Chapter 3

1.6K 172 0
                                    

Chapter 3

တတိယဟင်းပွဲအတွက်မူ ချင်းရှင်း ဟင်းချိုချက်ရန် ရည်ရွယ်ထား၏။ တိုဟူးနှင့် shiitake မှိုများကို အတုံးဖြစ်အောင် တုံးလိုက်ပြီး ကြက်ဥများကို ပန်းကန်လုံးတစ်ခုထဲထည့်ကာ သမအောင်မွှေလိုက်သည်။
ချင်းရှင်း အိုးထဲသို့ ဆီအနည်းငယ် လောင်းထည့်လိုက်ပြီး တုံးထားသောမှိုများကို အိုးထဲထည့် ကြော်လိုက်သည်။ အနံ့မွှေးလာသည်နှင့် ချင်းရှင်း အိုးထဲသို့ ရေအေးတစ်ခွက် လောင်းထည့်လိုက်သည်။ တရှဲရှဲမြည်လာသည်နှင့် မေ့ကုန်းချင်တစ်ယောက် တံတွေးမြိုချလိုက်မိသည်။ ချင်းရှင်း ဘာလုပ်လုပ် သူမဗိုက်ဆာသလိုပင်။
အိုးဆူလာသည်နှင့် တိုဟူးနှင့် ကြက်ဦမွှေထားသည်များကို အိုးထဲလောင်းထည့်ကာ အမြန်မွှေလိုက်သည်။ မူလက ထိရုံနှင့်ကြေမတတ်ဖြစ်နေသော တိုဟူးမှာ ချင်းရှင်း အမြန်မွှေနေသည်ကိုပင် ဘာမျှမဖြစ်သည်က ထူးဆန်းလှသည်။
မေ့ကုန်းချင်တစ်ယောက် ချင်းရှင်းအား တစ်ချက်လှမ်းကြည့်လိုက်မိသည်။ ချင်းရှင်းမှာ ဟင်းချက်တတ်ရုံမျှမကပဲ တစ်ကယ့်ဆရာကြီးတစ်ယောက်ပင် ဖြစ်နေလိမ့်မည်ဟု သူထင်မထားမိချေ။
ကြက်ဥထည့်ပြီးနောက် ဟင်းချိုအရောင်က ချက်ချင်းပင်လှသွားတော့သည်။ ထို့နောက် ချင်းရှင်းသည် အိုးအနှံ့ ဆားအနည်းငယ်ဖြူးလိုက်ပြီး လှီးထားသော ကြက်သွန်နီလက်တစ်ဆုပ်စာထည့်ကာ အိုးကိုချလိုက်လေသည်။
“ပြီးသွားပြီလား” မေ့ကုန်းချင် မေးလိုက်မိသည်။ ပုံမှန်ဆို ဟင်းချိုချက်တဲ့အခါ ဟင်းခတ်အမွှေးအကြိုင်တွေအများကြီးထည့်ရတာ မဟုတ်ဘူးလား။ ချင်းရှင်းကတော့ ဆားတစ်မျိုးတည်းသာ သုံးပုံပေါ်၏။
ချင်းရှင်း ခေါင်းညိတ်ပြလိုက်သည်။ “ကြက်ဥနဲ့ အသီးအရွက် ဟင်းချိုအချဥ်လေ။ ပြီးရင် အစ်မမေ့ မြည်းကြည့်လိုက်”
“မြည်းရမှာပေါ့” မေ့ကုန်းချင်တစ်ယောက် တစ်ကယ်ကိုပင် မြည်းကြည့်ဖို့ စိတ်အားထက်သန်နေခြင်းဖြစ်သည်။
