အပိုင်း (၁၂)
"ဒီချဉ်စပ်ခေါက်ဆွဲကို ပါးစပ်ထဲမှာ ခဏဝါးပြီး မျိုချလိုက်ရင် အစပ်အရသာနဲ့ ငရုတ်သီးရဲ့ မွှေးရနံ့က စွဲကျန်နေတာပဲ။ ၆ယွမ်တန်နဲ့ ၁၀ယွမ်တန် ခေါက်ဆွဲရဲ့ ကွာခြားချက်က ဘာလို့များ ဒီလောက်ကြီးနေရတာလဲ"
လုယိမင်က စိတ်ထဲမှ ထိုသို့တွေးနေသော်လည်း သူ၏ လက်များက ခေါက်ဆွဲကို ပါးစပ်ထဲသို့ အဆက်မပြတ် ထည့်နေဆဲဖြစ်သည်။
ပူပူနွေးနွေး ချဉ်စပ် ခေါက်ဆွဲပြုတ် တစ်ပန်းကန်လုံးကို စားပြီးသောအခါ လုယိမင်က ဗိုက်တင်းသွားပြီးအနည်းငယ် မှိန်းနေလိုက်သည်။
ထို့နောက် အိတ်ထဲမှ ကြက်ဥနှပ်များကို ကြည့်ပြီး ခဏကြာ စဉ်းစားလိုက်သည်။
"အခွံနွှာပြီးပဲ စားလိုက်ရမလား၊ ဒါမှမဟုတ် အခွံကို အက်အောင်လုပ်ပြီး အရည်ထဲထည့်နှပ်ပြီးမှ စားရင် ပိုကောင်းလောက်မလား"
နောက်ဆုံးတွင် လုယိမင်က ချက်ချင်းစားရန် ဆုံးဖြတ်လိုက်ပြီး ကြက်ဥနှပ်ကို အခွံနွှာပြီး တစ်ကိုက်ကိုက်လိုက်ကာ "ကြက်ဥထဲက ဆော့စ်က အရမ်းကောင်းတာပဲ။ ဒီကလေးမလေးက လက်ရာ တော်တော်ကောင်းတယ်။ အဲ့ဒါကြောင့် လူတွေ အများကြီး တန်းစီပြီး ဝယ်နေကြတာ မဆန်းပါဘူး" ဟုချီးမွမ်းလိုက်သည်။
စားသောက်ပြီးနောက် လုယိမင်က အရှေ့ခုံကို သန့်ရှင်းရေး လုပ်လိုက်ကာ အနောက်ခုံမှ ကုဝူယွီလည်း စားသောက်ပြီးသွားသဖြင့် အနောက်ခုံကို သန့်ရှင်းရေး လုပ်ပေးလိုက်သည်။
ထို့နောက် လေကောင်းလေသန့်ရစေရန်နှင့် အနံ့အသက်များ ထွက်သွားရန် ကားပြတင်းပေါက်များကို ဖွင့်လိုက်သည်။
စိတ်ထဲ၌လည်း "ငါတို့ ဒီလိုမျိုး လမ်းဘေးဆိုင်က အစားအသောက်တွေ စားရတာကို ကြိုက်နေလိမ့်မယ်လို့ မထင်ထားဘူး" ဟုတွေးတောလိုက်သည်။
ချင်းရှင်းက ညနေ အိမ်ပြန်ရောက်သောအခါ မနက်အစောပိုင်းက သူမထံမှ မနက်စာလာဝယ်ခဲ့သော ချောမောသည့် ကောင်လေးကို ရုတ်တရက် သတိရသွားခဲ့သည်။
ထိုကောင်လေးက Weibo ၌သူမ၏လိပ်စာကိုတောင်းခဲ့သူတစ်ဦးလားဟု သိချင်လာသောကြောင့် အတည်ပြုရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် Weibo ကိုဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ဖုန်းက ရပ်တန့်သွားပြီး လွတ်နေသောမျက်နှာပြင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအခါ ချင်းရှင်းက အံ့သြသွားပြီး "ဒီဖုန်းကို ငါဝယ်ထားတာ မကြာသေးပါဘူး။ ဘာလို့ ပျက်သွားတာပါလိမ့်" ဟုတစ်ယောက်တည်း ရေရွတ်လိုက်သည်။
