Chapter 57

598 55 0
                                    

အပိုင်း(၅၇)

ချင်းရှင်းက ဆေးလုံးသောက်ပြီးနောက် သူမ၏ အရည်အချင်းဇယားကို ကြည့်လိုက်သည်။

အမည် - ချင်းရှင်း (08277)
ကျား/မ - မ
အသက် - ၂၁
မျက်နှာလှပမှု : ၉၀
ကျက်သရေရှိမှု : ၇၀
ဟင်းချက်ကျွမ်းကျင်မှု : ၈၀
စိတ်စွမ်းအား : ၁၀၀
တိုက်ခိုက်ရေးစွမ်းအား : ၁၀၀
ကံကောင်းခြင်း : ၄၀
သွက်လက်မှု : ၄၀

လဲလှယ်ခွင့်တစ်ကြိမ် ကျန်နေသေးသဖြင့် ချင်းရှင်းက ဆီတစ်ပုလင်းကို ရွေးချယ်ခဲ့ရာ စနစ်၌ အမှတ် (၂၂၇၄) မှတ် ကျန်နေသေးသည်။

ညဥ့်နက်နေပြီ ဖြစ်သဖြင့် ချင်းရှင်းက မီးဖိုချောင်မှ ထွက်၍ မီးပိတ်ကာ အပေါ်ထပ်သို့ တက်ပြီး အနားယူ

လိုက်သည်။

ဆိုင်ဖွင့်ပြီးနောက် သုံးရက်မြောက်နေ့တွင် ထန်မန်ရင်းက မနက် (၆)နာရီ (၅၀)၌ ရောက်လာခဲ့သည်။

ထိုအချိန်တွင် မေ့ကုန်းလန်နှင့် ချင်းရှင်းတို့က မီးဖိုချောင်ထဲ၌ အလုပ်ရှုပ်နေကြပြီ ဖြစ်သည်။

ထန်မန်ရင်း၏ ခင်ပွန်း ရှောင်မင်ယိက မိန်းမဖြစ်သူ၏ အနောက်မှ လိုက်လာခဲ့သည်။

ဆိုင်သို့ ရောက်လာပြီးနောက် ရှောင်မင်ယိက ဧည့်သည်များ တန်းစီနေပြီကို တွေ့လိုက်ရသဖြင့် ဇနီးသည်ကို ဂရုမစိုက်တော့ဘဲ ဆယ်ယွမ်တန် ခေါက်ဆွဲကို အလျင်အမြန် မှာယူလိုက်သည်။

ထန်မန်ရင်းက မီးဖိုခန်းထဲသို့ ဝင်သွားခဲ့ပြီး အလုပ်စတင် လုပ်လိုက်သည်။

မနေ့ညက ချင်းရှင်းချက်ထားသော ဟင်းများကို စားပြီးသောအခါ ထန်မန်ရင်းက ထိုဟင်းပွဲများ၏ အရသာက ချဉ်စပ်ခေါက်ဆွဲထက် မလျော့ဟု ခံစား

လိုက်ရသည်။

အထူးသဖြင့် ချင်းရှင်း၏ လက်ရာက မည်ကဲ့သို့ စားစား မငြီးငွေ့ဟု ခံစားနေရသည်။

"ဒီ T မြို့က တတိယအဆင့်မြို့တောင် မဟုတ်ဘူး။ ကောင်းတဲ့ အလားအလာလည်း မရှိဘူး"

"သူဌေးကုရဲ့ အတွေးကို ငါတို့က ဘယ်လိုလုပ်ပြီး ခန့်မှန်းနိုင်မှာလဲ"

"ကုအုပ်စုရဲ့ ဌာနချုပ်ကို ချင်းရှန်ကို ပြောင်းရွှေ့လိုက်တာက အကျိုးအမြတ် ရလာလိမ့်မယ်လို့ မင်းထင်လား"

"ဖြစ်နိုင်တာကတော့ ဝန်ထမ်းအားလုံး ဒီကိုလာဖို့ ဆန္ဒမရှိလောက်ဘူး"

"ဟုတ်တယ်။ T မြို့ထဲကိုပြောင်းရင် အရေးမကြီးဘူး။ ခုဟာက ဆင်ခြေဖုံးမှာ လုပ်ရမှာ"

...


