Chapter 8:
ငရုတ်ဆီအနှစ်အရသာက ပိုကောင်းသွားသဖြင့် ချဥ်စပ်ခေါက်ဆွဲမှာ အရသာပိုကောင်းသွားပြီး မေ့ကုန်းချင်နှင့် ဟူရှင်းကောတို့ပင် အံ့ဩမင်သက်နေကြလေသည်။
အကုန်ပြီးနောက် ချင်းရှင်းအပေါ်ထပ်သို့တက်လာကာ ခေါက်ဆွဲစားပြီးနောက် ငွေစာရင်းစတွက်လိုက်၏။ ယနေ့က ချဥ်စပ်ခေါက်ဆွဲလည်း ထပ်တိုးထားသဖြင့် ရောင်းရငွေမှာ ၂၄၂၇ယွမ်ဖြစ်ပြီး ပစ္စည်းဝယ်ခြင်းနှင့် အခြားကုန်ကျစားရိတ်များ နှုတ်ပြီးသောအခါ ချင်းရှင်းလက်ထဲတွင် ၁၁၉၄၀ ယွမ် ရှိနေပြီဖြစ်သည်။
စနစ်က ယခုထိ ပေါ်မလာသေးသဖြင့် ချင်းရှင်း ခေါက်ဆွဲပွဲအား ဖုန်းဖြင့်ဓာတ်ပုံရိုက်လိုက်ပြီး Weibo ဖွင့်ကာ ပို့စ်သွားတင်လိုက်သည်။ [ ရှင်းရှင်းအစားအသောက်ကမ္ဘာ: လတ်တလော ထုတ်ကုန်ပစ္စည်းအသစ်၊ ပူပူချဥ်ချဥ် ချဥ်စပ်ခေါက်ဆွဲ (ဓာတ်ပုံ) ]
ပို့စ်တင်ပြီးနောက် သူမစာမျက်နှာ၌ တရုတ်ကော်ပြန့်မုန့်နှင့် ပက်သက်၍ မှတ်ချက်များရှိနေသည်ကို တွေ့လိုက်ရသည်။
“ကော်ပြန့်မုန့်လေးပဲကို သူ့ကိုယ်သူ အစားအသောက်ကမ္ဘာလို့ ခေါ်ရဲတယ်ပေါ့။ ဒါပေမဲ့ အဲဒီကော်ပြန့်မုန့်ကို ဘယ်မှာဝယ်လို့ရမလဲ။ ကြည့်ရတာ အရမ်းစားလို့ကောင်းမယ့်ပုံပဲ”
ချင်းရှင်း သူမမုန့်ရောင်းသောလိပ်စာကို အင်တာနက်အသုံးပြုသူများထံ ပေးပို့လိုက်ပြီး Weibo ထဲမှ ပြန်ထွက်လာလိုက်သည်။
“Customer 08277 မှာ ရောင်းဝယ်ရေးလွင်ပြင်စနစ်အတွင်း ဝင်ရောက်ရန် အသင့်ဖြစ်ပါပြီ”
ရင်းနှီးနေသော စက်ရုပ်သံပေါ်လာပြီး ချင်းရှင်းစိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ ယနေ့ချဥ်စပ်ခေါက်ဆွဲက အမှတ် ၈မှတ်ရလေသည်။ လဲလှယ်မှုစာရင်းအား ချင်းရှင်း တစ်ချက်ကြည့်လိုက်ရာ မျက်လုံးကာကွယ်ရေး ဆေးလုံးဟူသော ပစ္စည်းတစ်ခု ထပ်တိုးလာသည်ကိုတွေ့လိုက်ရသည်။ ကျန်အရာများကတော့ ပုံမှန်အတိုင်း အရိုးကြံ့ခိုင်ဆေးလုံး၊ အလှအပဆေးလုံး၊ ဆီနှင့် ဂျုံမှုန့်တို့ပင်ဖြစ်သည်။
ချင်းရှင်း သက်ပြင်းချမိ၏။ သူမက အနီးမှုန်နေတာမှမဟုတ်တာ မျက်လုံးကာကွယ်ရေးဆေးလုံးက ဘာလုပ်ရမှာတဲ့လဲ။ သူမအနေဖြင့် ဆီ ၁၀၀မီလီကိုသာ လဲယူနိုင်ပြီး စနစ်ထဲ၌ အမှတ်၂၀ ကျန်နေလေသည်။
