင်ပါ"
လုယိမင်၏ အသံကိုကြားမှ ချင်းရှင်းက အတွေးထဲမှ သတိပြန်ဝင်လာခဲ့သည်။
ထို့နောက် ချင်းရှင်းက ကုဝူယွီ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။
!!.....!!
...…….................................
.........................................
အပိုင်း (၄၇) ပြီးပါပြီ။