ဟူရှင်းကောကမူ ဈေးသွားဝယ်ပြီး ပြန်လာချိန်တွင် စားပွဲပေါ်ရှိ အသင့်ဖြစ်နေသော အစားအသောက်များကို မြင်သည်နှင့် ပျော်ရွှင်စွာပင် “ဒီနေ့ဟင်းတွေက တစ်ကယ်ကိုအရသာရှိမဲ့ပုံပဲဟေ့”
“အဲဒါတွေအကုန် ရှောင်ရှင်းချက်ထားတာလေ” ချင်းရှင်းအား မေ့ကုန်းချင်ခေါ်သည့် အခေါ်အဝေါ်သည်ပင် ရှောင်ချင်းမှ ရှောင်ရှင်းဖြစ်သွားလေပြီ။
“ရှောင်ရှင်းက ဟင်းချက်တတ်တယ်လား” ဟူရှင်းကော၏ အခေါ်အဝေါ်ကလည်း သူ့ဇနီးကဲ့သို့ပင် လိုက်ပြောင်းသွားခဲ့သည်။
“ဟုတ်ပါတယ်ဆို” မူလကမူ မေ့ကုန်းချင်သည်လည်း ချင်းရှင်းလို မိန်းမချောလေးတစ်ယောက်က မည်သို့ချက်ပြုတ်ရမည်ကို မသိလောက်ဟု ထင်ခဲ့သော်ငြား တစ်ကယ်တမ်းတွင်တော့ ချင်းရှင်းမှာ ချက်ပြုတ်တတ်ရုံသာမက ကျွမ်းကျင်အဆင့်ပင် ဖြစ်နေခြင်းဖြစ်သည်။ စောစောက ချင်းရှင်း ချက်ပြုတ်နေချိန်တွင် မေ့ကုန်းချင်ခေါင်းထဲ၌ ချင်းရှင်း၏ ဟင်းချက်ကျွမ်းကျင်မှုအပေါ် အံ့ဩနေမိခြင်းမှအပ မည်သည့်အတွေးမှ မရှိနိုင်ခဲ့ပေ။
ဒီခေတ်တွင် ချက်ပြုတ်နိုင်သော မိန်းကလေးဟူ၍ အနည်းငယ်သာရှိပြီး ယခုလို ချက်ပြုတ်နိုင်သူမျိုးက ပို၍ပင်နည်းပါးလှသည်။ ချင်းရှင်း၏ မိသားစုအခြေအနေမှာ သိပ်မကောင်းသဖြင့် ငယ်ငယ်ရွယ်ရွယ်ဖြင့် ချက်ပြုတ်ရန် တာဝန်ယူခဲ့ရခြင်းဖြစ်လိမ့်မည်ဟုပင် မေ့ကုန်းချင် အလိုလိုတွေးမိလိုက်ချေသည်။ ထိုသို့တွေးမိသောအခါ သူမရင်ထဲ၌ ချင်းရှင်းအတွက် နည်းနည်းပင် စိတ်မကောင်းဖြစ်မိသွား၏။
ဟူရှင်းကောကတော့ မေ့ကုန်းချင်လောက် သိပ်တွေးမနေ၊ စားပွဲပေါ်ရှိ အရောင်အသွေးစုံလင်သော ဟင်းလျာများကိုမြင်သည်နှင့် ပန်းကန်လုံးတစ်လုံးကို ကောက်ကိုင်ကာ စစားတော့သည်။ အသားတစ်တုံးကို တူဖြင့်ကောက်ကိုင်လိုက်ပြီး တစ်ကိုက်ကိုက်လိုက်သည်နှင့် ဟူရှင်းကော၏ မျက်လုံးများမှာ တောက်ပသွားလေသည်။ “ဒါ… ဒါက အရမ်းအရသာရှိတာပဲ”
မေ့ကုန်းချင်လည်း စိတ်မကောင်းဖြစ်နေရာမှ အသိပြန်ဝင်လာပြီး ဂုဏ်ယူစွာပြန်ပြောလိုက်၏။ “ဒါပေါ့ရှင့်” သူမပုံစံမှာ သူမဟင်းချက်တုန်းက ချီးကျူးခံရသည်ထက်ပင် ပို၍ဂုဏ်ယူနေပုံပေါ်သည်။