နောက်တစ်နေ့နံနက်စောစောတွင် ချင်းရှင်း၏ ပုံမှန်ဖောက်သည်များမှာ ချင်းရှင်း၏ ရောင်းချမည့်မုန့်စာရင်း၌ ၁၀ယွမ်တန် ချဥ်စပ်ခေါက်ဆွဲတစ်မျိုး ထပ်တိုးနေကြောင်း တွေ့လိုက်ကြသည်။
ကလေးမျက်နှာနှင့် ကောင်မလေးက စမေးလာသူဖြစ်သည်။ “ဆယ်ယွမ်တန် ချဥ်စပ်ခေါက်ဆွဲက အသားပိုပါတာမျိုး၊ ဒါမှမဟုတ် တစ်ခြားတစ်ခုခု ပါတာမျိုးလား”
ချင်းရှင်း ရှင်းပြလိုက်သည်။ “အထဲမှာပါတဲ့ ငရုတ်ဆီအနှစ်ပဲ ကွာသွားတာပါ။ ၁၀ယွမ်တန်က အရသာပိုကောင်းတယ်လေ”
ကောင်မလေးမှာ ခဏတွေးကြည့်လိုက်ပြီးနောက် ၁၀ယွမ်တန် ဝယ်စားကြည့်ရန်စိတ်ကူးကို စွန့်လွှတ်လိုက်ချေသည်။ ဆယ်ယွမ်တန်ချဥ်စပ်ခေါက်ဆွဲထဲ၌ အသားပိုပါတာမျိုးဆိုလျှင်တော့ သူမသေချာပေါက် ဝယ်စားမှာဖြစ်သော်လည်း ထိုအရာက ငရုတ်ဆီအနှစ်လေး ပြောင်းသွားရုံသာဖြစ်သည်။ မည်သို့ပင်ဆိုစေ သူမလို ကျောင်းသူလေးအတွက်တော့ ငရုတ်ဆီအနှစ်လေးအတွက်နှင့် လေးယွမ်ပိုကုန်သွားမည်က မတန်ပေ။
ကောင်မလေးက ၆ယွမ်ခေါက်ဆွဲအား မှာတော့မည့်အချိန်မှာပင် သူမအနီးတွင်ရပ်နေသော ကျောင်းသားမိဘတစ်ဦး ပြောသံကိုကြားလိုက်ရသည်။ “သူဌေး ၁၀ယွမ် ခေါက်ဆွဲတစ်ပွဲပေးပါ။ ဘာကွာလဲသိချင်လို့”
ချင်းရှင်း ခေါက်ဆွဲကိုပြုတ်လိုက်ပြီး ငရုတ်ဆီအနှစ်ထည့်ထားသော ဖန်ဘူးလေးကို ဖွင့်လိုက်သည်။ ကလေးမျက်နှာနှင့်ကောင်မလေးမှာ ငရုတ်ဆီအနှစ်အနံ့ကို အလျင်အမြန် အနံ့ခံကြည့်လိုက်သည်။ ငရုတ်ဆီနံ့ မွှေးမွှေးက လေထုထဲတွင်ပျံ့နေလေသည်။ ကောင်မလေးမှာ ၆ယွမ်ခေါက်ဆွဲ မှာမည့်စကားကို ရုတ်သိမ်းလိုက်ပြီး မှာထားသည့်ကျောင်းသားမိဘ၏ တုန့်ပြန်ပုံကို အရင်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ချင်းရှင်း ချဥ်စပ်ခေါက်ဆွဲတစ်ပွဲပြင်ပြီးနောက် စနစ်မှရသောဆီဖြင့်လုပ်ထားသည့် ငရုတ်ဆီအနှစ်ကိုထည့်ကာ မှာထားသောကျောင်းသားမိဘထံ လှမ်းပေးလိုက်၏။
