Chapter 4
ထူးဆန်းသည်က သူမအိတ်ထဲတွင် ယွမ် ၂၀သာကျန်တော့သော်လည်း ချင်းရှင်း လုံးလုံးမှ စိတ်မပူမိချေ။
ထိုအစား ဆန့်ကျင်ဘက်ပင် ပို၍ယုံကြည်ချက် ရှိနေသေး၏။
ပလတ်စတစ်လောင်းထားသော ဈေးနှုန်းစာရွက်နှင့် ငွေလက်ခံသည့် စာရွက်တို့အား လှည်းထိပ်ရှိ အကာစပေါ်တွင် ကပ်ထားလိုက်သည်။
ထို့နောက် အပေါ်သို့ပြန်တက်ကာ သူမဝယ်လာသော ပုံးများ၊ ဇွန်းများ၊ ဆီသုတ်သည့်အတံစသည့် ပစ္စည်းများကို ဆေးကြောလိုက်ပြီး မေ့ကုန်းချင်ထံမှ ပထမထပ်ရှိ မီးဖိုချောင်အား ခဏငှားသုံးလိုက်၏။
အရင်ဦးဆုံးအနေဖြင့် သူမလက်များကို သန့်ရှင်းအောင် သေချာဆေးကြောလိုက်သည်။ ထို့နောက် ဂျုံမှုန့်နှင့် ပြောင်းမှုန့်အိတ်ကို ဖွင့်ကာ ဂျုံမှုန့် တစ်ကက်တီနှင့် ပြောင်းမှုန့်အနည်းငယ်ယူ၍ ဂျုံမှုန့်ညက်သည်အထိ သမအောင် ရောနယ်ကာ နံဘေးတွင် ဖယ်ထားလိုက်သည်။
ပြီးနောက် ဂျုံမှုန့်နှင့် ပြောင်းမှုန့် ၂၀၀ဂရမ် ထပ်ယူကာ ရေနှင့်ရော၍ ဇလုံကြီးတစ်ခုထဲတွင်ထည့်မွှေလိုက်ပြီး နံဘေးသို့ ချထားလိုက်သည်။
ဂျုံမှုန့်များ ပြင်ပြီးသောအခါ သူမဝယ်လာသောအထဲမှ ဆလပ်တစ်ထုပ်ယူ၍ ဆေးကြောလိုက်ပြီး အရွက်များဖဲ့ကာ ဖယ်ထားလိုက်ပြန်သည်။
ထို့နောက် အောက်ထပ်သို့ ပြေးဆင်းသွားပြီး အိုးထဲသို့ မီးထည့်လိုက်၏။
မေ့ကုန်းချင်မှာ ချင်းရှင်းတစ်ယောက် မီးဘယ်လိုမွှေးရမည်ကိုပင် သိနေလိမ့်မည်ဟု ထင်မထားမိသဖြင့် ချင်းရှင်း၏ ခက်ခဲကြမ်းတမ်းသော ဘဝနှင့်ပက်သက်ပြီး ပိုသံသယဝင်လာတော့သည်။
ချင်းရှင်းကမူ မီးမွှေးပြီးနောက် ပထမထပ်သို့ပြန်တက်ကာ လက်ကိုဆေးကြောလိုက်ပြီး မုန့်သားအား အချပ်လေးများဖြစ်အောင် ဖြတ်ကာ အပေါ်၌ အမြှောင်းရာပေါ်အောင် လှီးလိုက်သည်။ (T/N note: ဒီမုန့်သားချပ်ဆိုတာ ဆိုင်တွေမှာဝယ်လို့ရတဲ့ ရယ်ဒီမိတ် ဖက်ထုပ်ရွက်လိုဟာမျိုးကို နည်းနည်းပိုထူတာနဲ့ တူလိမ့်မယ်။ တရုတ်ကော်ပြန့်လုပ်တဲ့အခါ ဒီမုန့်သားချပ်ကို ကြော်ထားတဲ့ မုန့်ကြွပ်ကို ကော်ပြန့်ထဲက အစာသွပ်သဘောမျိုး ထည့်တာပါ)
ထို့နောက် သူမဝယ်လာသော အိုးထဲသို့ ဆီထည့်၍ အရာပေးထားသော မုန့်ချပ်များကို အရောင်ပြောင်းသည်ထိ ကြော်လိုက်ပြီး နံဘေးတွင် ဆီစစ်ထားလိုက်သည်။