ချင်းရှင်း ပြုံးမိ၏။ အစ်မမေ့မှာ စားပင်မကြည့်ရသေးသော်လည်း သူမချက်ထားသည်က စားကောင်းကြောင်း ပြောပေးနေလေသည်။ ထိုသည်က သူမအပေါ် အစ်မမေ့၏ ယုံကြည်မှုကို ဖော်ပြနေ၏။
မေ့ကုန်းချင်သည် ဆလပ်ရွက်ကြော်အား တူဖြင့်အရင်ဆုံး ကောက်ကိုင်လိုက်သည်။ စောစောကတည်းကပင် စားချင်နေခြင်းဖြစ်သော်လည်း တစ်လုပ်စားလိုက်သည်နှင့် သူမမျက်လုံးထဲတွင် မယုံကြည်နိုင်မှုအထင်းသား ပေါ်လာတော့သည်။ ချင်းရှင်းချက်ထားသည်များက အရသာရှိလိမ့်မည်ဟု ကြိုတွေးထားပြီးဖြစ်သော်လည်း သူမမျှော်လင့်ထားသည်ထက်ပင် ပိုကောင်းနေလေသည်။
မေ့ကုန်းချင် ဟင်းချိုတစ်ဇွန်း ခပ်သောက်ကြည့်လိုက်သည်။ တိုဟူးမှာ နူးညံ့လွန်းသဖြင့် သူမပါးစပ်ထဲ ပျော်ဝင်သွားသလိုပင်။ ကြက်ဥအရသာစိမ့်စိမ့်လေးကလည်း ဟင်းချိုအရသာကို ပိုကောင်းသွားစေသည်။ သောက်ချလိုက်သည်နှင့် မှိုဖတ်တို့၏ ရနံ့သင်းသင်းက သူမနှုတ်ခမ်း၌ စွဲထင်ကျန်ခဲ့သည့်အလား…
မေ့ကုန်းချင် သက်ပြင်းမချနိုင်ခင်မှာပင် ဟူရှင်းကောတစ်ယောက် သူ့ရှေ့မှ ဝက်သားကြွပ်ကြော်အား တစ်ဝက်လောက် စားပြီးသွားပြီဖြစ်ကြောင်း မြင်လိုက်ရ၏။ ထို့ကြောင့် သူမလည်း စကားပြောမနေတော့ပဲ ခေါင်းမဖော်တမ်း စစားတော့သည်။
မေ့ကုန်းချင်နှင့် ဟူရှင်းကောတို့ မြိန်ရေရှက်ရေ စားနေသည်ကိုကြည့်ရင်း ချင်းရှင်းစိတ်ထဲတွင် နွေးထွေးသွားမိသည်။
ဟင်း၂ပွဲနှင့် ဟင်းချိုတစ်ခွက်မှာ သူတို့သုံးဦးလက်ထဲ၌ အလျင်အမြန်ပင် ကုန်သွားလေသည်။ စားပြီးနောက် ချင်းရှင်းက ပန်းကန်များကို သိမ်းဆည်းရန်ပြင်နေသဖြင့် မေ့ကုန်းချင်က တားဆီးလိုက်သည်။ ဟူရှင်းကောက ပန်းကန်များကို ဆေးကြောရန်ပြင်လိုက်ပြီး “ငါစားတာ အရမ်းများသွားပြီ။ နည်းနည်းလောက် လှုပ်ရှားပေးမှဖြစ်တော့မှာ”
ဟင်းမှာ သုံးပွဲတည်းသာဖြစ်၍ ပြောင်စင်အောင် စားခဲ့သည်ဆိုလျှင်တောင် များသည်ဟုမဆိုသာပေ။ မေ့မိသားစုက သူမကို ဂရုစိုက်ပေးခြင်းဖြစ်ကြောင်း ချင်းရှင်းသိလိုက်၏။