ထိုကျောင်းသားမိဘမှာလည်း အစောပိုင်းက လေထဲသို့ပျံ့လွင့်လာသော ငရုတ်ဆီနံ့ကို ရလိုက်လေသည်။ အနီးရှိဧည့်သည်များမှာ ထိုလူ့လက်ထဲရှိ ခေါက်ဆွဲပွဲကို စိုက်ကြည့်နေကြပြီး ၁၀ယွမ်ပေးရသည်နှင့် တန်မတန် တွေးနေကြ၏။ ထိုအခြင်းအရာကို မြင်သည်နှင့် ကျောင်းသားမိဘလည်း ခေါက်ဆွဲအား အားလုံးရှေ့မှာပင် ရပ်စားလိုက်လေသည်။
ယမန်နေ့က ခြောက်ယွမ်တန် ချဥ်စပ်ခေါက်ဆွဲကိုလည်း သူဝယ်စားပြီးဖြစ်သည်။ ထိုသူက ပထမဆုံးအနေဖြင့် ခေါက်ဆွဲအား သေချာအနံ့ခံကြည့်လိုက်ပြီး “အနံ့ကတော့ တော်တော်လေးမွှေးတယ်” သေချာအနံ့ခံကြည့်လိုက်သည်နှင့် ငရုတ်ဆီအနှစ်ရနံ့က မွှေးပျံ့နေရုံမျှမက လတ်ဆတ်မှုပါအပြည့်ရှိသည်ကို တွေ့လိုက်ရသည်။
ထိုမိဘဖြစ်သူမှာ ငရုတ်ဆီအနှစ်နှင့် ပဲပိစပ်ကြော်များကို ခေါက်ဆွဲနှင့် သေချာသမအောင် မွှေလိုက်၏။ သူမွှေလိုက်သည်နှင့် အနံ့မွှေးမွှေးက ပို၍ပင် ပျံ့လွင့်လာချေသည်။ အနီးရှိလူတိုင်း ငရုတ်ဆီနံ့မွှေးမွှေးကို ရလိုက်ပြီး ကလေးမျက်နှာနှင့် ကောင်မလေးဆိုလျှင် လျှာပင်သပ်လိုက်မိ၏။
ကျောင်းသားမိဘမှာ တူကိုကိုင်ကာ ခေါက်ဆွဲအား တစ်လုပ်စားကြည့်လိုက်ပြီး ခေါင်းတဆတ်ဆတ်ညိတ်ရင်း ခေါင်းမဖော်တမ်း စစားတော့သည်။ မကြာမီမှာပင် ထိုမိဘဖြစ်သူမှာ ချဥ်စပ်ခေါက်ဆွဲတစ်ပန်းကန်လုံးအား အကုန်စားပြီးသွားသော်လည်း သူ့စိတ်ထဲ၌ ဗိုက်ဝသည်ဟု မခံစားရသေးချေ။
ကလေးမျက်နှာနှင့် ကောင်မလေးမှာ အချိန်အတော်ကြာသည်အထိ ထိုလူ့ထံမှ ဘာတုန့်ပြန်မှုမှ မရသဖြင့် မနေနိုင်တော့ပဲ ထုတ်မေးလိုက်သည်။ “ဦးလေး၊ ဆယ်ယွမ်တန် ချဥ်စပ်ခေါက်ဆွဲနဲ့ ၆ယွမ်တန် ချဥ်စပ်ခေါက်ဆွဲက ဘာကွာလဲဟင်”
“ခေါက်ဆွဲကတော့ အရင်နေ့ကနဲ့ အများကြီး သိပ်မကွာပါဘူး။ ဒါပေမဲ့ အရသာကတော့ တစ်ကယ်ကို ပိုမွှေးပြီးပိုကောင်းတယ်။ အထူးသဖြင့် အဲဒီငရုတ်ဆီပဲ။ စောက်ရမ်းမိုက်တယ်” သူ့ပါးစပ်မှ ထိုကျိန်ဆဲသောစကားလုံးမျိုး ထုတ်ပြောလိုခြင်းမဟုတ်သော်လည်း ငရုတ်ဆီအနှစ်အရသာက တစ်ကယ်ကိုကောင်းလွန်းသဖြင့် အလိုလိုပြောထွက်သွားခြင်းဖြစ်သည်။ ထိုအရသာအား မည်သည့်စကားလုံးမျိုးဖြင့် ဖော်ပြရမည်မှန်းတောင် သူမသိချေ။