မုန့်ကြွပ်ချပ် တစ်ပေါင်ခန့်အား ကြွပ်ကြွပ်ရွရွလေးဖြစ်သည်ထိ ကြော်ပြီးနောက် အအေးခံထားလိုက်၏။ ထို့နောက် အေးသွားသည်နှင့် အိတ်တစ်လုံးထဲသို့ လေလုံအောင်ထည့်လိုက်ကာ ဝက်အူချောင်း ၃ချောင်း၊ ကြက်ဥသုံးလုံးနှင့် နှယ်ထားသော မုန့်နှစ်ဇလုံကိုယူကာ အောက်ထပ်သို့ ပြန်ဆင်းလိုက်သည်။
မေ့ကုန်းချင်နှင့် ဟူရှင်းကောတို့မှာ ချင်းရှင်းတစ်ယောက် အပေါ်တက်လိုက်၊ အောက်ဆင်းလိုက်ဖြင့် အလုပ်များနေသည်ကို စောင့်ကြည့်နေကြလေသည်။
ချင်းရှင်း ပထမဆုံးအနေဖြင့် သံဒယ်ပြားပေါ်တွင် ဆီသုတ်တံဖြင့် ဆီသုတ်လိုက်၏။ ထို့နောက် မုန့်နှစ်ဇလုံထဲမှ မုန့်နှစ်တစ်ဇွန်းခပ်ကာ သံဒယ်ပြားပေါ် တင်လိုက်ပြီး သစ်သားပြားဖြင့် ဂျုံနှစ်များကို ပြန့်သွားအောင် အမြန်ဖြန့်လိုက်သည်။ ဘယ်လက်ဖြင့် ကြက်ဥတစ်လုံးကောက်ယူကာ ခွဲလိုက်ပြီး မုန့်နှစ်ပေါ်တွင် ဆက်ဖြန့်လိုက်သည်။
မုန့်မှာ ချက်ချင်းကျက်သွားပြီး အဝါဖျော့ဖျော့မှ ရွှေရောင်ပြောင်းသွားလေသည်။ အပူရှိန်အနေတော်ဟု ခံစားရသည်နှင့် ချင်းရှင်း မုန့်ကို တစ်ဖက်လှန်ကာ အပေါ်မှ ငရုတ်ဆော့စ် တစ်လွှာသုတ်လိုက်၏။ ထို့နောက် ငရုတ်ဆော့စ်အပေါ်၌ ဝက်အူချောင်းကို လေးပိုင်းခွဲ၍ ထပ်တင်လိုက်သည်။ မုန့်ကြွပ်ချပ်နှင့် ဆလပ်ရွက်များကို အပေါ်မှ သေသပ်စွာတင်လိုက်ပြီး နောက်ဆုံး၌ ကြက်သွန်နီနှင့် နံနံပင်အချို့အား ဖြူးလိုက်သည်။ ထို့နောက် မုန့်အား အလျင်အမြန်လိပ်ကာ နှစ်ပိုင်းပိုင်းလိုက်ပြီး စက္ကူနှင့်ထုပ်လိုက်၏။
ပထမဆုံး တရုတ်ကော်ပြန့်အား အောင်မြင်စွာလုပ်နိုင်လိုက်သဖြင့် ချင်းရှင်း တက်ကြွစွာပင် စူပါမားကတ်ထဲရှိ မေ့ကုန်းချင်ထံ ယူသွားကာ လှမ်းပေးလိုက်သည်။
မေ့ကုန်းချင် လှမ်းယူလိုက်ချိန်၌ မုန့်က ပူပူနွေးနွေးလေး ဖြစ်နေဆဲပင်။ “စောစောတည်းက အနံ့တွေရနေတာ”
“မြည်းကြည့်ပါဦး” ချင်းရှင်း ပြောလိုက်သည်။
မေ့ကုန်းချင်က မုန့်အား တစ်ကိုက်ကိုက်ကြည့်လိုက်သည်။ သူမဘဝတွင် ယခင်က တရုတ်ကော်ပြန့် မစားဖူးတာ မဟုတ်သော်လည်း ဤမျှအရသာရှိသော တရုတ်ကော်ပြန့်အား စားဖူးသည်ကတော့ ယခုမှ ပထမဆုံးဖြစ်သည်။