ထန်မန်ရင်းက စားပွဲကို သန့်ရှင်းရေးလုပ်နေရင်းဖြင့် ကုအုပ်စု ချင်းရှန်သို့ ပြောင်းရွှေ့လာသည့် အကြောင်းကို ကြားလိုက်ရသည်။

ထို့ကြောင့် နေ့လယ် ထမင်းစားချိန်၌ ထန်မန်ရင်းက "မနက်ဖြန်၊ ကုအုပ်စုက သူတို့ဌာနချုပ်ကို ဒီကိုရွှေ့မယ်လို့ ဧည့်သည် တော်တော်များများ ပြောနေတာကို ကြားလိုက်ရတယ်" ဟုပြောလာခဲ့သည်။

ကုအုပ်စု၏ ဌာနချုပ်က ချင်းရှန်သို့ အမှန်တကယ် ပြောင်းရွှေ့ခဲ့ကြောင်း ချင်းရှင်းက သိထားသည်။

သို့သော် မည်သည့်အချိန်၌ ပြောင်းရွှေ့ခဲ့သည်ကို ချင်းရှင်းက မမှတ်မိပေ။

"အင်း"

ချင်းရှင်းက ရိုးရှင်းစွာ တုံ့ပြန်ခဲ့သော်လည်း မေ့ကုန်းလန်က အလွန်ပျော်ရွှင်နေပြီး "အဲ့ဒါဆိုရင် နောက်ဆို ဆိုင်ကို လာလည်တဲ့ ဧည့်သည်တွေ ပိုများလာမှာပေါ့" ဟုရေရွတ်လိုက်သည်။


ထန်မန်ရင်းက "ကုအုပ်စုရဲ့ ဌာနချုပ်က ဒီကို ရွှေ့လာရင် အနည်းဆုံး လူရာဂဏန်းလောက်ရှိမယ်။ နောက်ပြီး ချင်းရှန် တစ်ခုလုံးကို ကုအုပ်စုက ငှားရမ်းခဲ့တာဆိုတော့ အနာဂတ်မှာ ဆက်ပြီး ဖွံ့ဖြိုးတိုးတက်လာမှာ သေချာတယ်" ဟုဆက်ပြောလိူက်သည်။

"ဒါဆို ငါတို့ ရှောင်ရှင်းရဲ့ စီးပွားရေးအတွက် စိတ်ပူစရာ မလိုတော့ဘူး" ဟုမေ့ကုန်းလန်က ပျော်ရွှင်စွာ ပြောလိုက်သည်။

ချင်းရှန်က အနာဂတ်တွင် ကြွယ်ဝဖွံ့ဖြိုးတိုးတက်လာမည်ကို ချင်းရှင်းက သိနေသဖြင့် တိတ်ဆိတ်နေခဲ့သည်။

ထန်မန်ရင်းက ချင်းရှင်း၏ အေးအေးဆေးဆေး ဖြစ်နေပုံကို ကြည့်ပြီး ချင်းရှင်းအား အလွန်ရိုးသားသည်ဟု ထင်မှတ်လိုက်သည်။

...

ယနေ့ကား ကုအုပ်စု ပြောင်းရွှေ့လာသောနေ့ ဖြစ်

သဖြင့် ချင်းရှန် ပတ်၀န်းကျင်၌ လူများ၊ ကားများဖြင့် စည်ကားနေခဲ့သည်။

ထိုလူများက ချင်းရှင်း၏ ဆိုင်သို့သာ လာရောက်ကြသဖြင့် ညနေ 6:30 မတိုင်ခင်၌ပင် ပါဝင်ပစ္စည်းများ ရောင်းကုန်သွားခဲ့သည်။

ထို့ကြောင့် ချင်းရှင်းက အမှာစာ လက်မခံတော့ဘဲ ဆိုင်ပိတ်တော့ရန် မေ့ကုန်းလန်ကို ပြောလိုက်သည်။

ထန်မန်ရင်းက စားပွဲများကို သန့်ရှင်းပြီး မီးဖိုချောင်ထဲသို့ ဝင်လာခဲ့သည်။

ထိုအချိန်တွင် ချင်းရှင်းက ဟင်းနှစ်ပွဲနှင့် စွပ်ပြုတ်တစ်ပွဲကို ချက်ပြီး၍ သုံးယောက်သား ထိုင်ကာ ညစာစားလိုက်ကြသည်။