ခေါက်ဆွဲစားထားသော ကျောင်းသားမိဘမှာ ပန်းကန်လုံးအလွတ်အား ကြည့်လိုက်ပြီး ရိုးရိုးသားသားပင် ဆက်ပြောလိုက်သည်။ “ရိုးရိုးသားသားပြောရရင် ဒီချဥ်စပ်ခေါက်ဆွဲတစ်ပန်းကန်ကို ဆယ်ယွမ်မပြောနဲ့ ဆယ့်နှစ်ယွမ်နဲ့ရောင်းရင်တောင် တန်တယ်လို့မြင်တယ်” ကလေးမျက်နှာနှင့် ကောင်မလေးမှာ အရသာရှိသည်များကို သဘောကျသူဖြစ်သည်။ ထို့ကြောင့် ကျောင်းသားမိဘ၏စကားကိုကြားသည်နှင့် ခဏမျှဝေခွဲမရဖြစ်နေပြီး နောက်ဆုံးတွင်တော့ ၁၀ယွမ်တန် ချဥ်စပ်ခေါက်ဆွဲအား မှာချလိုက်လေသည်။ သို့သော်လည်း သူမစိတ်ထဲမှာမူ အလွန်တရာမှ စိုးရိမ်ပူပန်နေဆဲဖြစ်သည်။
ချင်းရှင်း ချဥ်စပ်ခေါက်ဆွဲတစ်ပွဲ အမြန်လုပ်ကာ ထိုကောင်မလေးထံ လှမ်းပေးလိုက်သည်။
ကောင်မလေးမှာ ခေါက်ဆွဲအား ပေါ့ပေါ့ပါးပါး နှစ်ချက်မျှမွှေလိုက်ပြီး ပါးစပ်ထဲ အမြန်ထိုးထည့်လိုက်သည်။ သို့သော်လည်း ၁၀ယွမ်ကုန်သွားသဖြင့် စိတ်သောကရောက်နေသော သူမမှာ ပထမတစ်လုပ်စားပြီးသည်နှင့် ပေးလိုက်ရသောငွေက တန်သည်ဟု ချက်ချင်းခံစားလိုက်ရချေသည်။
ခေါက်ဆွဲ အလုပ်ရေပေါင်းများစွာ စားပြီးနောက် ထိုကောင်မလေးမှာ မျက်လုံးများ တောက်ပစွာဖြင့် “ဒီလောက် စားကောင်းလိမ့်မယ်လို့ တစ်ကယ်မထင်ထားဘူး။ ခေါက်ဆွဲအရသာက မနေ့ကအတိုင်းပဲဆိုပေမယ့် ငရုတ်ဆီအနှစ်ကတော့ အရမ်းအရသာရှိတယ်”
ချင်းရှင်း ခေါင်းညိတ်ပြလိုက်သည်။ ဆယ်ယွမ်တန်ချဥ်စပ်ခေါက်ဆွဲ၏ ငရုတ်ဆီအနှစ်မှာ စနစ်ထဲမှရသောဆီဖြင့် လုပ်ထားခြင်းဖြစ်၍ ဈေးနှုန်းကိုလည်း မြှင့်ထားရခြင်းပင်။
ယနေ့ ဆိုင်လာထွက်ချိန်တွင် ချင်းရှင်း ငရုတ်ဆီဖန်ပုလင်း တစ်ဘူးယူလာခြင်းဖြစ်သည်။ တစ်ပွဲလျှင် ငရုတ်ဆီအနှစ် တစ်ဇွန်းသာထည့်သော်လည်း ချင်းရှင်းနှမြောမိနေဆဲပင် ဖြစ်၏။
ဖောက်သည်ပေါင်းများစွာမှာ ချင်းရှင်းထံ၌ ဆယ်ယွမ်တန် ခေါက်ဆွဲအသစ်တစ်မျိုး ထပ်တိုးနေကြောင်း သိသွားကြသည်။ စုံစမ်းကြည့်လိုက်ပြီး ငရုတ်ဆီအနှစ်မတူကြောင်း သိသွားသောအခါ ဖောက်သည်အများစုမှာ မြည်းစမ်းကြည့်ကြလေသည်။ သူတို့ကတော့ ၄ယွမ်သာ ထပ်ပေးရမည်ဟု တွေးကြသော်လည်း အချို့သူများ၏ အတွေးကတော့ ငရုတ်ဆီအနှစ်အတွက် ၄ယွမ်က မတန်ဘူးဟူ၍ပင်။