ကြက်ဥကိုမမြင်ရသော်လည်း မုန့်ချပ်၌ ကြက်ဥကို သေချာဖြန့်ထည့်ထားကြောင်း ပြောနိုင်ပြီး မုန့်ကြွပ်အရသာကလည်း ကြွပ်ရွရွ ဘီစကစ်ချပ်လိုပင်။ တစ်ကိုက်ကိုက်ကြည့်လိုက်သည်နှင့် မုန့်က ကြွပ်ရွနေပြီး ဝက်အူချောင်းအရသာကပင် ခံတွင်းတွေ့နေလေသည်။
မေ့ကုန်းချင် ခေါင်းတဆတ်ဆတ် ညိတ်လိုက်ရင်း “အရသာရှိလိုက်တာ။ မင်း ဒီလောက်အရသာရှိတဲ့ အဆာပြေသွားရေစာမျိုး လုပ်နိုင်လိမ့်မယ်လို့ အစ်မတစ်ကယ်ကို ထင်မထားမိတာ”
“အစ်မမေ့ကြိုက်လို့ တော်သေးတယ်”
ချင်းရှင်း ပြန်ပြောပြီးနောက် မုန့်လုပ်သည့်နေရာသို့သွားကာ နှစ်ခုထပ်လုပ်လိုက်သည်။ တစ်ခုက အစ်ကိုဟူအတွက်ဖြစ်ပြီး ဟူရှင်းကောကလည်း သူမမုန့်အား အလွန်ချီးကျူးပေးလေသည်။ ကျန်တစ်ခုကတော့ သူမကိုယ်တိုင်အတွက်ဖြစ်သည်။
ချင်းရှင်း ထိုမုန့်အား အခန်းဆီပြန်သယ်လာပြီး မစားခင် မီးဖိုချောင်အား အရင်ဆုံးသန့်ရှင်းရေး သွားလုပ်ပေးမည်ဟု တွေးနေစဥ်မှာပင် သူမကြားဖူးသော ထိုစက်ရုပ်သံအား နောက်တစ်ကြိမ် ထပ်ကြားလိုက်ရ၏။ “Customer 08277 မှာ ရောင်းဝယ်ရေးလွင်ပြင်စနစ်အတွင်း ဝင်ရောက်ရန် အသင့်ဖြစ်ပါပြီ”
“Customer 08277 မှ ရောင်းချမည့်ပစ္စည်းများအား ရှာဖွေနေပါသည်”
အရင်တစ်ကြိမ်နှင့်မတူပဲ ပစ္စည်းစာရင်းတွင် တရုတ်ကော်ပြန့်ဟူ၍ တစ်ခုထပ်တိုးနေပြီး ထိုအကွက်ကလေးက လင်းနေလေသည်။
ထိုပုံအား ချင်းရှင်း နှိပ်ကြည့်လိုက်ရာ ဒင်ဟူသော အသံတစ်ချက် မြည်လာခဲ့သည်။
ထို့နောက် စနစ်အသံက ထပ်ပေါ်လာပြီး “လဲလှယ်မှတ် တစ်မှတ်၊ လဲမည်ဆိုလျှင် နှိပ်ပါ”
ထိုအမှတ်က ဘာအတွက်မှန်း ချင်းရှင်းမသိချေ။ သို့သော်လည်း ခဏတွေးကြည့်လိုက်ပြီးနောက် လဲလှယ်ရေးခလုတ်အား နှိပ်ပစ်လိုက်၏။ အဆိုးဆုံးမှ တရုတ်ကော်ပြန့်လေးတစ်ခုသာ သူမဆုံးရှုံးမှာဖြစ်သည်။
“လဲလှယ်ခြင်း အောင်မြင်ပါသည်။ Customer 08277 ၏လက်ရှိအမှတ်: တစ်မှတ်”
ထို့နောက် အမှတ်ဘေး၌ ပစ္စည်းနှစ်ခု တစ်ပြိုင်တည်းပေါ်လာ၏။ နှစ်ခုလုံးက တစ်မှတ်ဖြင့် လဲလှယ်နိုင်သော အရာများဖြစ်သည်။