ထို့နောက် ခဏစောင့်ကြည့်လိုက်သောအခါ သူမ၏ weibo ၌ 99+ မှတ်ချက်များနှင့် 99+ မက်ဆေ့ချ်များကို မြင်လိုက်ရသဖြင့် ချင်းရှင်းက အံ့ဩသွားခဲ့သည်။
မှတ်ချက်များနှင့် မက်ဆေ့ချ်များအားလုံးကို ဖတ်ပြီးနောက်တွင် သူမသည် အဖြစ်အပျက်များကို သိရှိသွားခဲ့သည်။
"ရှောင်ဝေတုံတုံဆိုတာက တကယ်တော့ နာမည်ကြီးတဲ့ အစားအသောက် ဘလော့ဂါ တစ်ယောက်ပဲ။ သူက ငါ့ဆိုင်က အစားအသောက်တွေ အကြောင်းကို ရေးတင်ထားလို့ ငါ့အကောင့်မှာ follower တွေအများကြီး တိုးလာတာပဲ"
ချင်းရှင်းက ရှောင်ဝေတုံတုံ၏ Weibo အကောင့်ကို ဝင်ကြည့်ပြီး ရှောင်ဝေတုံတုံ၏ သုံးသပ်ချက်ကို ဖတ်ကြည့်လိုက်သည်။
[ရှောင်ဝေတုံတုံ- ဒီအစားအသောက်တွေရဲ့ အရမ်းကောင်းတဲ့ အရသာကို မျှဝေပေးနိုင်တာက ကျွန်တော် ကံကောင်းတယ်လို့ ပြောလို့ရတယ်။ ကျွန်တော် ပြောချင်တာက နည်းနည်းများလို့ အချိန်ပေးပြီး ဖတ်ပေးကြပါ။ အစတုန်းက ကျွန်တော် တရုတ်ကော်ပြန့်မုန့်ပုံ တစ်ပုံတည်းပဲ တင်ထားတဲ့ ဒီ Weibo အကောင့်လေးတစ်ခုကို မှားဝင်ကြည့်မိသွားတယ်။ အဲ့တုန်းကတော့ တရုတ်ကော်ပြန့်မုန့်ပုံ တစ်ခု
တည်း တင်ထားတဲ့ ဒီအကောင့်ကို ရှင်းရှင်းရဲ့ အစားအသောက်ကမ္ဘာလို့ နာမည်ပေးထားလို့ ထူးဆန်းမိသွားတယ်။ ဒါပေမယ့် ပုံထဲက တရုတ်ကော်ပြန့်မုန့်ရဲ့ ပုံစံက အရမ်းစားကောင်းမယ့်ပုံ ပေါက်နေလို့ ဆိုင်ရဲ့ လိပ်စာကို တောင်းဖို့အတွက် ကျွန်တော် အဲ့အကောင့်ကို သီးသန့်မက်ဆေ့ချ် သွားပို့ခဲ့တယ်။ ဒါပေမယ့် အကောင့်ပိုင်ရှင်က စာပြန်တာ နည်းနည်း နောက်ကျတော့ နည်းနည်းကြာမှ လိပ်စာရခဲ့တယ်။ အံ့သြဖို့ကောင်းတာက အဲ့ဆိုင်က မြို့တော်T မှာ ရောင်းချနေတယ်ဆိုတာကို သိလိုက်ရတယ်။ အဲ့ဒါနဲ့ပဲ အစားအသောက် ကောင်းကောင်းစားချင်တာကြောင့် စမ်းစားကြည့်ဖို့ ဆုံးဖြတ်ပြီး နေသာတဲ့နေ့တစ်နေ့မှာ ကျွန်တော် အဲ့ဆိုင်ဆီ ထွက်လာခဲ့လိုက်တယ်။ ကျွန်တော် မြို့တော်T ကိုရောက်တော့ ညနေစောင်းသွားပြီး အဲ့ဒီလိပ်စာဆီကို ကျွန်တော်ရောက်သွားတယ်။ ဒါပေမယ့် အဲ့နေရာမှာ ဆိုင်ရှာမတွေ့တာနဲ့ ဒေါသထွက်ပြီး အကောင့်ပိုင်ရှင်ကို မက်ဆေ့ချ်ပို့ခဲ့ပေမယ့် သူက စာမပြန်ခဲ့ဘူး။ နောက်ဆုံး ညဘက်ရောက်မှ သူက စာပြန်လာတယ်။ ကျွန်တော်ရောက်တဲ့အချိန်မှာ သူကရောင်းကုန်ပြီမို့လို့ နောက်နေ့ စောစောလာခဲ့လို့ သူက ပြောတယ်။ အဲ့လိုနဲ့ပဲ နောက်တစ်နေ့ မနက် ခြောက်နာရီမှာ အိပ်ရာ