မည်သို့ပင်ဖြစ်စေ လေးယွမ်ပိုသုံးရမှာ မနှမြောသူများကမူ ဆယ်ယွမ်တန်ချဥ်စပ်ခေါက်ဆွဲအား စားပြီးသည်နှင့် ကုန်သွားသောပိုက်ဆံက အလွန်တန်သည်ဟုပင် ခံစားရလေသည်။
ဤသို့ဖြင့် ဆယ်ယွမ်တန် ချဥ်စပ်ခေါက်ဆွဲမှာ မကြာခင်ရောင်းကုန်သွားတော့သည်။ ခြောက်ယွမ်တန်ခေါက်ဆွဲမှာမူ မကုန်သေးပဲ ဝယ်စားသူအချို့သာ ရှိခဲ့၏။ သို့သော်လည်း ဆယ်ယွမ်တန် ချဥ်စပ်ခေါက်ဆွဲများ ရောင်းကုန်သွားပြီဟု သိရချိန်တွင်တော့ ခြောက်ယွမ်ခေါက်ဆွဲ သို့မဟုတ် တရုတ်ကော်ပြန့်မုန့်ကိုသာ ဝယ်ရတော့လေသည်။
ငရုတ်ဆီအနှစ်၏ ကောင်းချီးပေးမှုဖြင့် နေ့လည်တစ်နာရီမှာပင် ချင်းရှင်းပြင်ဆင်လာသော ပစ္စည်းများအားလုံး ရောင်းကုန်သွားတော့သည်။
အိမ်အပြန်လမ်းတစ်လျှောက် ချင်းရှင်းတွေးလာမိသည်။ ငရုတ်ဆီပြဿနာနည်းနည်းလေးဖြင့် ချဥ်စပ်ခေါက်ဆွဲနှစ်ခုကြားရှိ ကွာဟချက်မှာ ကြီးမားသွားခဲ့သည်။ သူမသာ ငရုတ်ဆီအနှစ်၏ အရသာကို ပိုကောင်းအောင်လုပ်နိုင်ပြီး စနစ်ထဲမှ ဆီများကိုသာ အပြည့်အဝသုံးနိုင်မည်ဆိုလျှင် ကွာဟချက်က ပိုကြီးမားသွားနိုင်လောက်လေမလား…
ထိုအကြောင်းကို တွေးမိသည်နှင့် ချင်းရှင်း စူပါမားကတ်ဆီ အရင်ဝင်လိုက်၏။ ငရုတ်ဆီအနှစ်လုပ်သော ဆီမှာ နေကြာဆီဖြစ်၍ အလွန်အနံ့မွှေးနေခြင်းဖြစ်သည်။ မင်းသာ အစပ်အရသာများ ထပ်ထည့်လိုက်မည်ဆိုလျှင် ထိုအရာက အနံ့ပိုကောင်းလာစေမည်မဟုတ်ပဲ မူရင်းရနံ့ကိုပါ ပျက်စီးသွားစေမှာဖြစ်သည်။ ဆုံးရှုံးရကျိုး မနပ်ပေ။
ဒါဆို ငရုတ်သီးအနှစ်အရသာ ပိုကောင်းလာအောင် ဘာလုပ်လို့ရနိုင်လဲ။ ချင်းရှင်း အမြန်တွေးကြည့်လိုက်သည်။ အနံ့ပိုသင်းလာအောင် လုပ်လို့မရပေမယ့် လတ်ဆတ်သည့်ရနံ့မျိုးရအောင်တော့ လုပ်နိုင်လောက်၏။ သကြားအနည်းငယ် ထည့်လိုက်ခြင်းက ငရုတ်ဆီအနှစ်၏ မူရင်းအနံ့ကို မပျက်စီးစေရုံသာမက လတ်ဆတ်မှုရှိသည်ဟုပင် ခံစားရစေမှာဖြစ်သည်။
ဤသို့ဖြင့် သကြားဖြူအိတ်ကြီး တစ်အိတ်နှင့် လိုအပ်သော အသီးအရွက်များ ဝယ်လာလိုက်လေသည်။ ချင်းရှင်း အိမ်ပြန်ရောက်သောအခါ ယမန်နေ့က လဲထားသောဆီအား ငရုတ်ဆီအနှစ်အသစ်လုပ်ရန် ပြင်လိုက်သည်။ ငရုတ်ဆီအနှစ်ထဲသို့ သကြားအနည်းငယ် ထည့်လိုက်ခြင်းက အမှန်တစ်ကယ်ပင် အရသာပိုကောင်းသွားလေသည်။