ချင်းရှင်းက ထမင်းမြန်မြန်ဆန်ဆန် စားကာ မီးဖိုဘက်သို့ လျှောက်သွားသဖြင့် "တော်ပြီလား။ ထပ်မစားတော့ဘူးလား ရှောင်ရှင်း" ဟုမေ့ကုန်းလန်က လှမ်းမေးလိုက်သည်။

"အင်း ကျွန်မ ဗိုက်ဝသွားပြီ။ အစ်မတို့ ဖြည်းဖြည်း

စား" ဟုပြောပြီး ချင်းရှင်းက အလုပ်ဆက်များ နေခဲ့သည်။

ကုအုပ်စု ပြောင်းရွှေ့မှုအတွက် ကုဝူယွီတို့ အလုပ်များနေမည်ကို သိသဖြင့် ချင်းရှင်းက ညစာပို့ပေးရန် ပါဝင်ပစ္စည်း အနည်းငယ်ကို ချန်ထားခဲ့သည်။

ကုဝူယွီက သူမကို အကြိမ်ကြိမ် ကူညီထားသည့်အပြင် စကင်န်ကုဒ်ဖြင့် အော်ဒါမှာသည့် ပရိုဂရမ်ကိုပါ ဖန်တီးပေးထားသဖြင့် ချင်းရှင်းက ပြန်ပေးသင့်သည်ဟု ခံစားခဲ့ရသည်။

ထို့ကြောင့် ချင်းရှင်းက ချန်ထားသော ပါဝင်ပစ္စည်းများဖြင့် ဟင်းပွဲများ ချက်ပြုတ်ရန် စီစဉ်လိုက်သည်။

အလုပ်များနေသည့်နေ့၌ ဆီများလွန်းသောအစားအသောက်များစားရန် မသင့်တော်သောကြောင့် ချင်းရှင်းက လတ်ဆတ်၍ အရသာရှိသော ဟင်းပွဲများကို ချက်ပြုတ်ရန် စဉ်းစားလိုက်သည်။


ချင်းရှင်းက မှိုစွပ်ပြုတ်နှင့် မွှေကြော် သုံးမျိုး ချက်ပြုတ်ရန် စီစဉ်ထားခဲ့သည်။

ပထမဆုံး အနေဖြင့် ချင်းရှင်းက အာလူးများကို အမျှင်ဖြစ်အောင် လှီး၍ ဆယ်စက္ကန့်ကြာအောင် ရေဆေးကာ ရေဖြည့်ထားသော ဇလုံထဲတွင် ထည့်ပြီး ရေစိမ်ထားလိုက်သည်။

အာလူးများကို စိမ်ထားချိန်၌ ချင်းရှင်းက မုန်လာဥနီကို အမျှင်ဖြစ်အောင် လှီးလိုက်သည်။

ပထမဆုံး မွှေကြော်ဟင်းပွဲအတွက် ချင်းရှင်းက တိုဟူးကို ချက်ပြုတ်ရန် စီစဉ်ထားခဲ့သည်။

တိုဟူးက အဆီမပါဘဲ ခန္ဓာကိုယ်အတွင်းရှိ ပရိုတင်းဓာတ်ကို ဖြည့်တင်းပေးနိုင်သည်။

ချင်းရှင်းက တိုဟူးကို အတုံးလိုက် လှီးဖြတ်ပြီး ကြက်ဥများကို ခေါက်လိုက်သည်။

ပထမဦးစွာ အတုံးလိုက်လှီးထားသော တိုဟူးများကို

ကော်မှုန့်ဖြင့် လှိမ့်ပြီးနောက် ကြက်ဥအရည်ထဲ စိမ်လိုက်သည်။

ထို့နောက် ချင်းရှင်းက အိုးထဲသို့ ဆီထည့်ကာ တိုဟူးများကို နှစ်ဖက်လုံး ရွှေရောင်သန်းလာသည်အထိ ကြော်လိုက်သည်။

ပြီးနောက် ပြင်ဆင်ထားသော အနှစ်ရည်ကို အိုးထဲသို့ လောင်းချကာ ခဏကြာအောင် ကြော်ပြီးနောက် နောက်ဆုံး၌ အပေါ်မှ ကြက်သွန်မြိတ်ကို ဖြူးလိုက်သည်။