ဟူရှင်းကောတစ်ယောက် မီးဖိုထဲ၌ ပန်းကန်ဆေးနေစဥ် မေ့ကုန်းချင်သည် ချင်းရှင်းအား စိုးရိမ်တကြီး ကြည့်လိုက်ပြီး “ဘယ်လိုအလုပ်မျိုးရှာဖို့ စီစဥ်ထားလဲ” သူတို့နှစ်ဦးမှာ Tမြို့တော်တွင် နေထိုင်သူများဖြစ်၍ ချင်းရှင်းထက်စာလျှင် သတင်းပိုစုံလေသည်။
ချင်းရှင်း ပြန်ဖြေလိုက်သည်။ “ကျွန်မဘာသာပဲ မုန့်တစ်ချို့လုပ်ပြီး ထွက်ရောင်းကြည့်မလားလို့”
ချင်းရှင်းချက်တာကိုသာ မစားဖူးလျှင် မေ့တစ်ယောက် ချင်းရှင်းအကြံအား တားမိမည်ဖြစ်သော်လည်း စားပြီးချိန်တွင်တော့ သူမဘာမှပြောစရာစကား ရှာမတွေ့တော့ပေ။
“တရုတ်ကော်ပြန့် လုပ်မလားလို့” ဤအတွက် ချင်းရှင်းစဥ်းစားထားပြီးသား ဖြစ်သည်။ မုန့်သားလုပ်ရန် ပေါင်းအိုးတစ်လုံး၊ တွန်းလှည်းတစ်ခု လိုမှာဖြစ်ပြီး သူမတွင် သုံးဘီးစက်ဘီးလေးတစ်ခုရှိလျှင်တော့ ပိုကောင်းမှာဖြစ်၏။
“ပစ္စည်းဝယ်စရာရှိရင် အားမနာနဲ့ပြောနော်” ဟူရှင်းကောက ပြောသည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုဟူ” ချင်းရှင်း ပြန်ပြောလိုက်သည်။ “တစ်ကယ်လည်း မီးသွေးနည်းနည်းဝယ်ပေးဖို့ အစ်ကိုဟူကို ဒုက္ခပေးရဦးမယ်ထင်တယ်”
“ပြဿနာမရှိဘူး” ဟူရှင်းကောက သဘောတူလိုက်၏။
“ပြီးတော့ မုန့်သားအတွက် ခေါက်ဆွဲလည်းလိုလိမ့်မယ်ထင်တယ်။ သူ့ကို အဲဒါတွေပါ တစ်ခါတည်း ဝယ်ခိုင်းလိုက်လေ” မေ့ကုန်းချင်က ဝင်ပြောသည်။
ဟူရှင်းကောက အိုကေဟု လက်အမူအယာ ပြန်လုပ်ပြလေသည်။
သူမ လုပ်လိုသောအရာများအတွက် ယခုလိုပံ့ပိုးပေးမှုမျိုးကို ပထမဆုံးအကြိမ် ခံစားဖူးခြင်းဖြစ်၍ ချင်းရှင်း အလွန်တရာမှပင် ကျေးဇူးတင်မိသွားသည်။
အပေါ်ထပ်သို့ ပြန်ရောက်သောအခါ ချင်းရှင်း ရေချိုး၊ အဝတ်လျှော်၊ အဝတ်လှန်းခြင်းများ ပြုလုပ်ပြီးနောက် ခုတင်ပေါ်သို့ လှဲချလိုက်သည်။ ထို့နောက် သူမဖုန်းကိုထုတ်ကာ ဈေးဝယ် app တစ်ခုထဲသို့ဝင်၍ တွန်းလှည်းနှင့် မီးဖိုတစ်ခုကို စတင်ရှာဖွေလိုက်သည်။