ဤငရုတ်ဆီအသစ်အားသုံး၍ ခေါက်ဆွဲပြင်ကာ မေ့ကုန်းချင်နှင့် ဟူရှင်းကောတို့အား မြည်းစမ်းကြည့်ခိုင်းလိုက်သည်။
မေ့ကုန်းချင်မှ ချက်ချင်းပင်ပြောလာ၏။ “ရှောင်ရှင်းရဲ့လက်ရာကတော့ ပိုပိုပြီးကို ကောင်းလာတော့တာပဲ” “မဟုတ်ဘူး မင်းကံကောင်းလို့ပါ” ဟူရှင်းကောက မေ့ကုန်းချင်တစ်ယောက် ရထားပေါ်တွင် ကြုံရာတွေ့သော ချင်းရှင်းအား အိမ်ခေါ်လာခဲ့ခြင်းကို ရည်ညွှန်းလိုက်ခြင်းဖြစ်သည်။ သူတို့စူပါမားကတ်၏ ရောင်းအားကို တိုးစေရုံမျှမက အစားအသောက်ကောင်းများလည်း မျှဝေစားခွင့်ရသေး၏။
ချင်းရှင်းသည် မေ့ကုန်းချင်တို့ စူပါမားကတ်လေးထံမှ နေ့တိုင်းဆိုသလို ယွမ် ၄၀၀ဖိုးအထက် ကုန်ပစ္စည်းများ ဝယ်နေခြင်းဖြစ်သည်။ ဤနှုန်းအတိုင်းသာဆိုလျှင် တစ်လ ယွမ် ၁၂၀၀၀ ဆိုသောပမာဏဖြင့် မေ့ကုန်းချင်တို့မိသားစု၏ ပင်တိုင်ဖောက်သည်ကြီး ဖြစ်လာခြင်းပင် မဟုတ်ပါလော။
အချိုထည့်ထားသော ငရုတ်ဆီအနှစ်ဖြင့် ချဥ်စပ်ခေါက်ဆွဲမှာ စနစ်ထံမှ ၁၀မှတ်ပင် ရလိုက်လေသည်။ လဲလှယ်လို့ရသော ပစ္စည်းစာရင်းတွင် ပဲငံပြာရည်တစ်မျိုး ထပ်တိုးလာ၏။ ပဲငံပြာရည် ၄၀၀ မီလီလီတာအတွက် အမှတ်၁၀မှတ်ပင်။
သူမထံတွင် အမှတ် ၃၀ရှိနေပြီဖြစ်ကြောင်း ချင်းရှင်းမြင်လိုက်သည်။ ပဲငံပြာရည်တစ်ပုလင်း လဲခဲ့လျှင်တောင် သူမတွင် အမှတ် ၂၀ကျန်ဦးမှာဖြစ်သည်။ ချင်းရှင်း လဲလှယ်ပြီးသွားသော်လည်း ဤတစ်ကြိမ်တွင်မူ စနစ်က သူမအား ချက်ချင်းအပြင်ပြန်မထုတ်လိုက်ပေ။ “Customer 08277 မှာ လဲလှယ်နိုင်မယ့် အခွင့်အရေးတစ်ခု ကျန်ပါသေးတယ်”
ချင်းရှင်း ဆီကို လဲယူလိုက်ပြီး လက်ကျန်အမှတ် ၁၈မှတ်ဖြစ်သွားကာ သူမလည်း အပြင်ပြန်ထုတ်ခံလိုက်ရလေသည်။ အမှတ်များ သတ်မှတ်ထားသော အတိုင်းအတာတစ်ခုသို့ ရောက်သွားသည်နှင့် လဲနိုင်သော ပစ္စည်းအရေအတွက်မှာလည်း တိုးလာသည်ကို မြင်နိုင်၏။ ပစ္စည်းနှစ်ခု လဲယူနိုင်လိုက်သဖြင့် ချင်းရှင်း ပျော်နေမိ၏။ သို့သော်လည်း အနာဂါတ်တွင် ပစ္စည်းသုံးခုလဲယူနိုင်ရန် အမှတ်မည်မျှ လိုအပ်လိမ့်မလဲဆိုတာကိုတော့ သူမမသိချေ။ ကံကောင်းသည်က သူမတွင် ဤစနစ်အကြောင်း ဖြည်းဖြည်းချင်းလေ့လာသွားရန် အချိန်ရှိနေခြင်းပင်။