ထိုအချိန်တွင် ရေစိမ်ထားသော အာလူးများက ရနေပြီ ဖြစ်‌သဖြင့် ချင်းရှင်းက ရေဆူအိုးတည်ကာ အာလူးနှင့် မုန်လာဥနီများကို ထည့်ပြုတ်လိုက်သည်။

ထို့နောက် ရေအေးထဲသို့ ထပ်မံစိမ်ပြီးနောက် အရသာထည့်ကာ အိုးထဲ၌ မွှေကြော်လိုက်သည်။

နောက်ထပ် ဟင်းပွဲမှာ ကိုက်လန်ကြော် ဖြစ်သဖြင့်
ချင်းရှင်းက ကိုက်လန်ကို ရေဆေး သန့်စင်ပြီးနောက် ဆားနှင့်ဆီတစ်ဇွန်းကို ရေဆူအောင် တည်ထားသော

အိုးထဲသို့ထည့်ကာ ကိုက်လန်ကို ထည့်လိုက်သည်။

ခဏအကြာတွင် ချင်းရှင်းက ကိုက်လန်ကို ဆယ်ထုတ်ကာ အပေါ်မှ စပ်ထားသော အနှစ်ရည်နှင့် ဆီပူကို လောင်းထည့်လိုက်သည်။

တတိယဟင်းပွဲမှာ ရိုးရှင်း၍ စားရလွယ်သော လယ်သမား ဝက်သားကြော် ဖြစ်သည်။

ချင်းရှင်းက အိုးထဲသို့ ဆီလောင်းထည့်ပြီး ပွက်ပွက်ဆူအောင် တည်လိုက်ကာ ကြက်သွန်ဖြူနှင့် ဝက်ဗိုက်သားများကို ထည့်ကြော်လိုက်သည်။

ဝက်သားများ အဝါရောင်ပြောင်းလာပြီးနောက် ငရုတ်ဆီတစ်ဇွန်းထည့်ကာ ခဏကြာ မွှေကြော်၍ အိုးထဲမှ ချလိုက်သည်။

ဟင်းပွဲများ အကုန် ချက်ပြီးနောက် ချင်းရှင်းက ဟင်းသုံးပွဲနှင့် စွပ်ပြုတ်တစ်ပွဲကို အိတ်ကြီးတစ်လုံးထဲသို့ ထည့်ထားလိုက်သည်။

ဟူရှင်းကောက မေ့ကုန်းလန်ထံမှ ချင်ရှင်း၏ ဆိုင်က

ယနေ့အစောကြီး ပိတ်သည်ကို သိထားသောကြောင့် ဆိုင်သို့ စောစော ရောက်လာခဲ့သည်။

ချင်းရှင်းက ဟူရှင်းကောထံ ပါဆယ်ထုပ်ကို ပေးလိုက်ပြီး "အစ်ကိုဟူ ဒီဟင်းတွေကို မစ္စတာကုတို့ဆီ ပို့ပေးပါ" ဟုပြောလိုက်သည်။

ဟူရှင်းကောက ကုဝူယွီ၏ ပရိသတ် အကြီးစား ဖြစ်သဖြင့် ချင်းရှင်းက အစားအသောက် ပို့ခိုင်းလာသောအခါ အလွန်ပျော်ရွှင်သွားပြီး "စိတ်ချပါ ရှောင်ရှင်း။ ငါ့တာဝန်ကို ကျေပွန်အောင် လုပ်ပါ့မယ်" ဟုကတိပေးလိုက်သည်။

မေ့ကုန်းလန်က ပြုံးပြီး "ရှင်းကောတော့ ပျော်နေ‌တော့မှာပဲ" ဟုပြောလိုက်သည်။

ဟူရှင်းကောဆိုင်မှ ထွက်သွားသောအခါ ထန်မန်ရင်းကလည်း အလုပ်ပြီးသွားသဖြင့် အရင်ပြန်သွားခဲ့သည်။

မေ့ကုန်းလန် နှင့် ချင်းရှင်းတို့က ဟူရှင်းကော ပြန်အလာကို စောင့်ဆိုင်းရင်း မနက်ဖြန် မနက်အတွက် ပါဝင်ပစ္စည်းများကို ပြင်ဆင်နေခဲ့သည်။