ရှာဖွေမှုတွင် နေရာစုံမှ ထိုပစ္စည်းများကျလာသဖြင့် ဧရိယာအား T မြို့တော်အတွင်းသာ စစ်ထုတ်လိုက်သောအခါ ရောင်းချမှုနှစ်ခုသာ ကျန်ခဲ့လေသည်။ ၎င်းတို့အထဲမှတစ်ခုမှာ သုံးဘီးစက်ဘီးလေးနှင့် ထုပ်ပိုးထားသော တရုတ်ကော်ပြန့်ပေါင်းအိုး ဖြစ်သည်။ ထိုနှစ်ခုလုံးကိုမှ ၅၈၈ယွမ်သာ ကျသင့်မှာဖြစ်ပြီး ပစ္စည်းမှာလည်း ၉၀ရာခိုင်နှုန်း အသစ်အတိုင်း ဖြစ်နေသေးသည်ဟု ပြောထား၏။
ထိုရောင်းချသူမှာ လိုင်းပေါ်၌ ရှိနေသည်ကိုမြင်သဖြင့် ကိုယ်တိုင်လာယူလျှင် လျှော့ဈေးဖြင့်ရနိုင်မည်လားဟု ချင်းရှင်းသွားမေးလိုက်သည်။ အခြားတစ်ဖက်မှာ ထိုပစ္စည်းများကို ရောင်းပစ်ရန်မစောင့်နိုင်တော့ဟန်ဖြင့် ကိုယ်တိုင်လာယူလျှင် ယွမ်၅၀၀သာ ကျသင့်မည်ဖြစ်ကြောင်း ချက်ချင်းအကြောင်းပြန်လာလေသည်။
ထို့နောက် နောက်တစ်နေ့မနက် ၁၀နာရီတွင် ပစ္စည်းလာပို့ရန် နှစ်ယောက်သား သဘောတူလိုက်ကြ၏။ ဒုတိယနေ့တွင် ချင်းရှင်း မနက်၇နာရီတွင် အိမ်မှထွက်လာပြီး ပထမဆုံး ဘတ်စ်ကားဖြင့် စတုရန်းကီလိုမီတာ ၁၀၀ခန့်ပင်မရှိသေးသော မြို့၏ ဖွံ့ဖြိုးတိုးတက်စ ဗဟိုချက်နေရာအား လျှောက်ပတ်ကြည့်လိုက်သည်။
နောက်သုံးနှစ်အတွင်း ဤနေရာမှာ အဆရာချီတိုးတက်သွားတော့မှာ ဖြစ်သည်။
နောက်ဆုံးတွင်မှ တရုတ်ကော်ပြန့်ရောင်းသော နေရာတစ်ခုအား ချင်းရှင်းရှာတွေ့သွား၏။
ချင်းရှင်း ထိုဆိုင်မှ တစ်ခုဝယ်ကာ တစ်ကိုက်ကိုက်ကြည့်လိုက်သည်။ ကော်ပြန့်အသားလုပ်ထားသော ဂျုံမှုန့်မှာ ပြောင်းမှုန့်မဟုတ်ပဲ အခြားအကြမ်းမှုန့်များဖြင့် ရောထားသောကြောင့် စားရသည်မှာ နူးညံ့မှုမရှိကြောင်း သူမချက်ချင်းသတိပြုလိုက်မိသည်။ အတွင်းရှိ ဆလပ်ရွက်မှာ ရက်အနည်းငယ် ကြာနေလောက်ပြီဖြစ်ပြီး လတ်ဆတ်မှုမရှိတော့ပေ။ ငရုပ်ဆော့စ်အချိုကလည်း အချိုလွန်ပြီး ပျစ်ချွဲနေကာ မုန့်အားကိုက်ရသည်က ကြွပ်ရွမနေချေ။