စားပွဲပေါ်တွင်ပေါ်လာသော ဆီနှင့် ပဲငံပြာရည်ပုလင်းကိုကြည့်၍ ချင်းရှင်း အနာဂါတ်အတွက် ပိုယုံကြည်ချက်ရှိလာသလို ခံစားလိုက်ရသည်။
စနစ်ထဲမှ ထွက်လာပြီးနောက် ငွေစာရင်းစတွက်လိုက်၏။ ဆယ်ယွမ်ခေါက်ဆွဲကျေးဇူးကြောင့် ချင်းရှင်း၏ယနေ့ဝင်ငွေမှာ ယွမ် ၂၅၀၀ကိုပင်ကျော်၍ ၂၇၂၃ယွမ် ရခဲ့လေသည်။ မီးသွေးနှင့် ပစ္စည်းဝယ်သည်များ ပြန်နှုတ်ပြီးသောအခါ ချင်းရှင်းလက်ထဲ၌ စုစုပေါင်း ၁၄၃၆၅ ယွမ် ရှိနေပြီဖြစ်သည်။
နောက်တစ်နေ့ နံနက်အစောပိုင်းတွင် ချင်းရှင်း ပစ္စည်းများပြင်ဆင်ကာ အိမ်မှထွက်လာခဲ့သည်။ ယမန်နေ့ကချင်းရှင်း၏ ဆယ်ယွမ်ခေါက်ဆွဲအကြောင်း တစ်ယောက်ယောက်က ညွှန်းလိုက်၍ထင်၏။ ယနေ့တွင် ဆယ်ယွမ်ခေါက်ဆွဲများမှာ တရုတ်ကော်ပြန့်မုန့်ထက်ပင် အရင်ရောင်းကုန်သွားလေသည်။
ကလေးမျက်နှာနှင့် ကောင်မလေး ဆယ်ယွမ်ခေါက်ဆွဲ ဝယ်ပြီးချိန်မှာပင် အခြားဝယ်သူတစ်ဦးအား ချင်းရှင်းပြန်ဖြေသံကို ကြားလိုက်ရ၏။ “အားနာပါတယ်ရှင်။ ဒီနေ့ ဆယ်ယွမ်တန် ချဥ်စပ်ခေါက်ဆွဲ ကုန်သွားပါပြီ”
“မြန်လိုက်တာ”
“မဖြစ်နိုင်တာ။ ရှစ်နာရီတောင် ထိုးသေးတာမဟုတ်ဘူးလေ”
တန်းစီနေသော ဝယ်သူတစ်ဦးက ပြောလိုက်သည်။ ဆယ်ယွမ်ခေါက်ဆွဲအား သူ နှစ်ရက်လုံး မစားလိုက်ရခြင်းဖြစ်သည်။
ချင်းရှင်း တောင်းပန်လိုက်သည်။ “တစ်ကယ်ကို အားနာပါတယ်ရှင်” ကလေးမျက်နှာနှင့် ကောင်မလေးမှာ ခေါက်ဆွဲတစ်လုပ်စားလိုက်ရင်း စိတ်သက်သာရာရစွာဖြင့် ရေရွတ်လိုက်၏။
“တော်သေးတယ် ငါရလိုက်လို့” ချဥ်စပ်ခေါက်ဆွဲအား သေချာအရသာခံစားနေရင်းမှ ချဥ်စပ်ခေါက်ဆွဲအတွက် ပါဝင်ပစ္စည်းများက ရရန်မလွယ်ခြင်းဖြစ်နိုင်လောက်သည်ဟု တွေးနေမိလေသည်။
နေမွန်းမတည့်မီမှာပင် ပစ္စည်းများ ရောင်းကုန်သွားသဖြင့် ချင်းရှင်းအိမ်သို့ ပြန်လာခဲ့သည်။ စက်ဘီးအား သန့်ရှင်းရေးလုပ်နေစဥ် မေ့ကုန်းချင်၏ အော်သံကို ရုတ်တရက်ကြားလိုက်ရလေသည်။