နာရီဝက်အကြာတွင် ပေါင်မုန့်လုံးအတွက် ဂျုံမှုန့်များကို နယ်ပြီး လှီးဖြတ်ပြီးသွားသော်လည်း ဟူရှင်းကောက ပြန်မလာသေးပေ။

"ဒါနဲ့ ရှင်းကောက ဘာလို့ ပြန်မလာသေးတာလဲ"

မေ့ကုန်းလန်က ဟူရှင်းကောကို စိုးရိမ်ကာ ပြောလိုက်သည်။

တောင်တက်လမ်းက ကောင်းမွန်စွာ ပြုပြင်ထားသဖြင့် အသွားအပြန် ဖြည်းဖြည်းချင်း မောင်းနှင်လျှင်ပင် ဆယ့်ငါးမိနစ်ခန့်သာ ကြာမည်ဖြစ်သည်။

"ခဏနေရင် ရောက်လာတော့မှာပါ"

ကုဝူယွီ နှင့် လုယိမင်ကို ရှာဖွေရန် ဟူရှင်းကောအတွက် အချိန်အနည်းငယ်ယူရမည်ဟု ချင်းရှင်းက ခန့်မှန်းကာ ထိုသို့ပြောလိုက်သည်။

သို့သော် မိနစ်လေးဆယ်ကြာသည်အထိ ဟူရှင်းကောက ပြန်မလာသေးပေ။


ထို့ကြောင့် ချင်းရှင်းက မေ့ကုန်းလန်အား "အစ်ကိုရှင်းကောကို ဖုန်းခေါ်ကြည့်ပါဦး အစ်မ ကုန်းလန်" ဟုပြောလိုက်သည်။

"အေး ဟုတ်သားပဲ။ ဖုန်းဆက်ဖို့ မေ့နေတယ်။ ကြည့်ပါဦး"

မေ့ကုန်းလန်က လက်ကိုင်ဖုန်းကို ထုတ်လိုက်ပြီး ဖုန်းခေါ်လိုက်ရာ ဟူရှင်းကောထံသို့ ဖုန်းခေါ်၍ မရခဲ့ပေ။

ထိုအခါ ချင်းရှင်းက လက်ထဲမှ ဂျုံမှုန့်ထုတ်ကို ချလိုက်ပြီး "ကျွန်မ အပြင်ကို သွားကြည့်လိုက်ဦးမယ်" ဟုပြောကာ ခြံဝင်းဆီသို့ လျှောက်သွား၍ တောင်ပေါ်သို့ လှမ်းကြည့်လိုက်သည်။

သို့သော် တောင်ပေါ်၌ ကားမီးရောင် မတွေ့သဖြင့် ဟူရှင်းကောက တောင်ပေါ်မှ ဆင်းမလာသေးကြောင်း သိလိုက်ရသည်။

ထို့ကြောင့် ချင်းရှင်းက နောက်ထပ် ငါးမိနစ်ခန့် စောင့်ပြီးနောက် "ကျွန်မ တောင်ပေါ်ကို လိုက်ကြည့်လိုက်ဦး

မယ် အစ်မကုန်းလန်" ဟုပြောလိုက်သည်။

"ငါလည်း နင်နဲ့ တူတူလိုက်ခဲ့မယ်"

မေ့ကုန်းလန်က လက်ကို အမြန်ဆေးကြောပြီး ချင်ရှင်း၏နောက်သို့ လိုက်သွားခဲ့သည်။

အပြင်ဘက်၌ မှောင်နေပြီ ဖြစ်သည့်အပြင် ဆင်ခြေဖုံးရပ်ကွက် ဖြစ်နေသဖြင့် မိန်းကလေးတစ်ယောက်တည်း တောင်ပေါ်သို့ တက်သွားရန် မသင့်လျော်လှပေ။

ထို့အပြင် မေ့ကုန်းလန်က ဟူရှင်းကောကိုလည်း စိုးရိမ်နေခဲ့သည်။

မေ့ကုန်းလန်က ဟူရှင်းကောကို ဖုန်းထပ်မံခေါ်ဆိုလိုက်သော်လည်း ဆက်သွယ်၍ မရသေးပေ။

!!.....!!
..........................................
.........................................

အပိုင်း (၅၇) ပြီးပါပြီ။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now