မုန့်တစ်ခုလုံးကုန်အောင်ပင် ချင်းရှင်းမနည်းစားလိုက်ရသည်။ မည်သည့်အစားအစာမဆို ပါဝင်ပစ္စည်းများအပေါ် လေးစားမှု၊ ရိုးသားမှုများဖြင့် ပြုလုပ်ရမှာဖြစ်သည်။
အချိန်ရောက်တော့မည်ဖြစ်၍ ပစ္စည်းယူရမည့်နေရာသို့ ချင်းရှင်းဆက်သွားလိုက်သည်။ သုံးဘီးဆိုင်ကယ်နှင့် ပေါင်းအိုးနှစ်ခုလုံးမှာ အမှန်တစ်ကယ်ပင် အကောင်းအတိုင်း ရှိနေသေးခြင်းဖြစ်၍ ရောင်းသူအား သူမ ယွမ်၅၀၀ ထုတ်ပေးလိုက်သည်။
ပစ္စည်းရောင်းသူမှာ ထိုမျှငယ်ရွယ်သော မိန်းကလေးတစ်ယောက်ကို တွေ့ရမည်ဟု မထင်ထားမိသဖြင့် ငွေလက်ခံပြီးနောက် ခဏမျှစဥ်းစားလိုက်ပြီး ပြောလာ၏။ “ဒါက လုပ်လို့ကောင်းတဲ့ စီးပွားရေးတစ်ခုမဟုတ်ဘူးနော်။ မင်းသေချာ စဥ်းစားသင့်တယ်” သူကိုယ်တိုင်လည်း ကြိုးစားကြည့်ပြီး မအောင်မြင်ခဲ့သဖြင့် ဤပစ္စည်းများကို ထုတ်ရောင်းခြင်းဖြစ်သည်။
“ကျေးဇူးတင်ပါတယ်။ ကျွန်မ စဥ်းစားပြီးပါပြီ” ချင်းရှင်း ပြန်ဖြေလိုက်သည်။
ပစ္စည်းရောင်းသူမှာ ချင်းရှင်း၏ခေါင်းမာမှုကို မြင်သည်နှင့် ဆက်လက်နားချရန် မကြိုးစားတော့ပေ။ မည်သို့ပင်ဆိုစေ သူ့ဘက်က ပြောစရာရှိသည်ကို ပြောပြီးပြီမဟုတ်ပါလား။
သုံးဘီးစက်ဘီးအား ချင်းရှင်း စမ်းကြည့်လိုက်သည်။ နင်းရသည်က နည်းနည်းပင်ပန်းပြီး အထူးသဖြင့် အမြင့်သို့နင်းတက်ရသောအခါမျိုးမှာ ဖြစ်သည်။ သို့သော်လည်း သူမဘဝသစ်အတွက် ပထမဆုံးခြေလှမ်းဖြစ်၍ မပင်ပန်းသည့်အပြင် အရမ်းပင်ပျော်နေလေသည်။
စူပါမားကတ်မှ ထွက်လာပြီးနောက် သူမကုန်ကျစရိတ်ကို စစ်ကြည့်လိုက်သည်။ ဆီ ၂လီတာပုလင်းအတွက် ယွမ် ၅၀၊ ကြက်ဥ အလုံးတစ်ရာအတွက် တစ်လုံးလျှင် ၈၀ဆင့်နှင့် ယွမ် ၈၀၊ ဝက်အူချောင်းက တစ်ချောင်းလျှင် တစ်ယွမ်နှင့် စုစုပေါင်း ယွမ်၁၀၀၊ ဆလပ်ရွက် တစ်ပေါင်ကို ၅ယွမ်နှင့် ဆယ်ပေါင်ဆိုတော့ ယွမ်၅၀၊ ကြက်သွန်နီနှင့် နံနံပင်တို့အတွက် ယွမ်၂၀ အပြင် ဆော့စ်
၂ ဘူးအတွက် ယွမ်၃၀ ကုန်ခဲ့၏။