“ဘာဖြစ်လို့လဲ” ချင်းရှင်း မင်သက်သွားမိ၏။
“မင်းလက်တွေ” မေ့ကုန်းချင်ပုံစံက အတော်လေးထိတ်လန့်နေသလိုပင်။
ထိုအခါမှသာ သူမလက်များ အရေခွံလန်နေသည်ကို ချင်းရှင်း သတိပြုလိုက်မိသည်။ “ဘာမှမဖြစ်ပါဘူး”
“ဘယ်လိုလုပ် ဘာမှမဖြစ်ရမှာလဲ။ မင်းက ငယ်ငယ်လေးရှိသေးတာ။ ကိုယ့်လက်တွေကိုယ် သေချာဂရုစိုက်မှပေါ့။ သွားသွား ဒီစက်ဘီးကို အစ်မပဲ ဆေးလိုက်မယ်” မေ့ကုန်းချင်က ပြောရင်းဆိုရင်း သုတ်သည့်အဝတ်ကို လှမ်းယူလိုက်၏။
ချင်းရှင်း အကြိမ်အနည်းငယ်ခန့် နားချကြည့်သော်လည်း ပြောမရသဖြင့် မေ့ကုန်းချင်ကိုသာ သန့်ရှင်းရေးလုပ်ခွင့် ပေးလိုက်ရလေသည်။
သူမလက်များအတွက်မူ မနက်ထချိန်တိုင်း အသီးအရွက်များ ဆေးကြော၊ လှီးဖြတ်ခြင်း ပြုလုပ်ရ၏။ ဈေးရောင်းချိန်တွင်လည်း မုန့်လုပ်တိုင်း လက်ကိုသန့်ရှင်းနေအောင် ခဏခဏ ဆေးကြောရပြန်သည်။ ချဥ်စပ်ခေါက်ဆွဲ လုပ်ပြန်တော့လည်း ခြင်းထဲမှ ရေစိမ်ထားသော ပဲကြာဇံများကို ယူရ၏။ ရေနှင့် အမြဲထိတွေ့နေရသည့်အပြင် အိမ်ပြန်ရောက်လာတော့လည်း စက်ဘီးနှင့် မီးဖိုဆောင်သုံးပစ္စည်းများကို ရှင်းလင်းရသေးသည်။ ထို့ကြောင့် လဝက်အတွင်းမှာပင် ချင်းရှင်းလက်များက အရေခွံလန်ကုန်ခြင်းဖြစ်သည်။
ချင်းရှင်းကတော့ ထိုကိစ္စကို လုံးလုံးလျားလျားပင် ဂရုမစိုက်ပါချေ။ ယခင်ဘဝတုန်းကလည်း အစားအသောက်များလုပ်ပြီး ရေထိများသဖြင့် အက်ရာဗရာပွဖြင့် သူမလက်များကို မည်သူမှ ဂရုစိုက်မပေးခဲ့ဖူးပေ။
စက်ဘီးအား ဆေးကြောသန့်ရှင်းပြီးသည်နှင့် မေ့ကုန်းချင်သည် သူမဆိုင်ထဲမှ ယွိမေ့ကျင်း ခရင်မ်တစ်ထုပ် ယူလာပြီး “ဟိုဘက်အိမ်က ကောင်မလေးပြောတာတော့ ဒါကို ညအိပ်ယာမဝင်ခင် ထူထူလေးလိမ်းအိပ်ပြီး နောက်နေ့အထိ လက်အိပ်ဝတ်ထားလိုက်တာ သူ့လက်တွေ ဖြူဖွေးနူးညံ့နေတာပဲတဲ့” ချင်းရှင်း ယွိမေ့ကျင်းထုပ်ကိုယူလိုက်ကာ “ကျေးဇူးပါ အစ်မမေ့”
“ဘာတွေ အားနာနေတာလဲ။ ဘာမှ တန်ဖိုးကြီးတာမဟုတ်ဘူး။ ပြီးတော့ ကိုယ်က ငယ်ငယ်လေးရှိသေးတာ၊ ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်မှပေါ့” မေ့ကုန်းချင်က စိတ်အားထက်သန်စွာ ပြောလေသည်။