စောစောထပြီး ကျွန်တော် အဲ့လိပ်စာအတိုင်း အရောက်သွားလိုက်တယ်။ အဲဒီ့မှာပဲ ခုပုံတင်ထားတဲ့ အရမ်းကောင်းတဲ့ အစားအသောက်တွေကို မှာစားခဲ့လိုက်တယ်]
[မှတ်ချက်- ကျွန်တော် အားလုံးကို မှာစားခဲ့ပေမဲ့ ၆ယွမ်တန် ခေါက်ဆွဲ၊ ၁ဝယွမ်တန် ချဉ်စပ်ခေါက်ဆွဲ နဲ့ ကြက်ဥနှပ်ပုံပဲ ရိုက်ထားမိလိုက်တယ်။ ခေါက်ဆွဲ နှစ်မျိုးရဲ့ ကွာခြားချက်ကတော့ ငရုတ်ဆီပဲ။ တရုတ်ကော်ပြန့်မုန့်ကို ကိုက်လိုက်တာနဲ့ အရာအားလုံး မေ့သွားပြီး အစားအသောက်ဘလော့ဂါ လုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် ဓာတ်ပုံမရိုက်ခဲ့လိုက်ရဘူး။ ချဉ်စပ်ခေါက်ဆွဲတစ်ပွဲ ဆယ်ယွမ်ကလည်း တကယ်တန်တယ်။ အဓိကက အဲ့ထဲမှာ ပါတဲ့ ငရုတ်သီးဆော့စ်က မွှေးပြီး အရမ်းစားကောင်းတယ်။ ကြက်ဥနှပ်ကလည်း အချိန်အကြာကြီး နှပ်ထားတာမျိုး မဟုတ်ဘဲ တင်းတင်းလေးနဲ့ အရသာမှန်တယ်]
ထိုပို့စ်၌ မှတ်ချက်ပေါင်း တစ်သောင်း ကျော်သွားခဲ့ပြီး ချင်းရှင်းက လူကြိုက်အများဆုံး တစ်ချို့ကို သတိပြုမိသွားခဲ့သည်။
ချင်းရှင်းက ရှောင်ဝေတုံတုံ၏ Weibo အကောင့်ကို
tag ပြီး "မင်းကြုံတွေ့ခဲ့ရတဲ့ အဆင်မပြေမှုတွေအတွက် စိတ်မကောင်းပါဘူး၊ နောက်တစ်ခါ မင်းကို တခြားအရသာရှိတဲ့ အစားအသောက်တွေနဲ့ ဧည့်ခံပေးမယ်" ဟူ၍ ရေးသားကာ ပို့စ်တင်လိုက်သည်။
ထို့နောက် "ဖောက်သည် 08277 ပြင်ဆင်ထားပါ။ မကြာခင် ကုန်သွယ်ရေးစနစ်ထဲကို ဝင်ရောက်ပါတော့မယ်" ဟူသော ကြားနေကြ စက်ရုပ်အသံက ထွက်ပေါ်လာခဲ့သည်။
ချဉ်စပ်ခေါက်ဆွဲနှင့် ကြက်ဥနှပ်အတွက် 17 မှတ်ကို စနစ်မှ ရရှိခဲ့ပြီး ချင်းရှင်းက ဆီနှစ်ပုလင်းကို ထပ်မံလဲလှယ်ခဲ့သည်။
ကျန်ရှိနေသော အမှတ်မှာ (၆၃)မှတ် ဖြစ်ပြီး ချင်းရှင်းက အမှတ်များများရရန်အတွက် မနက်စာ မီနူးအသစ်များကို ထပ်မံဖန်တီးရန် လိုအပ်သည်ဟု စဉ်းစားလိုက်သည်။
ချင်းရှင်းက အချိန်အတော်ကြာ စဉ်းစားပြီးနောက် ယာဂုချက်ရန် ဆုံးဖြတ်လိုက်သည်။
ယာဂုအတွက် ချင်းရှင်းက ညတွင်းချင်း ပြင်ဆင်ပြီး မီးနည်းနည်းဖြင့် ဖြည်းဖြည်းချင်း ကြိုချက်လိုက်သည်။