ဤ ယွမ် ၃၃၀အပြင်၊ မနက်စာ၊ ဘတ်စ်ကားခနှင့် သုံးဘီးစက်ဘီးနှင့် ပေါင်းအိုးတို့အတွက် ကုန်ကျစရိတ်များအားလုံး နှုတ်လိုက်သောအခါ ချင်းရှင်းလက်ထဲတွင် ယွမ် ၆၁၀ ရှိနေသေးသည်။
သူမ အိမ်သို့ပြန်ရောက်သောအခါ သုံးဘီးစက်ဘီးလေးနှင့် ပေါင်းအိုးတို့ကို အရင်ဆုံး သန့်ရှင်းရေးလုပ်လိုက်သည်။ မေ့ကုန်းချင်က ချင်းရှင်းအား နှုတ်ဆက်လိုက်ပြီး ထိုအရာများကို မြေညီထပ်ရှိ လှေကားနံဘေးတွင် ထားလို့ရကြောင်းပြောလေသည်။
ဟူရှင်းကော ပစ္စည်းဝယ်သွားရာမှ ပြန်မရောက်သေးသဖြင့် ချင်းရှင်း အပေါ်ထပ်သို့တက်၍ သူမကွန်ပျူတာဖြင့် ပုံစဆွဲလိုက်၏။
ချင်းရှင်းမှာ မည်သို့ ဓာတ်ပုံပြင်ရမည်ကိုမသိသဖြင့် အရိုးရှင်းဆုံး ပြင်ဆင်မှုတစ်ချို့သာ လုပ်လိုက်ခြင်းဖြစ်သည်။ သူမငွေလက်ခံသော QR code ကိုပုံတွင်ထည့်လိုက်ပြီး အောက်၌ “ရှင်းရှင်း မုန့်ဆိုင်” စာတစ်ကြောင်း ရေးလိုက်လေသည်။
ထိုဖိုင်ကိုသိမ်းပြီးနောက် နောက်ဖိုင်အသစ်တစ်ခု ထပ်ဖွင့်ကာ စာများရေးသားလိုက်သည်။ ပထမဆုံးတစ်ကြောင်းမှာ တရုတ်ကော်ပြန့်မုန့်ကြွပ် ဆလပ်ရွက်နှင့် ၅ယွမ်၊ ဒုတိယတစ်ကြောင်းမှာ တရုတ်ကော်ပြန့်မုန့်ကြွပ် ဆလပ်ရွက်၊ ကြက်ဥနှင့် ၆ယွမ်၊ တတိယတစ်ကြောင်းမှာ တရုတ်ကော်ပြန့်မုန့်ကြွပ် ဆလပ်ရွက်၊ ဝက်အူချောင်းနှင့် ၆ယွမ်၊ စတုတ္ထစာကြောင်းမှာ တရုတ်ကော်ပြန့်မုန့်ကြွပ် ဆလပ်ရွက်၊ ကြက်ဥ၊ ဝက်အူချောင်းနှင့် ၇ယွမ် ဟူ၍ပင်။
ထိုသို့ရေးနေရင်းမှ နောက်ပိုင်းတွင် မိုးခိုသားနှင့် ဝက်ပေါင်ခြောက်လို ပစ္စည်းများပါ ထပ်ထည့်မည်ဟု ချင်းရှင်းစဥ်းစားထားလိုက်သည်။ ယခုလောလောဆယ်တော့ သူမလက်ထဲ၌ ထိုမျှ ငွေပိုငွေလျှံ မရှိသေးပေ။
အားလုံးလုပ်ပြီးသည်နှင့် ပုံနှစ်ခုအား ဖုန်းထဲသို့ကူးလိုက်ပြီး အနီးရှိ မိတ္တူဆိုင်တစ်ဆိုင်သို့သွားကာ နှစ်ရွက်ခန့် ပုံနှိပ်၍ ပလတ်စတစ် လောင်းလိုက်လေသည်။
မိတ္တူဆိုင်တွင် ယွမ်၂၀ ထုတ်ပေးပြီးသောအခါ ချင်းရှင်းလက်ထဲတွင် ယွမ် ၅၉၀သာ ကျန်တော့၏။