ထိုအရာနှစ်ခုက အရိုးကြံ့ခိုင်ဆေးလုံးနှင့် အလှအပဆေးလုံးဟူ၍ပင်။
ချင်းရှင်း ဘာလဲရမလဲ ဝေခွဲမရဖြစ်နေစဥ်မှာပင် စက်ရုပ်သံက နောက်တစ်ကြိမ်ပေါ်လာ၏။ “စစ်ဆေးကြည့်ပြီးနောက် Customer 08277 ၏ လက်ရှိအရိုးများ အခြေအနေမှာ နိမ့်နေပါသဖြင့် အရိုးကြံ့ခိုင်ဆေးလုံးအား လဲလှယ်ရန် အကြံပြုပါသည်”
အခြေအနေ နိမ့်တယ်၊ ချင်းရှင်း ဒေါသထွက်သွားရ၏။ ငါက အခုမှ အသက်၂၁နှစ်ပဲ ရှိသေးတဲ့အပြင် သန်သန်မာမာ ဖျတ်ဖျတ်လတ်လတ်ကြီးကို ဘယ်လိုလုပ် အခြေအနေမကောင်းဘူးလို့ ယူဆလိုက်တာလဲ။
“လဲလှယ်မှု အောင်မြင်ပါသည်။ Customer 08277 ရောင်းဝယ်ရေးလွင်ပြင်စနစ်အတွင်းမှ ထွက်ခွာပါမည်”
စားပွဲပေါ်ရှိ မုန့်မှာပျောက်သွားပြီး ၎င်းနေရာ၌ လုံးဝန်းသောပစ္စည်းလေးတစ်ခု ရောက်နေသည်ကို ချင်းရှင်းတွေ့လိုက်ရသည်။
တစ်ခဏအတွင်းမှာပင် သူမအရိုးတစ်လျှောက် အေးစိမ့်သွားသည်ကို ခံစားလိုက်ရသည်။ တစ်နေကုန် အလုပ်ရှုပ်နေသဖြင့် မူလက အနည်းငယ်ပင်ပန်းသလို ခံစားနေရသော်လည်း ထိုအရိုးကြံ့ခိုင်ဆေးလုံးတစ်လုံးက သူမကိုယ်ထဲရှိ ပင်ပန်းနွမ်းနယ်မှုအားလုံး ပျောက်ကွယ်သွားစေနိုင်လိမ့်မည်ဟု ချင်းရှင်း မျှော်လင့်မထားမိချေ။
ဆေးလုံးက အလွန်စွမ်းနေသဖြင့် ချင်းရှင်းကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်နေမိသည်။ ‘ဒီလိုဆိုရင် အဲဒီလိုဆေးတစ်လုံးကို တရုတ်ကော်ပြန့်တစ်ခုတည်းနဲ့ ရလိုက်တာပေါ့။ ငါတစ်ကယ်ကို မြတ်သွားတာပဲ’
မီးဖိုချောင်အား မရှင်းရသေးသဖြင့် တော်သေး၏။ ချင်းရှင်း အောက်ပြန်ဆင်းကာ မရှင်းလင်းခင် မုန့်တစ်ခုထပ်လုပ်လိုက်သည်။
တစ်ကိုက်ကိုက်ကြည့်လိုက်ပြီးနောက် သူမစိတ်ထဲတွင်တော့ မုန့်က အစ်မမေ့နှင့် တစ်ခြားသူများပြောသလောက် မကောင်းဟု ခံစားလိုက်ရလေသည်။ ငရုတ်ဆော့စ်အရသာက သာမန်သာဖြစ်ပြီး ဝက်အူချောင်းအရသာကလည်း တော်တော်ပျောက်သွား၏။ အပြင်မုန့်သားနှင့် မုန့်ကြွပ်ချပ်များကသာ အဆင်ပြေလေသည်။
မုန့်အားလက်စသတ်ကာ မီးဖိုချောင်အား သေချာသန့်ရှင်းလိုက်ပြီးမှ အနားယူရန်အတွက် ချင်းရှင်း အပေါ်ပြန်တက်လာခဲ့လေသည်။