ချင်းရှင်းက ယာဂုကြိုချက်ရန်အတွက် ဟူရှင်းကောထံမှ ဆန်ကို ဝယ်ယူခဲ့သည်။
ချင်ရှင်းက ဟူရှင်းကောတို့၏ စတိုးဆိုင်တွင် တစ်လမပြည့်ခင်၌ ၆၆၅ ယွမ်သုံးစွဲခဲ့ပြီး ပုံမှန်ဖောက်သည်တစ်ယောက်ဖြစ်လာခဲ့သည်။
ချင်းရှင်းက ယာဂုကို မိတ်ဆက်မည့် ပထမဆုံးနေ့ဖြစ်သဖြင့် အရသာကောင်းမွန်စေရန်အတွက် ပထမထပ်ရှိ မီးဖိုခန်းထဲသို့ အချိန်တိုင်း သွားရောက် စစ်ဆေးနေခဲ့သည်။
ယာဂု တူးသွားမည် သို့မဟုတ် ချက်ပြုတ်သည့် အချိန်လွန်သွားမည်ကို ချင်းရှင်းက ကြောက်ရွံ့နေခဲ့သည်။
မနက်ငါးနာရီမထိုးခင်တွင် ကောင်းကောင်း မအိပ်ရသေးသော ချင်းရှင်းက ပြန်ထလာပြီး ဈေးရောင်းချ
ရန် ပစ္စည်းများကို စတင်ပြင်ဆင်တော့သည်။
မနက်ခြောက်နာရီတွင် ချင်းရှင်းက သူမ၏ သုံးဘီးလှည်းကို ထုတ်ကာ မနက်စာရောင်းရန် ထွက်လာခဲ့တော့သည်။
ချင်းရှင်းက လတ်ဆတ်သောဆန်ဖြင့် ပြုလုပ်ထားသော ယာဂုပန်းကန်လုံး အကြီးတစ်လုံးကို ငါးယွမ်ဖြင့် ရောင်းချလိုက်သည်။
အနီးနားတွင်ရှိသော မနက်စာဆိုင် အတော်များများက ပန်းကန်လုံးတစ်လုံးကို တစ်ယွမ်ဖြင့်သာ ရောင်းချသောကြောင့် အစပိုင်းတွင် ဝယ်ယူသူ မရှိခဲ့ချေ။
သို့သော် မကြာခင်၌ ကလေးမျက်နှာနှင့် ကောင်မလေးက ရောက်လာပြီး မီနူးအသစ်ကိုကြည့်ကာ “ယာဂုတစ်ပွဲနဲ့ တရုတ်ကော်ပြန့်တစ်ခု” ဟုမှာလိုက်သည်။
ထိုအခါ ချင်းရှင်းက “ယာဂုက တော်တော်များတယ်နော်။ ပန်းကန်လုံးအကြီးနဲ့ဆို ဗိုက်ပြည့်ပါတယ်။
ကော်ပြန့်ပါ ထပ်စားမယ်ဆို မင်းကုန်မှာ မဟုတ်ဘူး” ဟုအကြံပေးလိုက်သည်။
ထို့နောက် ချင်းရှင်းက အိုးအဖုံးကိုဖွင့်ပြီး ပန်းကန်လုံးကြီးတစ်လုံးအပြည့် ယာဂုကို ခပ်ထည့်လိုက်သည်။
ကလေးမျက်နှာနှင့် ကောင်မလေးက ယာဂုကိုလှမ်းကြည့်လိုက်ပြီး ပန်းကန်လုံးအပြည့် ဖြစ်နေသည်ကို တွေ့လိုက်သောအခါ "ဒါဆို ယာဂုပဲ ယူတော့မယ်" ဟုပြောလိုက်သည်။
ကလေးမျက်နှာနှင့် ကောင်မလေးက ယာဂုတစ်ဇွန်းကို ယူမြည်းလိုက်ပြီးနောက် "ဝိုး ဒါက အမေ့လက်ရာထက်တောင် ပိုကောင်းတယ်။ အရသာရှိပြီး ဗိုက်ထဲမှာ နွေးသွားတာပဲ။ မနက်စာအတွက် အသင့်တော်ဆုံးပဲ။ အရမ်းကြိုက်တယ်" ဟုဝမ်းသာအားရ ပြောလိုက်သည်။
!!.....!!
...…….................................
.........................................
အပိုင်း (၁၂) ပြီးပါပြီ။