နှစ်ရက်ခန့် အတူနေပြီးနောက် ဟူရှင်းကောမှာ ချင်းရှင်းအကြောင်း သိနေပြီဖြစ်၍ “တစ်ကက်တီကို ၂ယွမ်ဆိုတော့ ယွမ်လေးရာပဲပေးပါ။ ပြီးတော့ မီးသွေးလည်း ယွမ် ၁၀၀ဖိုးလောက် ဝယ်လာခဲ့တယ်”
“ကျေးဇူးပါ အစ်ကိုဟူ” ဟူရှင်းကောအား ၅၀၀ ထုတ်ပေးလိုက်ပြီး ချင်းရှင်း လက်ထဲတွင် ယွမ်၉၀သာ ချန်ထားလိုက်သည်။
ထို့နောက် ဟူရှင်းကောသည် ခရီးသည်ခုံဘက်မှ နောက်ထပ်အိတ်ကြီးတစ်အိတ် ထုတ်ယူလိုက်ပြီး “ဒါက သူများဆီကရတဲ့လက်ဆောင်။ ဘာပိုက်ဆံမှ ပေးစရာမလိုဘူး။ မင်းအသုံးတည့်မယ်ထင်လို့ အစ်ကိုသယ်လာခဲ့တာ”
ချင်းရှင်း ထိုအရာကို ယူကြည့်လိုက်သည်နှင့် တရုတ်ကော်ပြန့်အတွက် မုန့်ထည့်ရန်သင့်တော်သော စက္ကူအိတ်များအပြည့်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဟူရှင်းကောမှာ သူမအတွက် ထိုမျှတွေးပေးလိမ့်မည်ဟု မထင်ခဲ့မိချေ။ “ကျေးဇူးတင်ပါတယ်” ချင်းရှင်း စိတ်ထဲမှာပင် အတော်ခံစားသွားမိသည်။
“ကျေးဇူးတင်စရာမလိုပါဘူး။ ဒါ သူလုပ်သင့်တာပဲကို” မေ့ကုန်းချင်က ဝင်ပြော၏။
“မဟုတ်တာပဲ အားနာနေစရာ မလိုပါဘူး” နှစ်ရက်ခန့်အတူနေပြီးနောက် ချင်းရှင်းမှာ တစ်ကယ့်ကို လိမ္မာရေးခြားရှိသော ကလေးတစ်ယောက်ဟု ဟူရှင်းကော ခံစားမိနေပြီဖြစ်သည်။
ထို့နောက် ချင်းရှင်း မေ့ကုန်းချင်၏ စူပါမားကတ်လေးထဲသို့ဝင်ကာ ဂျုံမှုန့်တစ်ပုံး၊ ပလတ်စတစ် ပုံးတစ်ခု၊ သံဇွန်းတစ်ချောင်း၊ ဘရပ်ရှ် တစ်ခု၊ တိုက်ချွတ်ရန် ပစ္စည်း၊ အစွန်းချွတ်ဆေး၊ ပလတ်စတစ် အကြည်စနှင့် အခြားလိုအပ်သည့်ပစ္စည်းများ ဝယ်ယူလိုက်သည်။
မေ့ကုန်းချင်သည် ချင်းရှင်းထံမှ ယွမ်၇၀ လက်ခံပြီးနောက် သူမပစ္စည်းဝယ်စဥ် ကုန်သည်ဆီမှရထားသည်ဆိုသော ပလတ်စတစ်အိတ်အပုံလိုက်ကြီး ပြန်ပေးလိုက်လေသည်။
ချင်းရှင်း ထိုအရာများကို လက်ခံလိုက်ပြီးနောက် မေ့ကုန်းချင်နှင့် ဟူရှင်းကောတို့၏ ကြင်နာမှုကို စိတ်ထဲမှာပင် တိတ်တဆိတ် မှတ်သားထားလိုက်လေသည်။ 

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now